သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးတိုင်း တရုတ်ရေနံပိုက်လိုင်းနားတလျောက် PDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေ


The KBZ Bank in Natogyi town was damaged by bombardment from the military council on the morning of August 11, 2024. (Photo: Ground Team)
The KBZ Bank in Natogyi town was damaged by bombardment from the military council on the morning of August 11, 2024. (Photo: Ground Team)

မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့ပေါ်က စစ်တပ် တပ်စွဲထားတဲ့ ထွေအုပ်ရုံး ၊ ရဲစခန်း ၊ ဆောက်လုပ်ရေးရုံးနဲ့ မြို့နဲ့ ၁ မိုင်ခွဲအကွာက တရုတ်ရေနံပိုက်လိုင်းစောင့်တဲ့ ရဲကင်းတို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက သြဂုတ်လ ၁၀ ရက်နေ့ မနေ့က ဗျူဟာမြောက် စတင်တိုက်ခိုက်ခဲ့ပြီး ၂ ဖက် ထိခိုက်ကျဆုံးရှိတဲ့အထိ ပြင်းထန်ခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိတဲ့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။

ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ခိုက်တဲ့နေရာတွေကို စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြို့ပေါ်ရှိ KBZ ကမ္ဘောဇ ဘဏ်နဲ့ ရဲစခန်းတို့ကို ဗုံးသီးတွေကျရောက်ပေါက်ကွဲခဲ့သလို ရေနံပိုက်လိုင်းအနီး ကျေးရွာက ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိတယ်လို့လည်းဆိုပါတယ်။

သြဂုတ်လ ၁၁ ရက် ဒီကနေ့မှာတော့ တိုက်ပွဲဖြစ်တာမရှိတော့ပေမယ့် နွားထိုးကြီးမြို့ပေါ်ကို စစ်တပ်ဘက်က စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပြီး တိုက်ပွဲကြောင့် တိမ်းရှောင်နေတဲ့ ဒေသခံတွေရှိသလို မြို့တွင်းပိတ်မိနေတဲ့ ဒေသခံတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်းထဲမှာရှိတဲ့ စဉ့်ကူး ၊ မတ္တရာ ၊ သပိတ်ကျင်း စတဲ့မြို့တွေကို ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နေပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အနီးက ပုသိမ်ကြီးမြို့နယ်ထဲမှာလည်း တိုက်ပွဲတွေရှိနေချိန်မှာ နောက်ထပ် မန္တလေးမြို့အနီးက နွားထိုးကြီးမြို့က စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်လိုက်တာလည်းဖြစ်ပါတယ်။

မန္တလေးတိုင်းထဲက တရုတ်ရေနံပိုက်လိုင်းအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ချက်ချင်းသတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

Forum

XS
SM
MD
LG