သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးအောင်ဆန်းဦး ရဲ့ လေလံကြမ်းခင်းစျေးသစ် အဆို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေ ကန့်ကွက်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့ရှိ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ် (ဩဂုတ် ၁၁၊ ၂၀၀၉)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့ရှိ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ် (ဩဂုတ် ၁၁၊ ၂၀၀၉)

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နေထိုင်တဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ် အမှတ် ၅၄ ကို ထပ်မံလေလံတင်ရောင်းချဖို့ အကိုဖြစ်သူ ဦးအောင် ဆန်းဦးက အသစ် တင်သွင်းခဲ့တဲ့ လေလံကြမ်းခင်းစျေးသစ်ကို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေ က ဒီကနေ့တရားရုံးမှာ ကန့်ကွက်လိုက် ပါတယ်။ နောက်ပြီး ဦးအောင်ဆန်းဦးက လေလံတင်ရောင်းချတာမှာ ဝယ်သူကို အိမ်အတွင်းပိုင်းပြသနိုင်ဖို့ အတွက်ခွင့်ပြုပေးဖို့ တောင်းဆိုမှု ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေက ကန့်ကွက်ခဲ့ပါတယ်။

တက္ကသိုလ်ရိပ်သာလမ်းအိမ်ကို လေလံတင်ရောင်းချပြီး အကိုဖြစ်သူနဲ့ ခွဲဝေယူဖို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေက ကန့်ကွက်ထားတာပါ။ဒါပေမဲ့ ကမာရွတ်တရားရုံးက အိမ်ကိုလေလံတင်ရောင်းဖို့ ဒီနှစ်အစောပိုင်းမှာ အမိန့်ချမှတ်ခဲ့ပြီးနောက် ကျပ်ငွေ ၃၁၅ ဘီလီယံ သတ်မှတ်ပြီး လေလံတင်ရောင်းချခဲ့ပေမဲ့ ၀ယ်ယူမည့်သူမရှိဖြစ်ခဲ့တာပါ။

ဒါကြောင့် ပြီးခဲ့တဲ့ မေလ ၂၃ရက်နေ့က တက္ကသိုလ်ရိပ်သာလမ်းနေအိမ် အမှတ် ၅၄ ကို ထပ်မံလေလံတင်ရောင်းချနိုင်ဖို့ ဦးအောင်ဆန်းဦးက လေလံကြမ်း ခင်းစျေးသစ် တင်သွင်းခဲ့တာဖြစ်ပါတယ်။ ကနဦး လေလံစျေးဖြစ်တဲ့ ကျပ်ငွေ ၃၁၅ ဘီလီယံကနေ ကျပ်ငွေ ဘီလီယံ ၃၀ လျော့ပြီး ကျပ်ငွေ ၂၈၅ဘီလီယံ နဲ့ရောင်းချနိုင်ဖို့ တင်သွင်းခဲ့တာပါ။ အဲလိုတင်သွင်းခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်က ကန့်ကွက်လိုက်တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေကတော့ သူတို့အနေနဲ့ ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရသေးတာ၊ ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်မသိဘဲ လေလံစွဲခွင့်ပေးတာက ဥပဒေအရ မညီညွှတ်တာ စတဲ့အချက်အလက်တွေကို တင်ပြကာ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေက ကန့်ကွက်ခဲ့တာဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ် သူတဦးကပြောပါတယ်။

လာမယ့် ဇွန်လ ၁၂ ရက်နေ့မှာ ထပ်မံရုံးချိန်းခေါ်ထားပြီး ဒီကန့်ကွက်တာနဲ့ပတ်သတ်လို့ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်ကကော ဦးအောင်ဆန်းဦးရှေ့နေတွေ ဘက်ကပါ ကန့်ကွက်မှုကိုလက်ခံသင့်မသင့် ၂ဖက်လျှောက်လဲချက်တင်သွင်းရမှာပါ။ အဲအပေါ်မှာ တရားရုံးက တင်ပြချက်တွေအပေါ်မှာ ဆုံးဖြတ်ပေးဖို့ရှိတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။ တရားရုံးနဲ့နီးစပ်သူတဦးအဆိုအရကတော့ လက်ရှိအချိန်ထိ လေလံကိစ္စကိုဒေါ်အောင်ဆန်း စုကြည်သိ ရှိထား တာမရှိဘူး လို့ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို မီဒီယာကို ဖြေကြားရင် ဥပဒေအရ အရေးယူခံရမှာဖြစ်တယ်ဆိုတဲ့ ကန့်သတ်ချက် ရှိနေတာကြောင့် လက်ရှိ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေအကြား ဘယ်လို ဆက်လက် ကိုင်တွယ်သွားမလဲဆိုတာလည်း အသေးစိတ်သိဖို့ ခက်ခဲနေပါတယ်။

၁.၉၂၃ ဧက အကျယ်အဝန်းရှိတဲ့ အိမ်နံပါတ် ၅၄နေအိမ်ဟာ ၂၀၁၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ ပြန်လည်လွတ် မြောက်လာချိန် အမေရိကန်သမ္မတအိုးဘားမား၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့တဲ့သမိုင်းဝင်အိမ်တလုံးဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းတဲ့နေ့ကစလို့ အသက် ၇၈ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပြီး လက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရဆဲဖြစ်ပါတယ်။

Forum

XS
SM
MD
LG