မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအသစ်ဖြစ်ပေါ်ခဲ့ပြီး ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးများကို ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေဟာ ကောလဟလတွေသာဖြစ်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားရန်ရည်ရွယ်ချက်နဲ့ ဖြန့်ခဲ့ကြောင်း တပ်မတော် သတင်းနဲ့ ပြန်ကြားရေးက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
မကြာသေးခင် ရက်သီတင်းပတ်တွေအတွင်း ညီနောင်မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေမှာ လားရှိုးအခြေစိုက် ရှမ်းမြောက် စစ်ဌာနချုပ်အပါအ၀င် စစ်စခန်းတွေနဲ့ နယ်မြေတွေ ဆက်တိုက် ဆုံးရှုံးနေခဲ့တဲ့အပေါ် စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ တပ်မတော် ထောက်ခံသူတွေရဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရတာပါ။
စစ်ကောင်စီရဲ့ ထိပ်တန်းခေါင်းတွေကို ပြောင်းလဲဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နေပြည်တော်မှာ ဖမ်းဆီးထားတယ်ဆိုပြီး သတင်း ဆိုရှယ်မီဒီယာတွေမှာ အင်္ဂါနေ့က ဖေါ်ပြခဲ့ကြပါတယ်။
ဒီလို ပြောဆိုချက်တွေဟာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်ဖို့ ရည်ရွယ်ချက်နဲ့ ဝါဒဖြန့်နေကြတာလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးက ပြန်လည်ဖြေကြားမှု ဆိုပြီး ထုတ်ပြန်တဲ့ ဒီကနေ့ ကြေညာချက်မှာ ဖေါ်ပြထားပြီး နိုင်ငံတော် သစ္စာဖောက်တွေအဖြစ်လည်း စွပ်စွဲခဲ့ပါတယ်။ အဲဒီထဲမှာတော့
“နိုင်ငံတော် အကြီးအကဲနဲ့ တာ၀န်ရှိသူတွေအနေနဲ့ နိုင်ငံ့တာ၀န်တွေကို တက်ညီလက်ညီနဲ့ ဆောင်ရွက်နေကြောင်း" ဖေါ်ပြထားပါတယ်။
မနေ့က ထုတ်ပြန်တဲ့ စစ်ကောင်စီတာ၀န်ရှိသူတဦးရဲ့ ပြောကြားချက်မှာတော့- ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာမည့် တရုတ် နိုင်ငံခြားရေး၀န်ကြီး ၀မ်ရီဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံဖို့ရှိတယ်လို့ ဖေါ်ပြထားပါတယ်။
Forum