သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၅ မှာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်နေကြောင်း စစ်ကောင်စီခေါင်းဆောင် ပြောကြား


စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

၂၀၂၅ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေကြောင်း စစ်ကောင်စီခေါင်းဆောင် ပထမဆုံးပြောကြား

ရွေးကောက်ပွဲကို လာမယ့် ၂၀၂၅ ခုနှစ်မှာ ကျင်းပဖို့ ပြင်ဆင်နေကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ ရွေးကာက်ပွဲကို ဘယ်အချိန်မှာ လုပ်မလဲဆိုတာတွေနဲ့ ပတ်သက်လို့ အာဏာသိမ်းခေါင်းဆောင်က ပထမဆုံးအကြိမ်ပြောဆိုခဲ့တာပါ။
"လာမည့်အောက်တိုဘာလအတွင်း လူဦးရေနဲ့ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးဆောင်ရွက်နေပြီး လာမည့်နှစ် (၂၀၂၅) အတွင်း လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေကြောင်း" ဆိုပြီး ဇွန်လ (၁၅)ရက် စနေနေ့က မိတ္ထီလာ ဘက်ကိုသွားခဲ့တဲ့ ခရီးစဥ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဌာနဆိုင်ရာ၀န်ထမ်းတွေနဲ့တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

မတ်လကပြုလုပ်တဲ့ မြန်မာစစ်ကောင်စီရဲ့ တပ်မတော်နေ့အခမ်းအနားမှာတော့ ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲပြီး ပြုလုပ်ဖို့ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့တာပါ။

တိုင်းရင်းသားနယ်မြေတွေမှာ စစ်ကောင်စီတပ်တွေအကြီးအကျယ်ဆုပ်ခွာနေရပြီး နိုင်ငံအနှံ့ တိုက်ပွဲတွေပြင်းထန်နေချိန် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတယ်ဆိုတဲ့ စစ်ကောင်စီခေါင်းဆောင်ပြောတာကို မြန်မာပြည်သူတွေက အယုံအကြည်မရှိသလို၊ လက်သင့်ခံမှာလည်း မဟုတ်ဘူးလို့ NUG လူ့အခွင့်အရေးဒု၀န်ကြီး ဦးအောင်ကျော်မိုးက ဗွီအိုအေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ တုံ့ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်တွေကတော့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်က လာမယ့်ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြု စနစ် PR စနစ်ပြောင်းဖို့နဲ့ မဲပေးတာမှာ အီလက်ထရောနစ်နည်းပညာနဲ့ မဲပေးနိုင်ဖို့ တွေပြင်ဆင်နေတယ်လို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ သန်းခေါင်စာရင်းကောက်ယူနိုင်ဖို့နဲ့ မဲစာရင်းလုပ်ဆောင်နိုင်ဖို့အတွက်ဆိုကာ မြို့နယ်တွေကို ခရိုင်ပြင်ဆင်ပြောင်းလဲသတ်မှတ် တာတွေ လုပ်ဆောင်နေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်ကျင်းပခဲ့တဲ့ ပြီးခဲ့တဲ့ ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာNLD ပါတီကဘဲ မဲအများဆုံးနဲ့ အနိုင်ရခဲ့ပေမယ့် မဲမသမာမှုတွေရှိခဲ့တယ်လို့ စစ်တပ်ဘက်က စွပ်စွဲပြီးနောက် နိုင်ငံအာဏာကို သိမ်းယူခဲ့တာ ခုဆို ၃နှစ်နီးပါးရှိတော့မှာဖြစ်ပါ တယ်။ ရွေးကောက်ပွဲ မဲစာရင်းမသမာမှုလုပ်တယ်ဆိုပြီး နိုင်ငံအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် အပါအဝင် ပါတီ အစိုးရထိပ်သီးအချို့ကို ဖမ်းဆီးကာနှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။

နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေကိုပြန်လည်ပြင်ဆင်ပြီး ပါတီတွေကိုမှတ်ပုံတင်အသစ်ပြန်လည်တင်ခိုင်းခဲ့ပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့အပြင် အရင်ပါတီတော်တော်များများက ပြန်လည်မှတ်ပုံမတင်တာကြောင့် ပယ်ဖျက်ခဲ့ပါတယ်။ လက်ရှိစစ်ကောင်စီ ရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၄၇ ခုရှိပါတယ်။

Forum

XS
SM
MD
LG