စစ်တပ်အာဏာသိမ်းပြီးနောက် အဖမ်းဆီးအထိန်းသိမ်းခံခဲ့ရပြီး အဂတိလိုက်စားမှုစွပ်စွဲချက်တွေနဲ့ အိုးဘိုထောင်မှာ ထောင်ဒဏ် ၂၈ နှစ် ကျခံနေရတဲ့ NLD အစိုးရလက်ထက်က လျှပ်စစ်ဝန်ကြီးဟောင်း ဦးဝင်းခိုင်ကို စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တယ်လို့ သူနဲ့နီးစပ်သူတဦးက ဗွီအိုအေကို အတည်ပြုပါတယ်။
လျှပ်စစ်ဝန်ကြီးဟောင်း ဦးဝင်းခိုင် ဟာလက်ရှိမှာ ကျန်းမာရေးမကောင်းလို့ အရေးပေါ် ဆေးဝါးကုသမှုခံယူနေရတယ်လို့ ပြောပါတယ်။ အခြေအနေ အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲရှိတယ်လို့ အဲဒီနီးစပ်သူကပြောပါတယ်။
NLD အစိုးရလက်ထက်က လျှပ်စစ်ဝန်ကြီးဟောင်း ဦးဝင်းခိုင်ဟာ စစ်ကောင်စီအာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဖမ်းဆီးခံခဲ့ရကာသူ့ကို နိုင်ငံ့ဘဏ္ဍာငွေ ကျပ် ၆ ဘီလီယံခန့် နစ်နာမှုကြောင့်လို့ဆိုကာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၅ နဲ့ အမှုဖွင့်ပြီးနောက်စစ်ကောင်စီက ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခံခဲ့ရသူပါ။
ဦးဝင်းခိုင်ဟာ NLD အစိုးရလက်ထက်မှာ ဆောက်လုပ်ရေးဝန်ကြီးအဖြစ် စတင် ခန့်အပ်ခံရသူဖြစ်ပြီး အဲ့ဒီကနေတစ်ဆင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံရသူဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၇၃နှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ထောင်တွင်းအမောဖောက်ကာ အမူးလဲတာကြောင့် ထောင်ပြင်ပဆေးရုံမှာအချိန်ကြာ ဆေးကုသခဲ့ရသူပါ။
အိုးဘိုထောင်ကနေ အောက်တိုဘာ ၆ ရက်နေ့ကလည်း NLD အစိုးရလက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို အရေးပေါ်ကုသနေချိန်မှာ မကွယ်လွန်ခင် နာရီပိုင်းမှာမှ လွတ်ငြိမ်းခွင့်ပေးခဲ့တာရှိခဲ့ပါတယ်။
အာဏာသိမ်းလိုက်ချိန်ကစလို့ နိုင်ငံတဝန်းအကျဉ်းထောင်တွေထဲ ဆေးကုသခွင့်ခက်ခဲတာ၊ ဆေးဝါးပေးပို့ခွင့် ကန့်သတ်ချက်တွေကြောင့် သေဆုံးရသူက အယောက် ၇၀ ဝန်းကျင်ရှိပြီး ၂၀၂၄ခုနှစ် တနှစ်ထဲမှာကို ဆုံးပါးရသူ ဦးရေ အယောက် ၂၀နီးပါးရှိနေတယ်လို့ အကျဉ်းသားကူညီစောင့်ရှောက်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။
Forum