သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စဉ့်ကူး၊ တောင်ယာကြီးရွာမှာ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ခေါင်းဖြတ်သတ်ခဲ့


စဉ့်ကူးမြို့
စဉ့်ကူးမြို့

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် မန္တလေး-မိုးကုတ်လမ်း ယက္ကန်းစက်တောင်အနီး တောင်ယာကြီး ကျေးရွာက အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးကို မေလ ၁၄ ရက်နေ့က စစ်ကောင်စီတပ်တွေက ဖမ်းဆီးပြီး ခေါင်းဖြတ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတွေအပေါ် ဒီလို တရားလက်လွတ်သတ်ဖြတ်မှုတွေဟာ သေချာပေါက် အရေးယူရမယ့် ကိစ္စတွေဖြစ်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အလိမ္မာက ပြောပြပါမယ်။

မေလ ၁၄ ရက်နေ့ နေ့လည်မှာ စဉ့်ကူးမြို့နယ် ယက္ကန်းစင်တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တောင်ယာကြီး ကျေးရွာကို ဝင်ရောက်ခဲ့တာပါ။ တောင်ယာကြီး ကျေးရွာက ဒေသခံတွေက စစ်ကောင်စီတပ် ဝင်လာစဉ် ထွက်ပြေးကြပေမယ့် ကိုမျိုးဇော်ဦးကို ဖမ်းမိသွားပြီး သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ကိုမျိုးဇော်ဦးကို ခေါင်းဖြတ် သတ်ခဲ့တာဖြစ်ပြီး ဦးခေါင်းကို အိမ်ရှေ့က တိုင်မှာ စွပ်ထားခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ခုလိုပြောပါတယ်။

“ဘော်ဒီကို မြေပြင်မှာပဲ ပစ်ထားခဲ့ပြီးတော့ ခေါင်းပိုင်းကိုတော့ ဖြတ်ပြီးတဲ့အခါကျတော့ ခြံတိုင်ထိပ်ကို လည်ပင်းပေါက်ကနေ ထိုးစိုက်သွားတယ်ဗျ။ အရင်ကလဲ ကျောက်ငနွားဖက်မှာ ဖြစ်ခဲ့ဖူးတယ်ဗျ။ အခု ဖြစ်တဲ့ ရွာနဲ့ တောင်ဖက် မြောက်ဖက်လေးဗျ။ ၃ လလောက်တော့ ရှိလောက်ပြီဗျ။ အဲ့တုန်းကလဲ တစ်ယောက်ပဲဗျ၊ လမ်းဘေးက ခြုံထဲမှာ ခေါင်းဖြတ်ပြီး ထားခဲ့တာ ဘော်ဒီနဲ့ ခေါင်းနဲ့ကတော့ ကပ်လျက်ပဲဗျ။”

စစ်ကောင်စီတပ်တွေက စစ်ကိုင်းတိုင်းထဲက တခြားဒေသတွေမှာလည်း ဒေသခံနဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တချို့တွေကို ခန္ဓာကိုယ် အပိုင်းပိုင်း ဖြတ်တောက်သတ်ဖြတ်တာ၊ ခေါင်းဖြတ်သတ်တာတွေ လုပ်ခဲ့ကြလေ့ ရှိပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီက တစုံတရာ ထုတ်ဖော် ပြောဆိုတာ မရှိသေးပါဘူး။

ဒီလို ဥပဒေမဲ့ တရားလက်လွတ်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ ရှေ့နေတစ်ဦးကတော့ အခုလိုပြောပါတယ်။

“ဘယ်ကာလ ဘယ်နေရာ ဘယ်အချိန်မှာ ဖြစ်ခဲ့ ဖြစ်ခဲ့၊ ဘယ်လို အကြောင်းအရာနဲ့ ဖြစ်ခဲ့ဖြစ်ခဲ့၊ ပြစ်မှုကျူးလွန်တဲ့သူက ဖြစ်မှု ကျူးလွန်တာကို အရေးယူခံရမယ််။ ပစ်မှု ကျူးလွန်ဖို့အတွက် ဆက်စပ်ပြီးတော့ ခိုင်းစေရင်လဲ ခိုင်းစေတဲ့သူက အဲ့ဒီပစ်မှုနဲ့ ပတ်သက်လို့ အရေးယူခံရမယ်။ Convention အရဘဲ ဖြစ်စေ၊ တိုင်းပြည်ရဲ့ တည်ဆဲဥပဒေအရပဲ ဖြစ်ပါစေ၊ ပစ်မှု ကျူးလွန်တဲ့ သူကတော့ ရာဇဝတ်မှုနဲ့ ပတ်သက်ရင် ဘယ်အချိန်ခါမဆို အရေးယူ ခံရမှာပါ။ အရေးယူတဲ့အခါမှာ ရာဇဝတ်မှုမှာ ကာလစည်းကမ်း အသတ်မှု မရှိတဲ့အတွက် သက်ဆိုင်ရာ အခြေအနေ အချိန်အခါကို မူတည်ပြီးတော့ ပြန်ပြီးတော့ အရေးယူဖို့ မှတ်တမ်းမှတ်ရာတွေနဲ့ ပြန်တရားစွဲဆိုရမှာ ဖြစ်ပါတယ်။ ကာလအပေါ် မူတည်ပြီးတော့ နိုင်ငံသားတစ်ယောက်ကို လူသားလို့မဆက်ဆံဘဲနဲ့ ပြင်းပြင်းထန်ထန် လုပ်ဆောင်တဲ့ကိစ္စ ရာဇဝတ်မှု ကျူးလွန်တဲ့ ကိစ္စတွေ၊ ရာဇဝတ်မှု ကျူးလွန်တာပဲ ဖြစ်ပါတယ်။” ဘယ်လိုအဖွဲ့အစည်း ဘယ်လို ပုဂ္ဂိုလ်ဖြစ်ဖြစ် ရာဇဝတ်မှု ကျူးလွန်ရင် ကျူးလွန်တဲ့ ရာဇဝတ်မှုကို တချိန်ကျရင် မှတ်တမ်းမှတ်ရာတွေနဲ့ အရေးယူရမှာဖြစ်ပါတယ်။”

စစ်ကိုင်းတိုင်းက ဒေသတွေမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေး တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်တာတွေရှိသလို စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို စစ်ကြောင်းထိုး မိးရှို့ဖျက်ဆီးတာ ဒေသခံတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေ လုပ်နေတာကြောင့် တချို့ ကျေးရွာတွေကို စစ်ဘေးရှောင်ကြရတာ နှစ်နဲ့ချီ ကြာနေကြပြီ ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ အဲ့ဒီကျေးရွာတွေကို တော်လှန်ရေး တပ်ဖွဲ့တွေ ရှိတာကြောင့် နယ်မြေရှင်းလင်းရတာ ဖြစ်တယ်လို့ ထုတ်ပြန်လေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG