သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဥ်းသူ၊ အကျဥ်းသား ဒါဇင်နဲ့ချီ ထောင်အပြောင်းအရွှေ့ခံနေရ


ရန်ကုန်မြို့ရှိ အင်းစိန်ထောင်ရှေ့မြင်ကွင်း (ဩဂုတ် ၁၊ ၂၀၂၃)
ရန်ကုန်မြို့ရှိ အင်းစိန်ထောင်ရှေ့မြင်ကွင်း (ဩဂုတ် ၁၊ ၂၀၂၃)

ရန်ကုန် အင်းစိန်ဗဟိုအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသားနှစ်ရာငါးဆယ်ကို ဒိုက်ဦးထောင်ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထောင်အာဏာပိုင်တွေက ရွှေ့ပြောင်းခဲ့ပါတယ်။

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝှမ်း ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသူ၊ အကျဥ်းသားပေါင်း ၃၀,၀၀၀ နီးပါးရှိနေပါတယ်။

အင်းစိန်ထောင်ကနေ ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ကား ၅ စီးနဲ့ ခေါ်ယူသွားတာဖြစ်ပြီး နာမည် အရေ အတွက် အတိအကျကိုတော့ လတ်တလော မသိရ သေးဘဲ ခန့်မှန်းခြေစာရင်းသာသိရသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကိုကူညီပေးနေသူတွေကပြောပါတယ်။ ပြောင်းခံရသူတွေထဲမှာ ဇွန်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ် သပိတ် လှုပ်ရှားမှုမှာပါဝင်ခဲ့သူတချို့ ပါဝင်နေတယ်လို့ အကျဉ်းသားတွေကိုကူညီပေးနေသူတဦးက ဗွီအိုအေကိုခုလိုပြောပြ ပါတယ်။

"မနေ့ကအင်းစိန်ကနေပြောင်းတာက ၅စီးစလုံး ၂၅၀လောက် ဒိုက်ဦးကိုရောက်တယ်ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အင်းစိန်ထောင်မှာလုပ်ခဲ့တဲ့ မှတ်ထားတဲ့သူတွေအများဆုံးပါတ.ယ်။ ပြီးတော့ ၁၉ဇူလိုင်ရယ် ၇ ဇူလိုင်ရယ်ထပ်လုပ်ဖို့ရှိသေးတာကို အဲဒါတွေရှိတော့ကြိုပို့တာပေါ့ အကိုတို့တုန်းကလည်း ဒီလိုပါဘဲ။"

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကျိုက်မရောထောင်နဲ့ အိုးဘိုအကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသူ/အကျဉ်းသား ရာချီလောက်တွေကို ဒိုက်ဦးထောင်၊ မကွေး ထောင်နဲ့ သာယာဝတီထောင်တွေကို ပြောင်းရွေ့တာတွေလုပ်ခဲ့ပါသေးတယ်။
ကျိုက်မရော အကျဉ်းထောင်ကနေ ပြောင်းလာတဲ့ နိုင်ငံရေးအကျဉ်းသူ လေးဆယ်ကျော်ကို ဒိုက်ဦး အကျဉ်း ထောင် အာဏာ ပိုင်တွေက ထောင် အရောက်မှာ အကြမ်းဖက် ရိုက်နှက်ခဲ့ပါတယ်။

ရိုက်နှက်ခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေဟာ ကျိုက်မရောထောင်က ပါလာတဲ့ အသုံးအဆောင်နဲ့ အစားအသောက်တွေကို သိမ်းခံရလို့ ပြန်လည်တောင်းခံတာမှာ အာဏာပိုင်တွေဘက်က ရိုက်နှက်တာတွေလုပ်ခဲ့ကြောင်း ဒိုက်ဦးထောင် အသိုင်းအဝိုင်းက ဗွီအိုအေကို ပြောပါတယ်။

အဲနေ့ကရိုက်နှက်ခံရသူတွေထဲမှာ ၈၈ ငြိမ်းပွင့်အဖွဲ့က မနုနုအောင်နဲ့ မခက်ခက်လွင်တို့ ပါဝင်ခဲ့ပြီး မနုနုအောင်ဒဏ်ရာပြင်းထန်ရထားတယ်လို့ ထောင်နဲ့ နီးစပ်သူတဦးကအတည်ပြုပါတယ်။ လက်ရှိမှာ မနုနုအောင်ကို ဆေးရုံတင်ထားရတယ်လို့ပြောပါတယ်။ မနုနုအောင်က ကျမ်းမာရေးမကောင်းသူဖြစ်ပြီး အဖမ်းခံရတုန်းကလည်း လေဖြတ်မယ့် အခြေအနေရှိလို့ဆေးကုသဖို့လုပ်တာမှာ ဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ ခုထောင်ပြောင်းမှာလည်း ရိုက်နှက်ခံရတဲ့ အထဲ ပါဝင်ခဲ့သူဖြစ်ကာ သူ့အခြေအနေဟာ စိတ်ပူရမယ့်အခြေအနေဖြစ်နေတယ်လို့ အကျဉ်းသားတွေကိုကူညီကယ်ဆယ်ပေးနေသူကပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦး ကတော့ လတ်တလော ဇွန်လတလအတွင့် ထောင်ပြောင်းရွှေ့တာတွေ ခပ်စိတ်စိတ်လုပ်လျက်ရှိသလိုဒီလထဲ ပြောင်းရွှေ့ခံရသူ အများစုဟာ နိုင်ငံရေးပုဒ်မတွေနဲ့အကျဉ်းကျခံနေရသူတွေများတယ်လို့ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၂၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ဆက်စပ် ပြီး လူပေါင်းနှစ်သောင်းကျော် (၂၆,၉၀၀ ဦး) ဖမ်းဆီးခံထားရတယ်လို့ ပြောပါတယ်။စစ်ကောင်စီဘက်ကတော့ ဒီစာရင်းဟာချဲ့ကားထားတဲ့စာရင်းဖြစ်တယ်လို့ ပြန်လည်တုံပြန်ထားပါတယ်။

Forum

XS
SM
MD
LG