သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်ကလုန်းမုန်တိုင်း တိုက်နိုင်ခြေ မိုးဇလ အထူးသတိပေး


ရန်ကုန်မြို့ပေါ်က ရေကြီးနေတဲ့လမ်းတွေပေါ် သွားလာနေတဲ့ မော်တော်ယာဉ်များကိုတွေ့ရစဉ် (အောက်တိုဘာ ၂၁၊ ၂၀၂၄)
ရန်ကုန်မြို့ပေါ်က ရေကြီးနေတဲ့လမ်းတွေပေါ် သွားလာနေတဲ့ မော်တော်ယာဉ်များကိုတွေ့ရစဉ် (အောက်တိုဘာ ၂၁၊ ၂၀၂၄)

ဒီကနေ့ အောက်တိုဘာလ ၂၂ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းက ပိုအားကောင်းလာနေပြီး နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် (အဝါရောင်အဆင့်)ကနေ အားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်း အသွင်ပြောင်း တိုက်ခတ်လာနိုင်တဲ့အတွက် အထူးသတိထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက သတိပေးနိုးဆော်နေပါတယ်။ ရန်ကုန်တိုင်း အပါအဝင် နေရာတော်တော်များများမှာ မကြုံစဖူး စံချိန်တင် မိုးများရေကြီးရေလျှံမှုတွေဖြစ်နေတဲ့အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ဒီရက်ပိုင်းအတွင်း နာရီပိုင်းမှာပဲ မုန်တိုင်းငယ်ကနေ ဆိုင်ကလုန်မုန်တိုင်းအဖြစ် အသွင်ပြောင်းပြီး ပြင်းပြင်းထန်ထန်မုန်တိုင်း တိုက်ခတ်လာနိုင်တဲ့အတွက် အထူးသတိထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက မုန်တိုင်းလမ်းကြောင်းအတိုင်း အချိန်နဲ့တပြေးညီ ဆက်တိုက် မိုးလေဝသသတိပေးချက်တွေ ထုတ်ပြန်နေပါတယ်။

လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာအပြင် ရုတ်တရက် ရေကြီးတာနဲ့ မြေပြိုတာစတဲ့ နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်တွေကို အထူးသတိထားကြဖို့လည်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနဒုတိယညွန်ကြားရေးမှူး ဦးလှထွန်းက VOA ကနေ အခုလိုသတိပေးထားပါတယ်။

“ဒီလေဖိအားနည်း ရပ်ဝန်းက နောက် မုန်တိုင်းတွေ ဘာတွေလည်း ဖြစ်နိုင်တယ်ဆိုတော့ သူ့ရဲ့ အရှိန်ကြောင့် ရန်ကုန်ရော အောက်ပိုင်းတခုလုံးရောပေါ့ မိုးတွေကတော့ နောက် ၂ ရက် ၃ ရက်လောက်တော့ ရွာနေအုံးမှာပေါ့။ မုန်တိုင်းက မြန်မာပြည်ဘက်ကိုတော့ ဝင်မယ့် အလားအါလာတော့ မရှိဘူး။ အန္ဒိယတို့ ဘင်္ဂလားဒေ့ရှ်တို့ အဲ့ဘက် သွားမှာ၊ သူ့အရှိန်က ရှိနေတဲ့ခါကျတော့ မြန်မာနိုင်ငံအနောက်ဘက်ခြမ်းတွေက အဲ့နေရာတွေကတော့ မိုးများနိုင်တယ်။ နောက် မြစ်ဝကျွန်းပေါ် ရန်ကုန်ပေါ့လေ။ မိုးများတဲ့အတွက် တောင်ကျရေတို့ ရေကျော်တာတို့လည်း သတိထားရမှာပေါ့နော်။ ပုံမှန်မြစ်ရေကြီးတဲ့ ပဲခူးတို့ တောင်ငူတို့ပေါ့၊ အဲ့ဖက်က မိုးကတော့ သိပ်များဖို့တော့ မရှိဘူး။ မိုးကတော့ မြစ်ဝကျွန်းပေါ် ဖြစ်တဲ့ ရန်ကုန်အပါအဝင်ပေါ့ အနောက်ခြမ်း ရခိုင်၊ ချင်း၊ စစ်ကိုင်းပေါ့။ အဓိကက မြစ်ရေကြီးတာထက် ချောင်းရေကြီးတာကို ပိုသတိထားရမယ်။ တောင်ကျရေများတာတို့ ဘာတို့ပေါ့၊ တောင်ကျရေကြောင့် ချောင်းတွေ ရေလျှံတာတို့ပေါ့ အဲ့ဒါတွေကို သတိပြုရမယ်။ အဓိကက မုန်တိုင်းနဲ့ အတူပါလာနိင်တဲ့ ရေပေါ့၊ မိုးများလို့ ရေကြီး ရေလျှံတာရဲ့ နောက်ဆက်တွဲ မြေပြိုတာပေါ့၊ မိုးများရင် မြေပြိုတတ်တာကိုး။ အဓိကက မြေပြိုးနိုင်တဲ့ နေရာတွေကို သတိပြုဖို့လိုတာပေါ့နော် ဒီမိုးက၊ မုန်တိုင်းကလည်း ၂၄ ရက်နေ့လောက် အိန္ဒိယဘက်ကို သွားနိုင်တယ်။”

မိုးဇလကထုတ်ပြန်ကြေညာထားတဲ့ မုန်တိုင်းငယ်လမ်းကြောင်းပြမြေပုံ
မိုးဇလကထုတ်ပြန်ကြေညာထားတဲ့ မုန်တိုင်းငယ်လမ်းကြောင်းပြမြေပုံ

ဒီကနေ့ အောက်တိုဘာလ ၂၂ ရက်ကနေ နောက်ထပ် ၃ရက် အတွင်း မိုးကြီးနိုင်ပြီး လေပြင်းတိုက်ခတ်လာနိုင်သလို နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်ကနေ ဆိုင်ကလုန်းမုန်တိုင်း အဖြစ် တိုက်ခတ်မယ့်အကြောင်း မိုးဇလက သတိပေးထားတာပါ။

မနေ့အောက်တိုဘာလ ၂၁ရက်နေ့ ညနေကတည်းက ရွှေပြည်သာမြို့နယ်က ရပ်ကွက်တွေမှာ ရေအနည်းငယ် တက်နေတာကနေ ညပိုင်း မိုးသည်းသည်းထန်ထန် ရွာလိုက်တဲ့အတွက် ဒီကနေ့ မနက်ပိုင်းကစလို့ ရွှေပြည်သာ ကုန်းမြင့်ပိုင်း ရပ်ကွက်တွေမှာတောင် ဒူးဆစ်မြုပ်တဲ့အထိ ရေတွေ တက်လာနေပြီဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“မနက်က မိုးက ထပ်ရွာပြီးတော့ ရေတွေက အိမ်တွေထဲကို ဝင်ကုန်ရော။ အိမ်တွေက ကျွန်တော်တို့ အပိုင်း ၄၊ ၅၊ ၁၀အိမ်ကျော်ပေါ့ အဲ့ဒီကို(နေ့လယ်ကစပြီး) ရေစဝင်ပြီးတော့ ရေတွေက တက်လာရော။ ကျန်တဲ့နေရာတွေ ကျွန်တော်မေးကြည့်တော့ ကျန်တဲ့နေရာတွေက မနက်က အစောကြီးကတည်းက ရေတက်တာတဲ့၊ များနေပြီတဲ့။ ကျန်တဲ့နေရာတွေက ပိုတက်တာပေါ့နော်။ ကျွန်တော်တို့ထက် နိမ့်တဲ့ နေရာတွေက ရေက ခြံထဲရော အိမ်ထဲရော အကုန်ဝင်ကုန်ပြီ။ (ထ) ရပ်ကွက်ဆိုရင် အိမ်တွေရော ဆိုင်ခန်းတွေရော လမ်းမမှာ ဆိုင်ခန်းတွေရောဆိုရင် (ရေဝင်တာ) အိမ်ခြေ ၃၊ ၄၊ ၅၀ လောက်က အနည်းဆုံးပဲ။ လမ်းမကြီးမှာ လမ်းသွယ်တွေမှာ အကုန်လုံး ရေအပြည့်။ လမ်းလျှောက်တာနဲ့ ဒူးကောက်ဆစ်လောက် ရှိတယ်။ အဲ့လောက် လမ်းလျှောက်ရတယ် လမ်းထဲမှာ ရေတွေက။”

ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းရာဂီ ဒဏ်ကြောင့်လည်း ရန်ကုန်မြို့က မြို့နယ်တချို့မှာ ရေကြီးခဲ့ပါတယ်။ ခုတခေါက်ရေကြီးတာဟာ ရာဂီဆိုင်ကလုန်း တိုက်ခတ်တုန်းက ရေကြီးတာထက် ပိုဆိုးဝါးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလော ညလုံးပေါက် မိုးများလို့ ရန်ကုန်မြို့နဲ့ ဆင်ခြေဖုန်းရပ်ကွက်တွေ မြေနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေတွေ ဝင်လာလို့ အရေးပေါ်ရွှေ့ပြောင်းဖို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့ မြို့နယ်အလိုက် ကူညီကယ်ဆယ်ရေး အဖွဲ့တွေကလည်း ကူညီပေးနေကြရတာတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၂၀ရက်နေ့ ညကနေ ဒီနေ့မနက် အောက်တိုဘာလ ၂၂ရက် နေ့အထိ မိုးသည်းသည်းထန်ထန် ရွာသွန်းတာကြောင့် ရန်ကုန်မြို့လည်အပါအဝင် မြောက်ဒဂုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်စတဲ့ မြို့နယ်အချို့မှာ ရေကြီးရေလျှံတာဖြစ်ပေါ်နေသလို ကားလမ်းတွေ ရေကျော်တာမို့ ကားပိတ်တာတွေကြုံနေရတယ်လို့ ရန်ကုန်ဒေသခံတွေက ပြောပါတယ်။

အခုတိုက်ခတ်လာနေတဲ့ မုန်တိုင်းအရှိန်ကြောင့် ဒီသီတင်းပတ်ထဲမှာကို ရန်ကုန်တိုင်းအပါအဝင် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း ၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း တနင်္သာရီတိုင်းချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ မိုးသည်းထန်ရွာသွန်း မိုးများရေကြီး မြေပြိုကျမှုတွေနဲ့ လေပြင်းတိုက်ခတ်မှုတွေဖြစ်လာနိုင်တယ်လို့ မိုးဇလက သတိပေးနေတာပါ။

မုန်တိုင်းငယ်ကနေ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်တဲ့အထိ လေပြင်းထန်နိုင်တာကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးနိုင်သလို မိုးသက်လေပြင်းကျချိန်မှာ လှိုင်းအမြင့်တက်နိုင်တာကို လည်း အထူးသတိပြုဖို့ တိုက်တွန်းထားပါတယ်။

အောက်တိုဘာလ တတိယပတ်ထဲ ကချင်ပြည်နယ် မြစ်ကီးနား ဗန်းမော် ရွှေကူ ကသာဘက်မှာ မြစ်ရေချိန်မြင့်တက်လာနိုင်နေသလို ချင်းတွင်း ဟုမ္မလင်း ဖောင်းပြင် မော်လိုက်ဘက်မှာလည်း လက်ရှိရေအမှတ်ထက်ကို မြင့်တက်လာနေပါတယ်။ စစ်တောင်းမြစ် တောင်ငူ မဒေါက်ဘက် မြစ်သာမြစ် ကလေးမြို့၊ ရွှေကျင် ပဲခူးဇောင်းတူ သံလွင်မြစ် ဘားအံ သောင်းရင်းမြစ် မြဝတီမြို့နဲ့ ငဝန်မြစ် သာပေါင်း၊ ပုသိမ်ဘက်။ ဘီလင်းမြစ် ဘီလင်းမြို့တွေမှာ လက်ရှိ ရေမှတ်ထက်ကို မြင့်တက်လာနိုင်တယ်ဆိုတာကို မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက သတိပေးနိုးဆော်ထားပါတယ်။

မြန်မာနိုင်ငံအနှံ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မုန်တိုင်းဒဏ်ကြောင့် အောက်တိုဘာ ၂၅ ရက်နေ့လောက်အထိ မိုးသည်းထန်နိုင်တယ်လို့ မိုးဇလက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG