သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီပေါမြို့ကို TNLA ပူးပေါင်းတပ်တွေ အလုံးစုံသိမ်းပိုက်


သီပေါမြို့ကို TNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်
Credit to TNLA ( Telegram)
သီပေါမြို့ကို TNLA ပူးပေါင်းတပ်တွေ သိမ်းပိုက် Credit to TNLA ( Telegram)

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့အခြေစိုက် စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်တပ်ရင်းတခုဖြစ်တဲ့ ခြေမြန်တပ်ရင်း ခလရ ၂၃ ကို TNLA ပူးပေါင်းတပ်တွေက တနင်္ဂနွေနေ့ နေ့ခင်းက သိမ်းယူလိုက်တဲ့နောက် သီပေါမြို့ကို TNLA က အလုံးစုံသိမ်းပိုက်နိုင်လိုက်ပြီဖြစ်ပါတယ်။ ခလရ ၂၃ကို သိမ်းယူပြီးတဲ့နောက် စစ်ကောင်စီဘက်က စစ်သုံ့ပန်း ၅၀ကျော်နဲ့ တပ်မိသားစုဝင် ၁၀၀ လောက်ကို ထိန်းသိမ်းထားကြောင်း TNLA အတည်ပြုပါတယ်။ ရှမ်းပြည်နယ်ဘက်က စစ်ရေးပဋိပက္ခနောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

TNLA ပူးပေါင်းတပ်တွေဟာ သီပေါမြို့ကို ၂လကျော်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၁၃ရက်နေ့ တနင်္ဂနွေနေ့ နေ့ခင်းပိုင်းက နောက်ဆုံးကျန်ရှိနေတဲ့ ခလ၇ ၂၃ကို သိမ်းယူလိုက်တာပါ။ သီပေါမြို့ကို အလုံးစုံ သိမ်းယူနိုင်ပြီဖြစ်ကြောင်း TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက VOA ကို အတည်ပြုပါတယ်။

“ သီပေါမြို့ကိုတော့ ကျမတို့က မနေ့ နေ့လည် ၁နာရီဝန်းကျင်ပေါ့နော်။ နောက်ဆုံးကျန်ရှိတဲ့ ခလရ ၂၃ကို ကျမတို့ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။ အဲဒါကြောင့် လက်ရှိဆိုရင် သီပေါမြို့ကို ကျမတို့ အကုန်လုံး ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်။”

သီပေါမြို့မှာ ခမရ ၅၀၃၊ ၅၀၄နဲ့ ခလရ ၂၃တို့ အခြေစိုက် ထားတာပါ။ ခမရ ၅၀၃နဲ့ ၅၀၄ကို စက်တင်ဘာလ ၂၇ရက်နေ့က သိမ်းယူခဲ့ပြီး နောက်ဆုံး ကျန်ရှိတဲ့ ခလရ ၂၃ကို ၂လကျော်ကြာတိုက်ခိုက်ပြီးနောက် သိမ်းယူလိုက်တာလည်းဖြစ်ပါတယ်။

ခလရ ၂၃ကို သိမ်းယူပြီးတဲ့နောက် စစ်ကောင်စီဘက်က စစ်သုံ့ပန်း ၅၀ကျော်နဲ့ တပ်မိသားစုဝင် ၁၀၀ လောက်ကို ရမိခဲ့ကြောင်း TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ဆက်ပြောပါတယ်။

“ စစ်သုံ့ပန်းတွေထဲမှာဆို တပ်သားကျတော့ ၅၀ အထက်ရှိမယ်။ ပြီးတော့ တပ်မိသားစုဝင်တွေလည်း ၁၀၀ကျော် ရှိပါတယ်။ ဒီတပ်မိသားစုတွေကိုတော့ ကျမတို့က ပြန်လွှတ်ပေးဖို့ရှိပါတယ်။”

လက်နက်ခဲယမ်းတွေ သိမ်းဆည်းမိတာရှိပေမဲ့ စာရင်းအတိအကျ မသိရသေးကြောင်းနဲ့ ခလရ ၂၃ ကို သိမ်းပိုက်ပြီးနောက် မနေ့ညကနဲ့ ဒီကနေ့မနက်အထိလည်း လေကြောင်းက တိုက်ခိုက်နေပါတယ်။

ဇွန်လ ၂၅ရက်နေ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလမှာ TNLA တပ်ဖွဲ့ဟာ သီပေါမြို့နဲ့ဆို မြို့ကြီး ၅မြို့ကို သိမ်းယူထားပြီလည်းဖြစ်ပါတယ်။

သီပေါမြို့သိမ်းယူပြီးနောက် နောင်ချိုမြို့နယ် တောင်ခမ်းမှာတော့ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲပါ။

တချိန်တည်းမှာပဲ MNDAA ကိုးကန့်တပ်သိမ်းပိုက်ထားတဲ့ လားရှိုးမြို့နယ်က အီနိုင်းရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ဦးသေဆုံးပြီး ကလေးငယ်တဦးအပါအဝင် ၂ဦး ဒဏ်ရာရခဲ့ပါတယ်။

MNDAA သိမ်းယူထားတဲ့ လားရှိုးမြို့အနောက် အီနိုင်ရွာကို တနင်္ဂနွေနေ့ ည သန်းခေါင်ကျော် တနင်္လာနေ့ မနက် ၁၂နာရီ ၁၀မိနစ်အချိန်မှာ စစ်ကောင်စီတပ်က ပေါင် ၅၀၀ဗုံး ၂လုံးအပါအဝင် ဗုံး ၇လုံးကြဲချခဲ့ကြောင်း လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဆိုတဲ့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း၊ ဆေးခန်းနဲ့နေအိမ် ၂၀ကျော် ပျက်ဆီးပြီး လူ၃ဦးသေဆုံးပြီး လူ ၃ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း MNDAA အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

MNDAAက သြဂုတ်လဆန်းမှာ လားရှိုးမြို့ကို သိမ်းယူပြီးနောက် စစ်ကောင်စီဘက်က လားရှိုးမြို့နယ်ကို လေကြောင်းက အနည်းဆုံး ၁၆ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၂ဦးခန့် သေဆုံးပြီး ၆၀နီးပါး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ သီပေါမြို့ ကို TNLA ပူးပေါင်းတပ်တွေ သိမ်းလိုက်နိုင်တဲ့သတင်းနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG