သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ် သဘာ၀၀န်းကျင် ထိန်းသိမ်းရေး ဒေသခံတွေနဲ့ လှုပ်ရှားသူတွေတောင်းဆို 


ဖားကန့်မြို့နယ် ဒွန်ဘန်ကျေးရွာမှာ သစ်ပင်စိုက်ပွဲကျင်းပနေစဉ် (ဇွန် ၅။ ၂၀၂၄)
ဖားကန့်မြို့နယ် ဒွန်ဘန်ကျေးရွာမှာ သစ်ပင်စိုက်ပွဲကျင်းပနေစဉ် (ဇွန် ၅။ ၂၀၂၄)

ဒီကနေ့ကျရောက်တဲ့ ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာပဲ မြန်မာနိုင်ငံမှာ သယံဇာတ တူးဖော်ရေး လုပ်ငန်းတွေကြောင့် ထိခိုက်နစ်နာမှုတွေကို ဒေသခံတွေနဲ့ လှုပ်ရှားသူတွေ မီးမောင်းထိုးပြခဲ့ကြပါတယ်။ သယံဇာတ ထုတ်လုပ်မှုတွေကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုတွေနဲ့ အကြီးအကျယ် ကြုံနေရတဲ့ ကချင်ပြည်နယ်က လှုပ်ရှားမှုအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစည်သူ တင်ပြထားပါတယ်။

ကချင်ပြည်နယ်မှာ သံယံဇာတတူးဖော်မှုကြောင့် သဘာ၀ ပတ်ဝန်းကျင် ပျက်စီးပြုန်းတီးလာတာကို အစိုးရသာမက အဖွဲ့အစည်းအသီးသီးကပါ ကာကွယ်တားဆီးပေးဖို့ ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ဖားကန့်မြို့နယ် ဒွန်ဘန်ကျေးရွာမှာ ကျေးရွာ ၅ရွာက စုပေါင်းအခမ်းအနား ကျင်းပခဲ့ပြီး တောင်းဆိုလိုက်တာပါ။ ရွှေ၊ မြေရှားသတ္ထု အပါအဝင် သယံဇာတ ထုတ်လုပ်မှုတွေကြောင့် ထိခိုက်မှုတွေ များလာတာကြောင့် အခုလို တောင်းဆိုရတာလို့လည်း လှုပ်ရှားမှုမှာ ပါဝင်သူ ဒေသခံတဦးက ပြောပါတယ်။

“ ဒီရွှေတူးခြင်းအားဖြင့်၊ Rare Earth တူးခြင်းအားဖြင့်၊ ပယင်းတူးခြင်းအားဖြင့်၊ ကျောက်တူးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် သစ်တောတွေ ပြုန်းတီးလာတဲ့အတွက်ကြောင့် ကျနော်တို့ ဒေသတွေက ခါတိုင်းကတော့ ပူနွေးသလောက်ပဲ ရှိတယ်။ လူတွေ နေနိုင်တယ်။ အခုကျတော့ ပူလောင်တဲ့အဆင့် ရောက်သွားတဲ့အခါ ကျတော့ လူတွေက မကျန်းမာတဲ့သူကျ သေသွားတယ်။ ကျန်းမာတဲ့သူက မကျန်းမာလာတော့ဘူး။ ပြီးတော့ တိရိစ္ဆာန်တွေကလည်း ရောဂါဘယဖြစ်ပြီးမှ ပိုပြီးမှ သေသွားကြတာများတာပေါ့။ အဲဒါမျိုးတွေ ဖြစ်တဲ့အတွက်ကြောင့် သက်ဆိုင်ရာ ဘယ်အစိုးရ ၊ ဘယ်အစိုးရပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ်၊ ဘယ်အာဏာပိုင်ကပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ သဘော၀ ပတ်ဝန်းကျင်အတွက် ကာကွယ် စောင့်ရှောက် ထိန်းသိမ်းပေးပါလို့ ကျနော်တို့ တောင်းဆိုတယ်လို့။ ”

ဖားကန့်မြို့နယ် ဒွန်ဘန်ကျေးရွာမှာ သစ်ပင်စိုက်ပွဲကျင်းပနေစဉ် (ဇွန် ၅။ ၂၀၂၄)
ဖားကန့်မြို့နယ် ဒွန်ဘန်ကျေးရွာမှာ သစ်ပင်စိုက်ပွဲကျင်းပနေစဉ် (ဇွန် ၅။ ၂၀၂၄)

ဒီကနေ့ ဖားကန့်မြို့နယ် ဒွန်ဘန်ရွာမှာ ကျင်းပတဲ့ အခမ်းအနားကို ဒွန်ဘန်၊ လဝါး၊ ဒွန်ဘွန်း၊ ခွန်ဆိုင်ယန်၊ မန်ပန်ရွာက ကျောင်းသား၊ ကျောင်းသူ ၁၀၀ကျော်အပါအဝင် လူ ၃၅၀လောက် ပါဝင် ကျင်းပခဲ့တာပါ။ အခမ်းအနားပြီးနောက်မှာတော့ ကျေးရွာအသီးသီးမှာ သစ်ပင်ရာနဲ့ချီစိုက်ပျိုးခဲ့ကြောင်း ပြောပါတယ်။ လွန်ခဲ့တဲ့နှစ်က ဒွန်ဘန်ကျေးရွာအနီးမှာ ရွှေတူးဖော်တာကြောင့် ကျေးရွာစားကျက်မြေနဲ့ လယ်ယာတွေ အပြင် သောက်သုံးရေအဖြစ် အသုံးပြုရတဲ့ ခမာချောင်းလည်း ထိခိုက်ခဲ့ရပါတယ်။

ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းတူးဖော်တာကြောင့် ဥရုချောင်းပျက်ဆီပြီး မိုးရာသီမှာ နှစ်စဉ်လို ရေကြီးရေလျှံတာတွေဖြစ်နေသလို နွံကန်ပြိုတာကြောင့် လူသေဆုံးတာတွေ မကြာခန ဖြစ်နေရကြောင်း KDNG ခေါ် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့က ကိုဆားဂျီးက ထောက်ပြပါတယ်။ အထူးသဖြင့် ရွှေတူးဖော်တာကြောင့် ကချင်ပြည်နယ်အတွင်းရှိ မြစ်ချောင်းတွေရဲ့ ၉၀ရာခိုင်နှုန်းဟာ မာကျူရီခေါ် ပြဒါးဆိပ်သင့်နေရကြောင်းလည်း ဆက်ပြောပါတယ်။

“ ကချင်ပြည်နယ်မှာ ရှိရှိသမျှ မြစ်ချောင်းအင်းအိုင် ၉၀ ရာခိုင်နှုန်းလောက်က ရွှေတူးဖော်ပြီး ဒီမာကျူရီတွေ စွန့်ပစ်ထားတဲ့ဟာတွေ၊ ရေထုညစ်ညမ်းတဲ့ဟာတွေ၊ ရေထဲမှာရှိတဲ့ဟာ ဒီငါးကအစပေါ့ အားလုံး ပျောက်ကွယ် နီးပါး ဖြစ်လာတဲ့ဟာတွေ၊ နောက်ပြီး လူတွေက စားသုံးတဲ့ဟာ၊ မြစ်ချောင်းအင်းအိုင် ထဲကပဲ များသောအားဖြင့် စားသုံးကြတဲ့ဟာတွေ၊ ဒီမာကျူရီအဆိပ်တွေ၊ သဘာဝပတ်ဝန်းကျင်ပျက်ဆီးမှုတွေ တော်တော်ဖြစ်နေတာ ပေ့ါနော် ဒါက။ အတိအကျပြောလို့ ရတဲ့ဟာက ကချင်ပြည်နယ်မှာရှိရှိသမျှ မြစ်ချောင်းအင်းအိုင် ၉၀ရာခိုင်နှုန်း က အားလုံးပျက်ဆီးနေပြီဆိုတဲ့ အခြေအနေဖြစ်တာပေါ့။ ”

Rare Earth ခေါ် မြေရှားသတ္တုကိုတော့ ကချင်ပြည်နယ် တရုတ်ပြည်နယ်စပ်ဒေသဘက်မှာ အများဆုံးတူးဖော်နေပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်တာကြောင့် မြေပြိုတာ၊ ရေကြီးတာတွေ ဖြစ်တဲ့သတင်းတွေကြား သိရပေမဲ့ တိကျတဲ့ အချက်အလက်စုဆောင်းတာကိုတော့ KDNG အနေနဲ့ မဆောင်ရွက်နိုင်သေးကြောင်း ပြောပါတယ်။

ကချင်ပြည်နယ်က The 74 Media သတင်းဌာနကတော့ ချီဗွေမြို့နယ် ပန်ဝါမှာ ဒီလ ၄ရက်နေ့ နံနက်ပိုင်းက မြေရှားသတ္တုတူးဖော်တဲ့လုပ်ငန်းခွင်မှာ မြေပြိုတာကြောင့် လူ ၂၀ကျော်သေဆုံးကြောင်း ၊ရုပ်အလောင်းတွေကို မဖော်ယူနိုင်သေးတာကြောင့် စာရင်း အတိအကျ မသိရသေးကြောင်း သတင်းဖော်ပြထားပါတယ်။

မေလ ၂၉ရက်နေ့ကလည်း ချီဗွေမြို့နယ် ပန်ဝါမှာ မိုးသည်းထန်ပြီး မြေပြိုတာကြောင့် မြေရှားသတ္တုလုပ်ကွက်က လူငယ်တယောက် သေဆုံးခဲ့ရပါတယ်။ မေလကုန်ပိုင်းကတော့ ချီဗွေမြို့နယ်အတွင်း တောင်ကျချောင်းရေကြီးတာကြောင့် နေအိမ်အချို့ မျှောပါပြီး အမျိုးသမီးတဦး သေဆုံးခဲ့သလို စစ်ရှောင်စခန်းက အိမ်ထောင်စု ၄၀၀ကျော်ဟာ သောက်သုံးရေနဲ့ ရိက္ခာအခက်အခဲတွေ တွေ့ကြုံနေရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG