ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆) ထိမ်းချုပ် နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ပြည်သူ့ကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မူ့တွေ ဆက်တိုက်လုပ်တဲ့အတွက် ဒေသခံတွေ ထိခိုက်သေဆုံးတာ ဒဏ်ရာရတာတွေလည်းရှိနေပါတယ် ။ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး-တပ်မဟာ(၆) ထိမ်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်မှာ အောက်တိုဘာလ ၂၆ နဲ့ ၂၇ ရက်နေ့တွေ တိုက်ပွဲတွေပြင်းထန်နေပြီး၊ စစ်ကောင်စီဘက်က မြ၀တီကိုအပြည့်အ၀ ထိမ်းချုပ်နိုင်ဖို့ နဲ့ အာရှလမ်းပြန်ဖွင့်နိုင်ရေးကြိုးစားနေပါတယ်။ ဒီအတွက် နှစ်ဖက်တိုက်ပွဲတွေလည်းပြင်းထန်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖဲွ့ကခေါင်းဆောင်တဦးက VOA ကို ပြောပါတယ်။
" အခု လ အောက်တိုဘာလ ၂၆ ရက် ၂၇ ရက်နေ့ကပေါ့၊ ကော့ကရိတ် လှိုင်၀ ရွာသစ်ကုန်း ကော့နွဲ့တို့မှာ စစ်ကောင်စီက ထိုးစစ်ဆင်ဖို့ပြင်ဆင်တာပေါ့၊ ကျနော်တို့ KNLA /PDF က ပိတ်ဆို့ထားတော့ သူတို့က ထိုးစစ်မဆင်နိုင်ဘူးဖြစ်နေတယ်၊ အောင်ဇေယျစစ်ကြောင်းက မြ၀တီကုန်သွယ်ရေးဇုန်မှာ အာရှလမ်းဖွင့်ဖို့ကြိုးစားနေတယ်၊ အာရှ လမ်းဖွင့်ဖို့ညှိနှိုင်းတယ် ညှိနှိုင်းမရတော့ထိုးစစ်ဆင်လာတာပေါ့ ၊တိုက်ပွဲကတော့ပြင်းတယ် ရှေ့ဆက်လည်းပြင်းလာမယ် ပွင့်လင်းရာသီရောက်ပြီဆိုတော့ သူတို့ကလည်းအာရှလမ်းကို ပြန်လိုချင်တယ် ဒီအတွက် တိုက်ပွဲတွေကတော့ ပြင်းလာဦးမှာပဲ။"
ကော့ကရိတ်မြို့အဝင် လှိုင်ဝ၊ ကွက်သစ်၊ တံတန်ကူး၊ ကော့နွဲ၊ ရွာသစ်ကုန်းနေရာတွေဘက်မှာ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းတွေနဲ့ KNLA/PDF တပ်တွေအကြား တိုက်ပွဲတွေဖြစ်နေပါတယ် ။
အလားတူ ကိုးတိုင်၊ ကျုံဒိုးလမ်းပိုင်းဘက်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ နယ်ခြားစောင့်တွေ တွဲပြီး လုံခြုံရေးတင်းကြပ် စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ကျုံဒိုးစစ်ကောင်စီတပ်တွေနဲ့ ကျုံဒိုး BGF တို့ဟာ လေးတိုင်ရွာဘက်က အောင်ချမ်းသာဘုန်းကြီးကျာင်းမှာ တပ်စွဲပြီး နယ်မြေစိုးမိုးနိုင်ရေးလုပ်ဆောင်နေပါတယ်။ နှစ်ဖက်တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး၊
တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ ပနော်ကလဲခီးရွမှာတော့ အောက်တိုဘာလ(၂၅)ရက်နေ့ကစစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂လုံးကြဲချတဲ့အတွက် ဒေသခံအမျိုးသား(၁)ဦး သေဆုံး၊ (၁)ဦး ဒဏ်ရာရရှိခဲ့သလို ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုလည်း ပျက်စီးခဲ့ကြောင်း ကေအန်ယူဗဟိုကလည်း သတင်းထုတ်ပြန်ထားပါတယ် ။ အခုဆိုရင် ကရင်ပြည်သူတွေ ရှိရာကျေးရွာတွေကိုပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ဒေသခံလူထုတွေထိခိုက်နစ်နာရတယ်လို့လည်း ကရင်လူ့အခွင့်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက VOAကိုပြောထားပါတယ်။
"ကျေးရွာတွေထဲကို သူတို့က တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ကျေးရွာတွေထဲကိုလက်နက်ကြီးနဲ့ပစ်ခတ်တာရှိတယ်။ လေကြောင်းကနေ တိုက်ခိုက်မူတွေလည်းရှိတယ်။ ဒါတွေက လူထုကထိခိုက်နစ်နာတာပေါ့။"
အခုဆိုရင် ကေအန်ယူ ထိမ်းချုပ်ရာ တပ်မဟာ (၃) ညောင်လေးပင်ခရိုင် တပ်မဟာ ၅ ဖာပွန်ခရိုင် တပ်မဟာ (၆) ဒူးပလာယာခရိုင် တွေမှာလည်း နှစ်ဖက်တိုက်ပွဲတွေကြောင့်ရော လက်နက်ကြီးနဲ့ ပစ်ခတ်မူ့တိုက်ခိုက်မူတွေကြောင့်ပါ ဒေသခံတွေသေဆုံးတာဒဏ်ရာရတာတွေ အိုးအိမ်ပျက်စီးတာတွေလည်းဖြစ်ပေါ်နေပါတယ်။
Forum