သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဗျူဟာအရ အရေးပါတဲ့ နောင်ချိုစစ်ဆင်ရေး


The People's Defense Army (Mandalay) and the joint coalition forces led by the TNLA July 11. 2024 Photo- Chief of Staff, People's Defense Army (Mandalay)
The People's Defense Army (Mandalay) and the joint coalition forces led by the TNLA July 11. 2024 Photo- Chief of Staff, People's Defense Army (Mandalay)

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအစမှာ စစ်ဗျူဟာအရ အရေးပါတဲ့ မန္တလေးတိုင်းနဲ့ဆက်နေတဲ့ ရှမ်းပြည်တောင်ပိုင်းက နောင်ချိုကို အပြီးသတ်သိမ်းပိုက်နိုင်တာဟာ စစ်ရေးအရ အလွန်အရေးပါကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF (မန္တလေး) ရဲ့ပြောခွင့်ရ ကိုအော်စမွန်က ဗွီအိုအေကိုပြောပါတယ်?

"နောင်ချိုမြို့က မန္တလေးတိုင်းနဲ့ ထိစပ်နေတယ်။ နောက် ရှမ်းတောင်နဲ့ ထိစပ်နေတယ်။ ဒါကြောင့် ပထဝီအနေအထားအရ အရေးပါတဲ့ နေရာကို သိမ်းယူနိုင်ခဲ့တာဖြစ်တယ်။ "

နောင်ချို စစ်ဆင်ရေးကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်ခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ တချိန်တည်း စတင်ခဲ့တာဖြစ်ပြီး သီတင်း ၂ ပတ်အကြာ ဇူလိုင်လ (၁၀)ရက်နေ့မှာ အပြီးသတ် သိမ်းယူနိုင်ခဲ့တယ်လို့ ကိုအော်စမွန်က ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာတော့- TNLA ဦးဆောင်သော ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ နောင်ချိုမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ အမတ (၆၀၆) တပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

နောင်ချိုမှာသိမ်းယူနိုင်ခဲ့တဲ့ ခမရ(၁၁၄) ၊ ခမရ(၁၁၅) နဲ့ အမတ(၆၀၆) တပ်စခန်းတွေကနေ အတွဲလိုက်ပစ်ဒုံးလက်နက်တွေအပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ပြီး ဒီလက်နက်တွေနဲ့ စစ်ကောင်စီကို တော်လှန်တဲ့နေရာမှာ ထိထိရောက်ရောက် အသုံးပြုသွားမယ်လို့ PDF (မန္တလေး)ပြောခွင့်ရ ကိုအော်စမွန်က ပြောပါတယ်။

"ကျနော်တို့ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေအကုန်လုံးကို စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။"

စစ်ကောင်စီတပ်ဖက်က သုံ့ပန်းတရာကျော် ဖမ်းဆီးရမိခဲ့တာနဲ့ပတ်သက်လို့လည်း အခုလိုဆက်ပြောပါတယ်။

"ကျနော်တို့ စစ်ကောင်စီဘက်က သုံ့ပန်းတွေကို ရရှိထားတဲ့အထဲမှာ တချို့ကတော့ အသာတကြည် လက်နက်ချအညံ့ခံတာတွေရှိတယ်။ တချို့ကတော့ တိုက်ပွဲဖြစ်ရင်းနဲ့ မရမက ဖမ်းဆီးခဲ့ရတာတွေလည်းရှိပါတယ်။ ကျနော်တို့ ဖမ်းဆီးရမိထားတဲ့ ဒုတိယဗိုလ်မှူးကြီး သန်းထွန်းအောင်ဆိုရင် ပင်လယ်ကြီးတပ်စခန်းကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့တာကို ကျနော်တို့ လိုက်ပြီးတော့ ဖမ်းဆီးခဲ့ရပါတယ်။"

တော်လှန်ရေးအင်အားစုတွေဘက်က စစ်သုံ့ပန်းတွေကို နိုင်ငံတကာပြဌာန်းထားတဲ့ စစ်ဥပဒေနဲ့အညီ ပြုမူဆောင်ရွက်နေတယ်လို့လည်း ကိုအော်စမွန်က ဆိုပါတယ်။ တော်လှန်ရေး ပူးပေါင်းတပ်တွေဖက်က ပေးဆပ်မှုတချို့ရှိပေမဲ့ ကျဆုံး၊ ထိခိုက် ဒဏ်ရာရတဲ့အခြေအနေကိုတော့ လောလောဆယ် ထုတ်ပြန်ဖို့ မရှိသေးဘူးလို့လို့လည်း ကိုအော်စမွန်က ပြောပါတယ်။

နောင်ချို တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ဒီကနေ့မှာတော့ ရှမ်းတောင်ပိုင်း နောင်ချိုမှာ တိုက်ပွဲတွေ မရှိတော့ပေမဲ့ မန္တလေး မတ္တရာဘက်မှာ တိုက်ပွဲတွေ ဆက်ပြီးပြင်းထန်နေတယ်လို့ ကိုအော်စမွန်က ဗွီအိုအေကို ပြောပါတယ်။

Forum

XS
SM
MD
LG