သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ဒုတိယခေါင်းဆောင် တရုတ်နိုင်ငံရောက်


 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရုတ်နိုင်ငံရောက်ရှိ (ဇူလိုင်-၆၊ ၂၀၂၄)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရုတ်နိုင်ငံရောက်ရှိ (ဇူလိုင်-၆၊ ၂၀၂၄)

မြန်မာစစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှုးကြီးစိုးဝင်း၊ တရုတ်နိုင်ငံမှာ ရောက်ရှိနေပါတယ်။ တရုတ် ဦးဆောင်ဖွဲ့စည်းထားတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အစိမ်းရောင်ဖွံဖြိုးတိုးတက်ရေးဖိုရမ်ကို တက်ဖို့သွားတာလို့ စစ်ကောင်စီပြောခွင့်ရက VOA ကို အတည်ပြုပါတယ်။

ဒုကာကွယ်ရေး ဦးစီးချုပ်လည်းဖြစ်တဲ့ ဒုဗိုလ်ချုပ်မှုးကြီးစိုးဝင်းနဲ့ တရုတ်သံအမတ်ကြီး Chen Hai တို့ ကြာသပတေးနေ့ကပဲ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တရုတ်နိုင်ငံကို သွားရောက်တာြဖစ်ပါတယ်။ တရုတ်စေ့စပ်ပေးခဲ့လို့ ယာယီအပစ်အခတ်ရပ်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်လည် ပြန်ပြင်းထန်လာချိန်မှာ၊ သံအမတ်ကြီး Chen Hai ဟာလည်း တရုတ်ကို ပြန်တော့မှာ ဖြစ်ပါတယ်။

ဒုဗိုလ်ချုပ်မှုးကြီးစိုးဝင်း တရုတ်နိုင်ငံ မသွားခင် သမ္မတဟောင်း ဦးသိန်းစိန်လည်း တရုတ်နိုင်ငံကို ပြီးခဲ့တဲ့ သီတင်းပတ်က သွားရောက်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေရေးမူ အနှစ် (၇၀) ပြည့်အခန်းအနားတက်ရင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yai နဲ့ မြန်မာ့အရေး ဆွေးနွေးခဲ့ပါတယ်။ အခု ဒုဗိုလ်ချုပ်မှုးကြီးစိုးဝင်း ဘယ်သူနဲ့တွေ့ဖို့ရှိတာကိုတော့ မသိရသေးပါဘူး။

ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့ကို ညီနောင်မဟာမိတ်အဖွဲ့ ဝိုင်းတိုက်တာ ပြင်းထန်နေချိန် စစ်ကောင်စီအနေနဲ့ တရုတ်ရဲ့ စစ်ရေးအကူအညီရဖို့နဲ့၊ တရုတ် ကြားဝင်ပေးခဲ့တဲ့ ဟိုင်ဂင်ဆွေးနွေးပွဲ (၆) ကြိမ်မြောက် ဒီလထဲ ပြန်စနိုင်ဖို့၊ ဒုဗိုလ်ချုပ်ကြီးစိုးဝင်းအနေနဲ့ လမ်းစရှာနိုင်တယ်လို့ မြန်မာ့အရေးစောင့်ကြည်သူတွေက သုံးသပ်နေကြပါတယ်။

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို အနောက်နိုင်ငံတွေ အင်အားချိန်ခွင်ရှာ ထိန်းညှိုဖို့ တရုတ်နိုင်ငံက ဦးဆောင်ပြီး ရုရှား၊ အိန္ဒိယအပါအဝင် အာရှနဲ့ ဥရောပနိုင်ငံတချို့နဲ့ ဖွဲ့စည်းထားပြီး၊ မြန်မာကလည်း ဆွေးနွေးဖက်နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG