သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးဓားစာခံ ၄ ယောက် ပြန်လွတ်လာ


အစ္စရေး အထူးစစ်ဆင်ရေးဖြင့် ကယ်တင်နိုင်ခဲ့တဲ့ ပြန်လည်လွတ်မြောက်လာသော အစ္စရေးဓားစာခံ
အစ္စရေး အထူးစစ်ဆင်ရေးဖြင့် ကယ်တင်နိုင်ခဲ့တဲ့ ပြန်လည်လွတ်မြောက်လာသော အစ္စရေးဓားစာခံ

၂၀၂၃ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုအတွင်း ဟာမတ်စ်အဖွဲ့က ဓားစားခံလုပ် ဖမ်းဆီးသွားသူတွေထဲက ၄ ဦးကို ဒီကနေ့ ပြန်လည် ကယ်တင်နိုင်ခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။ ကယ်တင်နိုင်ခဲ့တဲ့ ၄ ယောက်ကတော့ အသက် ၂၅ နှစ်အရွယ် Noa Argamani ၊ ၂၁ နှစ်အရွယ် Almog Meir Jan ၊ ၂၇ နှစ်အရွယ် Andrey Kozlov နဲ့ အသက် ၄၀ အရွယ် Shlomi Ziv တို့ ဖြစ်ပြီး Nuseirat ဒုက္ခသည်စခန်းထဲကို နေ့ခင်းဘက် အထူးစစ်ဆင်ရေးနဲ့ ဝင်ရောက်စီးနင်းချိန် ကယ်တင်နိုင်ခဲ့တာလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

Nuseirat စခန်းတွင်း အချက်အချာကျတဲ့ သီးခြားနေရာ ၂ ခုမှာ ကယ်တင်ခဲ့တာလို့လည်း ပြောပါတယ်။ ဂါဇာမှာ ဟာမတ်စ်တွေနဲ့ စစ်ပွဲ စခဲ့ချိန်ကစလို့ ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေ ကို ကယ်ထုတ်နိုင်ဖို့ကြိုးစားတဲ့ အကြီးဆုံး စစ်ဆင်ရေးအတွင်း အခုလို ကယ်တင်နိုင်ခဲ့တာပါ။ ၈ လ ရှိလာပြီဖြစ်တဲ့ ဂါဇာတိုက်ပွဲအတွင်း အရပ်သားတွေ အများအပြား သေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ အစ္စရေးကို နိုင်ငံတကာက ပြစ်တင်ဝေဖန်မှုတွေ တိုးလာနေချိန်မှာ အခုလို ဓားစားခံတချို့ကို ကယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ဂါဇာမှာ ထိုးစစ်ဆင်နေတဲ့ အစ္စရေးစစ်တပ်ကို ကမ္ဘာတဝန်း ကလေးငယ်တွေအပေါ် ပြစ်မှုကျူးလွန်သူတွေရဲ့ စာရင်းမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ထည့်သွင်းလိုက်ပါတယ်။ အခုလို စာရင်းသွင်းခံရတဲ့ အကြောင်းကို အတွင်းရေးမှူးချုပ်ရဲ့ ဝန်ထမ်းတွေက အစ္စရေးသံအမတ်ကြီး Gilad Erdan က ကြိုတင် အသိပေးခဲ့ပြီးနောက်မှာ သံအမတ်ကြီးက ပြင်းပြင်းထန်ထန် တုံ့ပြန်ကန့်ကွက်ခဲ့ပါတယ်။ အတွင်းရေးမှူးချုပ်ရဲ့ ရှက်စရာကောင်းတဲ့ ဒီဆုံးဖြတ်ချက်အတွက် အံ့သြရွံရှာမိတယ်လို့ အစ္စရေး သံအမတ်ကြီး Gilad Erdan က လူမှုကွန်ရက်ပေါ်မှာ ရေးသားတုံ့ပြန်ခဲ့တာပါ။

လက်နက်ကိုင်ပဋိပက္ခနဲ့ ကလေးသူငယ်များဆိုင်ရာ အစီရင်ခံစာကို ကုလအတွင်းရေးမှူးချုပ် Antonio Guterres က ဇွန်လ ၁၄ ရက်နေ ကျရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်သွင်းမှာဖြစ်ပြီး ဒီအစီရင်ခံစာထဲမှာ အစ္စရေးစစ်တပ်ကို ကလေးငယ်တွေအပေါ် ပြစ်မှုကျူးလွန်တဲ့ အဖွဲ့အစည်းအဖြစ် ထည့်သွင်းထားတာဖြစ်ပြီး အစ္စရေးသံအမတ်ကြီးကိုတော့ ကြိုတင်အသိပေးခဲ့တာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG