သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် တိုက်ပွဲတွေအတွင်း ဒေသခံတချို့ ထိခိုက်သေဆုံး


ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် စခန်းအများအပြားသိမ်းပိုက်ခဲ့ကြောင်း AA က ထုတ်ပြန်ခဲ့သည့် မှတ်တမ်းပုံ (မေ ၁၈၊ ၂၀၂၄)
ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် စခန်းအများအပြားသိမ်းပိုက်ခဲ့ကြောင်း AA က ထုတ်ပြန်ခဲ့သည့် မှတ်တမ်းပုံ (မေ ၁၈၊ ၂၀၂၄)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ပြီးကြောင်း ကြေညာခဲ့ပြီးနောက် တခြားမြို့တွေမှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လေကြောင်းကပါ တိုက်ခိုက်နေသလို၊ ဒေသခံတချို့ သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်က တိုက်ပွဲတွေ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။

ဘူးသီးတောင်မြို့ကို သိမ်းပိုက်လိုက်ကြောင်း AA အဖွဲ့က ကြေညာခဲ့ပြီးနောက်ပိုင်း အခုနောက်ထပ်လည်း အမ်း၊ သံတွဲနဲ့ မောင်တောမြို့နယ်တွေမှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အမ်းမြို့နယ်မှာဆိုရင်လည်း မနေ့ကစပြီး နှစ်ဘက် တိုက်ပွဲ တွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ အဆက်မပြတ် လာရောက်ဗုံးကြဲနေတယ်လို့ အမ်းမြို့နယ်မှာနေထိုင်တဲ့ ရခိုင်အရေးတက်ကြွလှုပ်ရှားသူ ကိုထွန်းကြည်က ပြောပါတယ်။

“အမ်းဘက်အခြေအနေကတော့ ဒီတရက်နှစ်ရက်အတွင်းတော့ တိုက်ပွဲတော်တော်ပြင်း ထန်တယ်လို့ ပြောလို့ရတဲ့ အခြေအနေရှိတယ်။ဒီနေ့နဲ့ မနေ့ကတော့ လေယာဉ်နဲ့ဗုံး တွေကြဲနေတာ တောက်လျောက်တော့ ကြားတယ်၊ ဒါပေမယ့် လူနေကျေးရွာတွေနဲ့တော့ တော်တော်ဝေးပါတယ်၊တောထဲမှာဖြစ်နေကြဆိုတော့လေ။ ဘူးသီးတောင်ကို မသိမ်း ခင်ကတည်းက နည်းနည်းဖြစ်တာရှိတယ် ပြင်းပြင်းထန်ထန်ဖြစ်လာတာကတော့မနေ့ကနဲ့ ဒီနေ့ပဲ။”

ဒါ့အပြင်သံတွဲ မြို့နယ်မှာလည်း နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်း ရေကြောင်းတွေကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“လက်နက်ကြီးတွေတော့ ပစ်နေတာပဲဗျာ အခုလေးတင်တလုံပစ်တယ်၊ ဘားတောင်း တောင် က လှမ်းပစ်နေတာ နေ့တိုင်းပစ်တယ်၊ ပြီးတော့ သံတွဲမြို့ရဲ့ အနောက်မြောက် ဆင်ခေါင်းရွာရဲ့ အောက်ဘက် ပင်လယ်ထဲက ရေတပ်စစ်သင်္ဘောကလည်း အမြောက်နဲ့ ပစ်တယ်၊ အဲတာ တော့ အသံ ခပ်တိုးတိုးပဲ ကြားရတယ်၊ ဘားတောင်းက ပစ်တာကတော့ အကျယ်ကြီးးပဲ၊ လေယာဉ်နဲ့ ပစ်သံတော့ ဒီနေ့မကြားဘူး။”

တိုက်ပွဲပြင်းထန်နေတဲ့ သံတွဲမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းကပါ တိုက်ခိုက်နေပြီး ဒေသခံတချို့ သေဆုံးတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မြို့နားကို ကပ်လာတယ်ဆိုတာ တိုက်ပွဲက ကပ်လာတာမဟုတ်ဘူး။ လေယာဉ်နဲ့ ဗုံးကြဲ တာတွေက ကပ်လာတာ အမြောက်နဲ့ ပစ်တာတွေ ကပ်လာတာ၊ တိုက်ပွဲဖြစ်လို့ အမြောက်နဲ့ ပစ်တာက နည်းတယ်၊ ထင်မိထင်ရာ ရမ်းပစ်နေတာ AAက တနေရာ ဘယ် မှာရှိမှန်းမသိဘူး၊ ရှိချင်မှလည်း ရှိမယ် သူတို့တွေ သတင်းအမှားတွေနဲ့ ထင်မိထင် ရာပစ်နေကြတာလေ၊ အဲဒီနတ်တောင်မော်ဆိုတာ မော်တော်ကားလမ်းပေါ်ဗျာ။ အဲဒီနတ် တောင်မော်ရွာကို လေယာဉ်နဲ့ ဗုံးကြဲတော့ သေလိုက်ကြတာ ပွဲချင်းပြီးသေတာ ၅ယောက် နောက် လမ်းမှာ သေတာနဲ့ ဆေးရုံရောက်မှသေတာနဲ့ဆို ဆယ်ယောက်လောက်ရှိတယ်။”

ဘူးသီးတောင်မြို့နယ်မှာ လက်ကျန်စစ်ကောင်စီတပ် သားတွေကို အာရက္ခတပ်တော်AAဘက်က လိုက်လံရှင်းလင်းနေတာကြောင့် တိုက်ပွဲတွေ ရှိနေသေးသလို မောင်တောမြို့နယ်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ AAဘက်က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ကြောင်း စွပ်စွဲချက်တွေကိုတော့ AA အဖွဲ့က ငြင်းဆန်ထားပြီး စစ်ကောင်စီရဲ့ လက်ချက်အဖြစ် တုံ့ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်က တိုက်ပွဲတွေ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာတော့ မတွေ့ရပါဘူး။

တိုက်ပွဲတွေ ပြင်းထန်လာနေတာနဲ့အမျှ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တကျော့ပြန် ပေါ်ပေါက်လာမှာ စိုးရိမ်ကြောင်းလည်း ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး Volker Türk က မနေ့ကပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ အထူးသဖြင့် ဘူသီးတောင် မြို့နယ်မှာ အိုးအိမ်တွေ ဖျက်ဆီးခံရပြီး၊ အကြမ်းဖက်မှုတွေ တိုးလာနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး အထူးသဖြင့် ရိုဟင်ဂျာ မူဆလင်တွေပါဝင်တဲ့ အရပ်သားတွေ ထောင်သောင်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်နိုင်ကြောင်းလည်း လူ့အခွင့်အရေး မဟာမင်းကြီးက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG