သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG ကိုယ်စားလှယ်ကို ILO အုပ်ချုပ်ရေးအဖွဲ့၀င် အဖြစ် ရွေးကောက်တင်မြှောက်


Daw Phyo Sanda Soe, Deputy General Secretary of the Confederation of Trade Unions of Myanmar (CTUM), representing the NUG government (Photo- PVTV)
Daw Phyo Sanda Soe, Deputy General Secretary of the Confederation of Trade Unions of Myanmar (CTUM), representing the NUG government (Photo- PVTV)

NUG အစိုးရကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) လက်ထောက်အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုး ကို ILO အပြည်ပြည်ဆိုင်ရာအလုပ်သမားများအဖွဲ့ချုပ်ရဲ့ အလုပ်သမားတွေကို ကိုယ်စားပြုတဲ့ လက်ထောက် အုပ်ချုပ်ရေးအဖွဲ့၀င် အဖြစ် ဇွန်လ (၉)ရက်နေ့မှာ ရွေးကောက်တင်မြှောက်ခဲ့ကြပါတယ်။

ILO ရဲ့ အုပ်ချုပ်ရေးနဲ့ လက်ထောက်အုပ်ချုပ်ရေးအဖွဲ့၀င်တွေကို သုံးနှစ်တကြိမ်ရွေးချယ်တင်မြှောက်တာဖြစ်ပြီး NUG ကိုယ်စားပြုတဲ့ ဒေါ်ဖြိုးစန္ဒာစိုးဟာ ၂၀၂၄ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အထိ တာ၀န် ထမ်းဆောင်ရမှာဖြစ်တယ်။

NUG အစိုးရ သတင်းဌာနဖြစ်တဲ့ PVTV သတင်းမှာလည်း- ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာက ကုလသမဂ္ဂ ILO ဌာနချုပ်မှာ ပြုလုပ်နေတဲ့
၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ညီလာခံမှာ ဒေါ်စန္ဒာဖြိုးကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါအပြင် ဇွန်လ (၁၀)ရက်နေ့ကလည်း ILO ဌာနချုပ်မှာ မြန်မာ့အရေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြရာမှာ မြန်မာစစ်ကောင်စီကို ILO Constitution, Article 33 နဲ့ အညီ အမြန်ဆုံး အရေးယူဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဖေါ်ပြထားပါတယ်။

အဲဒီလှုပ်ရှားမှုမှာ ILO အထွေထွေအတွင်းရေးမှူးတွေ၊ ညီလာခံ တက်ရောက်လာတဲ့ အလုပ်သမားကိုယ်စားလှယ်တွေ၊ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အလုပ်သမားရေးရာရှေ့နေတွေပါ၀င်ခဲ့ကြောင်း PVTV မှာဖေါ်ပြထားပါတယ်။

ILO မှာ အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားကိုယ်စားလှယ်တွေပါ၀င်တဲ့ အုပ်ချုပ်ရေးအဖွဲ့၀င် ၅၆ ဦးနဲ့ လက်ထောက်အုပ်ချုပ်ရေးအဖွဲ့၀င် ၆၆ ဦးရှိပါတယ်။ အုပ်ချုပ်ရေးအဖွဲ့မှာဆိုရင် အစိုးရတွေဘက်က ကိုယ်စားလှယ် ၂၈ ဦး၊ အလုပ်ရှင်ကိုယ်စားလှယ် ၁၄ ဦး၊ အလုပ်သမား ကိုယ်စားလှယ် ၁၄ ဦးပါ၀င်ပါတယ်။ လက်ထောက်အုပ်ချုပ်ရေးအဖွဲ့ထဲမှာတော့ အစိုးရကိုယ်စားလှယ် ၂၈ဦး၊ အလုပ်ရှင် ကိုယ်စားလှယ် ၁၉ ဦးနဲ့ အလုပ်သမားကိုယ်စားလှယ် ၁၉ ဦးပါ၀င်ပါတယ်။ တကယ့်အရေးပါတဲ့ အစိုးရကိုယ်စားလှယ် ၁၀ နေရာကိုတော့ အမြဲတမ်းအဖွဲ့၀င်စက်မှုနိုင်ငံကြီးတွေကပဲ ရယူထားတာဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေကတော့- အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ ဂျာမနီ၊ အီတလီ နဲ့ ဘရာဇီး တို့ပဲဖြစ်ပါတယ်။

Forum

XS
SM
MD
LG