သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံလိုက်မုန်တိုင်းကြောင့် ဥတ္တရအလင်းတန်းတွေ တွေ့မြင်


ကနေဒါနိုင်ငံ Vancouver မြို့ကောင်းကင်ယံမှာ ဥတ္တရအလင်းတန်းတွေ တွေ့မြင်ရပုံ
ကနေဒါနိုင်ငံ Vancouver မြို့ကောင်းကင်ယံမှာ ဥတ္တရအလင်းတန်းတွေ တွေ့မြင်ရပုံ

မြောက်ဝင်ရိုးစွန်းဒေသတွေမှာသာ တွေ့မြင်ရလေ့ရှိတဲ့ ဥတ္တရအလင်းတန်းတွေကို အမေရိကတိုက်မြောက်ပိုင်းနဲ့ ဥရောပနိုင်ငံတော်တော်များများမှာ သောကြာနေ့ညက မြင်တွေ့ခဲ့ကြရပါတယ်။ နေလုံးကြီးထဲမှာ ဆက်တိုက် ပေါက်ကွဲမှုကြောင့် ပုံမှန်ထက်ထူးတဲ့ နေရောင်ခြည်နဲ့ သံလိုက်ဓါတ် ပမာဏအများအပြား လွှတ်ထုတ်နေတဲ့အတွက် ကမ္ဘာ့လေထုထဲမှာ သံလိုက်မုန်တိုင်းတွေဖြစ်ပြီး ခုလို ထူးထူးခြားခြား အလင်းတန်းတွေကို တွေ့မြင်နေကြရတာပါ။ နေလုံးကြီးကနေ လွင့်စင်ထွက်လာတဲ့ လျှပ်စစ်စီးနေတဲ့ အမုန်အမွှားတွေ ကမ္ဘာ့လေထုထဲက သံလိုက်စက်ကွင်းနဲ့ ထိတွေ့ပြီး ကောင်းကင်ယံမှာ အစိမ်းရောင်၊ ပန်းရောင်၊ ခရမ်းရောင် စတဲ့ ထူးခြားတဲ့ အရောင်တွေကို ဖြစ်ပေါ်စေတာပါ။

အတိုကောက် G5 ဒါမှမဟုတ် အင်မတန်ပြင်းထန်တဲ့ သံလိုက်မုန်တိုင်းဖြစ်တယ်လို့ အမေရိကန် အဏ္ဏဝါနဲ့ လေထုလွှာဆိုင်ရာ မိုးလေဝသဌာန NOAA က သောကြာနေ့ နှောင်းပိုင်းမှာ ကြေညာပါတယ်။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ နေလုံးကြီးမှာ နောက်ထပ်ပေါက်ကွဲမှုတွေ ဖြစ်နိုင်သေးတယ်လို့လည်း ခန့်မှန်းထားပါတယ်။

၂၀၀၃ ခုနှစ်ထဲကဆိုရင် အပြင်းထန်ဆုံး သံလိုက်မုန်တိုင်းကြောင့် အော်ရိုရာ ဘိုရီရဲလစ် (Aurora Borealis) လို့ပြောကြတဲ့ ဥတ္တရအလင်းတန်းကြီးတွေကို အမေရိကန်မှာ တောင်ပိုင်း Alabama ပြည်နယ်အထိ မြင်တွေ့ရနိုင်တယ်လို့ NOAA ကပြောထားပါတယ်။

သံလိုက်မုန်တိုင်းကြောင့် ကမ္ဘာနဲ့ နီးကပ်တဲ့ လမ်းကြောင်းထဲ လည်ပတ်နေတဲ့ ဆက်သွယ်ရေးဂြိုလ်တုတွေနဲ့ ကမ္ဘာမြေပြင်က ဂြိုလ်တုအခြေခံ ဆက်သွယ်ရေးလုပ်ငန်းတွေ အသံလွှင့်လုပ်ငန်းတွေနဲ့ ဓါတ်အားပေးလုပ်ငန်းတွေ ထိခိုက်နိုင်တယ်လို့ NOAA ကသတိပေးထားပါတယ်။

မေလ ၈ ရက်၊ ဗုဒ္ဓဟူးနေ့ကစလို့ မုန်တိုင်းကြောင့် နေလုံးကြီးကနေ ပြင်းထန်တဲ့ သံလိုက်ဓာတ် ဆိုလာမီးတောက် အမှုန်တွေ လွှင့်စင်လာခဲ့တာမှာ ဒီရက်ပိုင်း ပေါက်ကွဲမှု ၇ ခုထက်မနည်း ဖြစ်ခဲ့ပါတယ်။

Forum

XS
SM
MD
LG