သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နေအိမ် လေလံစျေးနှုန်း တရားရုံး လျော့ချ


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့ရှိ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို အမေရိကန်သမ္မတ အိုဘားမားလာရောက်စဉ် (နိုဝင်ဘာ ၁၉၊ ၂၀၁၂)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့ရှိ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို အမေရိကန်သမ္မတ အိုဘားမားလာရောက်စဉ် (နိုဝင်ဘာ ၁၉၊ ၂၀၁၂)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်တဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ် အမှတ် ၅၄ ကို လေလံ ကြမ်းခင်းစျေးသစ် အဖြစ် အရင်သတ်မှတ်ထားတဲ့ နှုန်းထက် လျော့ချပြီး သြဂုတ်လ ၁၅ ရက်နေ့မှာ ထပ်မံ လေလံတင်ရောင်းချဖို့ တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း နီးစပ်သူတွေက ဗွီအိုအေကိုပြောပါတယ်။

အရင်က ကျပ်ငွေ ၃၁၅ ဘီလီယံကနေ အခု ကျပ်ငွေ ၃၀၀ ဘီလီယံ အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က အဲဒီအိမ်ကို စစ်ကောင်စီ တရားရုံးက လေလံတင်ရောင်းချခဲ့ပေမယ့် ၀ယ်ယူမည့်သူမရှိခဲ့ပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အမှု ဆိုင်နေရတဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးက မူလခေါ်ထားတဲ့ လေလံစျေး ကျပ်ငွေ ၃၁၅ ဘီလီယံ ကို ကျပ်ငွေ ၂၈၅ ဘီလီယံနဲ့ရောင်းချဖို့ တရားရုံးကို ပြီးခဲ့တဲ့ လတွေတုန်းက လျှောက်ထားခဲ့တာပါ။

ဒါပေမဲ့ အမွေဆိုင် အိမ်အမှုကို လက်ခံစစ်ဆေးနေတဲ့ ကမာရွတ်တရားရုံးက ကျပ်ငွေ ၃၀၀ ဘီလီယံ ထိပဲ လျော့ချသတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်။

အခုတရားရုံးက သတ်မှတ်လိုက်တဲ့ လေလံစျေးသစ်အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဘယ်လိုတုံပြန်မလဲဆိုတာမသိရသေးပါဘူး။ ကန့်ကွက်မယ်ဆိုရင် အဆင့်ဆင့် တရားရုံးတင် ကန့်ကွက်နိုင်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေက ဗွီအိုအေကို ပြောပါတယ်။

လောလောဆယ်မှာတော့ ၂၇ နှစ်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို သူရဲ့ မိသားစုနဲ့ရော ရှေ့နေတွေနဲ့ပါ တွေ့ခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။ ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွကို သတင်းမီဒီယာကို ဖြေကြားရင် ဥပဒေအရ အရေးယူခံရမှာဖြစ်တယ်ဆိုတဲ့ ကန့်သတ်ချက် ရှိနေတာကြောင့် လက်ရှိ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေအကြား ဘယ်လို ဆက်လက် ကိုင်တွယ်သွားမလဲဆိုတာလည်း အသေးစိတ်သိဖို့ ခက်ခဲနေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ သတင်းမီဒီယာတွေကို တုံ့ပြန်တဲ့ အထဲမှာတော့- ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်ကြောင်း ပြောကြားခဲ့ပေမဲ့ သူ့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားသလဲဆိုတာကိုတော့ ဖြေဆိုခဲ့ခြင်းမရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ် အဲရစ်ကတော့ မိခင်ကို နေပြည်တော်အကျဥ်းထောင်ထဲမှာ ထိန်းသိမ်းထားတယ်လို့ ယူဆထားကြောင်း ပြောကြားထားပါတယ်။

Forum

XS
SM
MD
LG