သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုးမြို့သိမ်းနိုင်ရေး ညီနောင်မဟာမိတ်သုံးဖွဲ့ နဲ့ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်


Fighters from the Myanmar National Democratic Alliance Army (MNDAA) pose after overrunning a military outpost in Kwanlone, northern Shan state, January 6, 2024 (Credit- Facebook/ The Kokang)
Fighters from the Myanmar National Democratic Alliance Army (MNDAA) pose after overrunning a military outpost in Kwanlone, northern Shan state, January 6, 2024 (Credit- Facebook/ The Kokang)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ပတ်လည်တဝိုက်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ပူးပေါင်းတပ်တွေဟာ ဒီကနေ့ မှာ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ဗုံးကျဲပစ်ခတ်နေပါတယ်။

လားရှိုးမြို့၀န်းကျင်နားကို ညီနောင်မဟာမိတ်တွေနဲ့ပူးပေါင်းတပ်တွေချဥ်းကပ်လာနေတာကို စစ်ကောင်စီ ဘက်က ခုခံပစ်ခတ်နေရာမှာ အရပ်သားနေအိမ်တွေဘက်ကိုပါ လက်နက်ကြီးကျည်ဆံတွေ ထိမှန်ခဲ့ကြောင်း ဒေသခံတွေ ပြောတာကို ကိုးကားပြီး ဒေသတွင်း သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ အရေးပါပြီး အချက်အချာကျတဲ့ ရှမ်းပြည်မြောက်ပိုင်း မြို့တော် လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း (ရမခ) စစ်ဌာနချုပ်အခြေစိုက်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က စစ်ကောင်စီကို ထိုးစစ်ဆင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ရှမ်းမြောက်မှာ စတင်ခဲ့ပြီးနောက် ဇွန်လ ၂၉ ရက်နေ့ မှာ ဖြစ်ခဲ့တဲ့ လားရှိုးမြို့နားတိုက်ပွဲတွေကို ကိုးကန့် MNDAA တပ်တွေက ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သားနေအိမ်တွေထိမှန်ပြီး အနည်းဆုံး လူ (၆)ယောက် ထိမှန် သေဆုံးပြီး (၂) ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA တအန်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

လားရှိုးမြို့အနီးတိုက်ပွဲတွေဟာ ဇွန်လ ၂ရက်နေ့ ည သန်းခေါင်အချိန် လားရှိုး- သီပေါလမ်းဘက်က မန်ဆန်ရေကျအနီးနဲ့ ရှန်ခိုက်ဘုရားကျောင်းအနီး လေ့ကျင့်ရေးတပ်စခန်းမှာစတင်ဖြစ်ပွားခဲ့တာပါ။ ဇွန်လ ၃ရက်နေ့ မနက်ပိုင်းမှာ နောင်မွန်ရဲစခန်းနဲ့ စာသင်ကျောင်းမှာရှိနေတဲ့ စစ်ကောင်စီတပ်စခန်းကို ညီနောင်မဟာမိတ်တပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။

ဇွန်လ၃ရက် ဒီကနေ့ မနက်အစောပိုင်းမှာ လားရှိုးမြို့ အနောက်မြောက်ဘက် နမ္မတူအထွက်လမ်းက အီနိုင်းရွာ၊လားရှိုးအရှေ့ မိုင်းယော်အထွက်လမ်း၊ လားရှိုးမြောက် သိန္နီလမ်းက တပ်စခန်း၊ လားရှိုးအရှေ့တောင် မန်အိုင် နဲ့ မိုင်းရယ်လမ်းက နမ့်ပေါင် စတဲ့နေရာတွေမှာ တိုက်ပွဲဖြစ်နေပါတယ်။

နမ့်ပေါင်ဘက်တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်က လေကြောင်းက ပစ်ကူတာတွေ ရှိသလို လားရှိုးမြို့ အခြေစိုက်တပ်ရင်းတွေကလည်း တိုက်ပွဲဖြစ်ပွားရာနေရာတွေကို လက်နက်ကြီးနဲ့ ပစ်တာတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ဖြစ်တဲ့တိုက်ပွဲအတွင်းမှာ လားရှိုးမြို့မှာ အရပ်သားတွေသေဆုံးခဲ့တဲ့ အရေအတွက် ကို ဗွီအိုအေ အနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကလည်း လားရှိုးတိုက်ပွဲသတင်းကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ယခုသတင်းရေးသားချိန်အထိ တိုက်ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေဆဲရှိနေပါတယ်။

Forum

XS
SM
MD
LG