သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကွေး ကာကွယ်ရေးပစ္စည်းစက်ရုံနားက အရေးပါတဲ့ စစ်ကောင်စီ ရဲစခန်း သိမ်းပိုက်ခံရ


Myaing PDF members are posing in front of the police station after they captured it on August 8. (Facebook- အညမြေ တပ်ပေါင်းစု )
Myaing PDF members are posing in front of the police station after they captured it on August 8. (Facebook- အညမြေ တပ်ပေါင်းစု )

မကွေးတိုင်း မြိုင်မြို့နယ်က ရဲစခန်းနဲ့ စစ်တပ် ထောက်ခံတဲ့ ပျူရွာတရွာမှာ တပ်စွဲထားတဲ့ တပ် စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ၂ ဖက် ကျဆုံးမှုတွေ ရှိတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ မြိုင် ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။ အနီးကျေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ပြောင်းရွှေ့နေကြပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ်ထဲမှာရှိတဲ့ ကိုင်းတောမ ရဲစခန်းနဲ့ ဝက်ပုတ်ကျေးရွာ ပျူစောထီးစခန်းတွေကို သြဂုတ် ၇ ရက်နဲ့ ၈ ရက်တို့မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုလကျ်ာက ဗွီအိုအေကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်က လေကြောင်းကနေ အကြိမ် ၂၀ ကျော် ဗုံးကြဲတိုက်ခိုက်ပြီး ကာကွယ်ရေး တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့သလို စစ်တပ်နဲ့ပျူစောထီးဘက်က တပ်သားတွေ သေဆုံးတာတွေ ရှိပြီး သိမ်းဆည်းရမိတဲ့ လက်နက်တွေလည်းရှိတယ်လို့ ကိုလကျ်ာက အခုလို ပြောပါတယ်။

"၇ ရက်နေ့က ကိုင်းတောမ ရဲကင်းစခန်းကို သိမ်းလိုက်တာပေါ့။ ၈ ရက်နေ့က ပျူရွာကို သိမ်းတာပေါ့ ဝက်ပုတ်ကို။ ကိုင်းတောမက စခန်းက ကျွန်တော်တို့ အကုန်ဖျက်စီးလိုက်ပြီ။ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိုင်တာတို့ နေရာယူတာတို့ လုပ်လိုက်ပြီ။ စခန်းကို ဘန်ကာတွေ အဆောက်အဦးတွေ ဖျက်စီးတာတွေ လုပ်လိုက်ပြီ။ ကျွန်တော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေ ဝင်ထိုင်လိုက်ပြီပေါ့နော်။ (ပြည်သူ့ကာကွယ်ရေး) ၄ ဦးကျတယ်။ ၁၃ ဦး ဒဏ်ရာရတယ်။ စစ်ကောင်စီနဲ့ပျူဘက်က စစ်ကောင်စီကတော့ ကျရင် ၇ ဦးလောက်ကျမယ်။ ၁၀ ဦးလောက် အပြင်းအထန် ဒဏ်ရာရ သေနိုင်တာပေါ့နော်။ ၂၀ လောက်လည်း ဒဏ်ရာရသေးတယ်။ လေကြောင်းတိုက်ခိုက်မှုက ၁၂ ကြိမ် ၁၂ ကြိမ်ဆိုတာက ဗုံးကြဲတာကော ဘာကော ရမ်းပစ်တာတွေကောဆို အကြိမ် ၂၀ ကျော်မယ်။ စခန်းစွန့်ခွါသွားတော့ ပတ်ဝန်းကျင် တောတောင်ကောင်းတဲ့နေရာတွေ ဘုန်းကြီးကျောင်း စာသင်ကျောင်းတွေ အကုန်လိုက်ကြဲတာပဲ။ ကျွန်တော်တို့ တော်လှန်ရေး သမားတွေ ခိုအောင်းနိုင်မယ်ထင်တဲ့နေရာတွေ အကုန်လိုက်ကြဲတာပဲ။"

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း တိုက်ပွဲဖြစ်တဲ့နေရာအနီးကျေးရွာတွေက ဒေသခံပြည်သူ ၁၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေက ကိုင်းတောမရဲစခန်းနဲ့ ဝက်ပုတ်ကျေးရွာ ပျူစခန်းကို ၄ ရက်တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိခဲ့တာဖြစ်သလို စစ်သုံ့ပန်းတွေနဲ့ လက်နက်တွေကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း မြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။

ကိုင်းတောမ ရဲစခန်းဟာ စစ်တပ်ထောက်ခံတဲ့ ပျူစောထီး စခန်းတွေရဲ့ အလယ်မှာရှိပြီး စစ်ရေးအရ အရေးပါတဲ့ စခန်းတခုဖြစ်သလို ကာကွယ်ရေးပစ္စည်း (ကပစ) ၂ စက်ရုံ ကို ရေပေးဝေတဲ့ ရေစက်ကိုလည်း စောင့်ရှောက် ရတဲ့ ရဲကင်းစခန်းတခုလည်းဖြစ်ပါတယ်။

စခန်းတိုက်ခိုက်သိမ်းပိုက်ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

မကွေးတိုင်း ဆောမြို့နယ်က ကျောက်ထုတိုက်နယ်မှာလည်း စစ်တပ်ဘက်က တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် စစ်တပ်စခန်းအနီးကျေးရွာက ထောင်နဲ့ချီတဲ့ စစ ဒေသခံတွေက ကျေးရွာတွေကိုစွန့်ခွါပြီး ဘေးလွတ်ရာ တိမ်းရှောင်နေကြပါတယ်။

လက်ရှိအချိန် တောတောင်တွေထဲနေထိုင်ရပြီး နေထိုင်ရေးခက်ခဲရှိနေပါတယ်။ ကျောက်ထုတိုက်နယ်အခြေအနေနဲ့ ပတ်သက်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတဦးက အခုလိုပြောပါတယ်။

"ဒေသခံပြည်သူတွေက မနေရဲတော့ဘူးပေါ့နော်။ ဒီ (မင်းတပ်အခြေစိုက် ခမရ)၂၇၄ ကကော ကျောက်ထု အမြှောက်တပ်ကကော မထင်ရင် မထင်သလို လက်နက်ကြီးတွေနဲ့ထုတာ နေ့တွေကော ညတွေကော ရွှေ့ပြီးသားတွေက တောင့်တက်ရယ်ရေရှင်ရယ် ပြင်လယ်ရယ် ရွှေ့သွားပြီပေါ့နော်။ အဲ့ဒါက လုံးဝရွှေ့သွားပြီ။ နောက်ထပ် ရင့်ရဲ မြို့ပေါက် လောလောဆယ်ရွှေ့နေကြတယ်။ အားလုံးတော့ မကုန်သေးဘူး။ အခြေအနေကြည့်ပြီး ရွှေ့နေကြတာပေါ့။ ရမ်းပစ်တဲ့အခါကျတော့ အိမ်တွေပေါ်ကျတာလည်းရှိတယ်။ လယ်တောထဲ တောထဲ ကျွန်မတို့က စပါးစိုက်ချိန်ဆိုတော့ လယ်ထွန်နေတဲ့အချိန်ဆို လယ်ထဲတွေကိုကျတာ။ အဲ့လိုတွေမှန်တာပေါ့နော်။ တောင်သူတွေက ညလည်းအိမ်ကို ပြန်အိပ်ဖို့ အဆင်မပြေဘူး။ လယ်လည်းသွားလုပ်ဖို့ အဆင်မပြေတဲ့အခါကျတော့ တောထဲစခန်းတွေထဲ ရွှေ့ထားကြတာပေါ့နော်။ နေရာထိုင်ခင်း မိုးကာတဲတွေ အဆောက်အဦးတွေ လိုနေတာပေါ့။ ပြောင်းရွှေ့နေထိုင်ရတဲ့နေရာမှာ ရေအခက်အခဲရယ် အဆောက်အဦးရယ် လိုတာပေါ့။"

စစ်တပ်ဘက်က လက်နက်ကြီးတွေပစ်ခတ်လို့ ဇူလိုင်လအလယ်တုန်းက ဒေသခံ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ ဒါ့အပြင် သြဂုတ် ၃ ရက်ကလည်း ကျောက်ထုတိုက်နယ်ထဲက အနိမ့်ကျေးရွာကို စစ်ကြောင်းထိုးပြီး နေအိမ်တွေမီးရှို့တဲ့အတွက် နေအိမ် ၁၉ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့ဘက်မှာလည်း စစ်တပ်ထောက်ခံတဲ့ ပျူစောထီးကျေးရွာ ဘန့်ဘွေးရွာမှာ သြဂုတ် ၇ ရက်က ပျူစောထီးတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

သြဂုတ် ၈ ရက်မှာတော့ ဘန့်ဘွေးကျေးရွာနဲ့ ၁ မိုင်ခွဲအကွာက နဘူးတော ကျေးရွာကို စစ်တပ်ဘက်က စစ်ကြောင်းထိုးပြီး ဒေသခံ ၁၅ ဦးလောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးတော့ အသက်မပြည့်သေးတဲ့ ၁၅ နှစ်အရွယ် ကလေးငယ် ၁ ဦးကို သတ်ဖြတ်ခဲ့ပြီး ကျန်ဒေသခံတွေကို ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၉ ရက်မှာတော့ စစ်တပ်က အခိုင်အမာ တပ်စွဲထားတဲ့ ရွှေတောင်ဦးကုန်းပေါ်ကနေ ဘေးပတ်လည်ကျေးရွာတွေကို လက်နက်ကြီးတွေပစ်ခတ်တဲ့အတွက် ဒေသခံအများအပြား ဘေးလွတ်ရာနေရာတွေ တိမ်းရှောင်နေကြပါတယ်။

Forum

XS
SM
MD
LG