သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ တရုတ်ခရီးစဥ်


Former President U Thein Sein's trip to China (Photo- Chinese Embassy in Myanmar) June 27 2024
Former President U Thein Sein's trip to China (Photo- Chinese Embassy in Myanmar) June 27 2024

တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ သမ္မတဟောင်းဦးသိန်းစိန်နဲ့ အဖွဲ့ဟာ မနေ့က တရုတ်နိုင်ငံကို ထွက်ခွာသွားပါတယ်။ ရန်ကုန်တရုတ်သံရုံးရဲ့ လွန်ခဲ့တဲ့ နာရီပိုင်းအတွင်း ထုတ်ပြန်ချက်မှာတော့- တရုတ်နိုင်ငံမှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ချက် ထုတ်ပြန်တဲ့ နှစ် ၇၀ ပြည့် အခမ်းအနားကို တက်ရောက်ဖို့ အတွက်ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ သမ္မတဟောင်းဦးသိန်းစိန်နဲ့ ကိုယ်စားလှယ်အဖွဲ့ တရုတ်ခရီးစဥ်ကိုတော့ စစ်ကောင်စီဘက်က ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

သမ္မတဟောင်းဦးသိန်းစိန်ဟာ ၂၀၁၆ခုနှစ် သမ္မတရာထူးကနေ အနားယူပြီးနောက်မှာ ပထမဆုံးအနေနဲ့ တရုတ်ကိုသွားတဲ့ ခရီးစဉ်တခုဖြစ်သလို ရှမ်းမြောက်ပိုင်းမှာ တကျော့ပြန်စစ်ရေးတင်းမာလာနေချိန်မှာ သွားရောက်တဲ့ ရီးစဉ်တခုလည်းဖြစ်ပါတယ်။

သံရုံးထုတ်ပြန်ချက်အရ ဇွန်လ ၂၆ ရက်နေ့မှာ တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင်က နေပြည်တော်မှာ သမ္မတဟောင်း ဦးသိန်းစိန်ကို သွားတွေ့ခဲ့ပြီး မြန်မာနိုင်ငံအခြေအနေ နဲ့ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေ အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ ဖေါ်ပြထားပါတယ်။

ဦးသိန်းစိန်နဲ့အတူ မြန်မာနိုင်ငံမဟာဗျူဟာ နဲ့နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး တို့ပါဝင်ပါတယ်။နောက်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ သမီးလည်းဖြစ် ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်း ဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်သန်းသန်းနု လည်း အဲဒီခရီးစဉ်မှာ ပါဝင်တယ်လို့ လည်း အဲဒီထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ခရီးစဉ်အရ ဘယ်နှစ်ရက်ကြာမယ် တရုတ်မှာဘယ်သူတွေနဲ့တွေ့မလဲဆိုတာကိုတော့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြ မထားပါဘူး။

ငြိမ်းချမ်းရေးစွာအတူယှဉ်တွဲနေထိုင်ရေး အခြေခံမူ ငါးချက်ဆိုတာ ပါလီမန်ဒီမိုကရေစီခေတ် ဦးနု ဝန်ကြီးချုပ်တာဝန်ယူ ချိန်မှာပေါ်ပေါက်ခဲ့တာဖြစ်ပြီး ဘန်ဒေါင်းမူငါးရပ်လို့လူသိများပါတယ်။ ၁၉၅၄ ခုနှစ်မှာ တရုတ်၊ အိန္ဒိယ နဲ့ မြန်မာတို့ ပူးပေါင်းကာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်ကို ချမှတ်ခဲ့တာပါ။ ၁၉၅၅ ခုနှစ် မှာ အာရှ-အာဖရိက ကွန်ဖရင့်ကို အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့ မှာကျင်းပခဲ့တာမှာ ဒီမူ ၅ရပ်နဲ့ပတ်သတ်လို့ တင်ပြခဲ့တာတွေကို အာရှ၊ အာဖရိက နိုင်ငံပေါင်း ၂၉ နိုင်ငံက အတည်ပြုခဲ့ကြတာပါ။

မူ ၅ ချက်ထဲမှာ နိုင်ငံတစ်နိုင်ငံ ပိုင်နက်နယ်ပယ် တည်တံ့ရေးနဲ့အချုပ်အခြာအာဏာကို အခြားတစ်နိုင်ငံက လေးစားဖို့၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်တာမလုပ်ဖို့၊ ပြည်တွင်းရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်ခြင်းမလုပ်ဖို့ ၊ နိုင်ငံရေးဝါဒအချင်းချင်း ကွဲလွဲစေကာမူ ငြိမ်းချမ်းစွာ အတူတကွ ပေါင်းသင်းဆက်ဆံနိုင်စေဖို့ဆိုတာ ပါဝင်ပါတယ်။

Forum

XS
SM
MD
LG