သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုလဲစစ်ဘေးရှောင်သုံးသောင်း အရေးပေါ်အကူအညီလိုအပ်နေ


စစ်ကိုင်းတိုင်း ပုလဲမြို့
စစ်ကိုင်းတိုင်း ပုလဲမြို့

ကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ မြို့သိမ်း စစ်ဆင်ရေးကြောင့် တိုက်ပွဲတွေပြင်းထန်လို့တိမ်းရှောင်နေရတဲ့ ပုလဲမြို့နယ်က စစ်ဘေးရှောင် ၃ သောင်းလောက်ဟာ နေရပ်မပြန်နိုင်သေးဘဲ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ မြင်းခြံမြို့နယ်မှာလည်း စစ်တပ်ထောက်ခံသူ ပျူစောထီးတွေက ကျေးရွာတွေထဲက အသုံးအဆောင်တွေကို ယူဆောင်နေတဲ့အတွက် လုံခြုံရေးစိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းထဲက အခြေအနေတွေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က စစ်ကိုင်းတိုင်း ပုလဲမြို့ပေါ်က စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့ပေါ်ကဒေသခံတွေနဲ့ မြို့အနီးက ဒေသခံတွေဟာ တိုက်ပွဲတွေနဲ့ဝေးရာနေရာတွေကို တိမ်းရှောင်နေရတာပါ။ တိုက်ပွဲပြင်းထန်တာကြောင့် မြို့အနီး ၄ မိုင်ပတ်ချာလည်က ကျေးရွာ ၂၀ နီးပါးက ဒေသခံ ၃ သောင်းလောက်ဟာ ဘေးလွတ်ရာ တိမ်းရှောင်နေရတာ ၂ ပတ်နီးပါးရှိလာပြီဖြစ်တဲ့အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

လတ်တလော စားသောက်ရေးအဆင်ပြေနေပေမယ့် ကျန်းမာရေးအတွက် ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက အခုလို ပြောပါတယ်။

"မြို့ပေါ်အခြေအနေက စကစ ကပဲ လွှမ်းမိုးထားတာ ဖြစ်တဲ့အတွက် ပြည်သူတွေကတော့ လွတ်ကင်းရာနေရာတွေမှာ တိမ်းရှောင်နေရတာပေါ့။ မြို့ပေါ်အပြင် ရှောင်နေရတာက ပုလဲမြို့နဲ့ ၂ မိုင် ၁ မိုင် ဖာလုံအနေနဲ့ဆို ၄ ဖာလုံ ၂ ဖာလုံ အဲ့လောက်အကွာအဝေးတွေက စပြီးတော့ ရှောင်နေရတာပေါ့။ ရွာပေါင်း ၂၀ လောက် အနည်းဆုံးရှိမယ်။ လူဦးရေအနေနဲ့ ကျွန်တော်တို့ စစ်တမ်းကောက်မှုအရ ၃ သောင်းကျော်မယ်။ အခက်အခဲကတော့ စားဝတ်နေရေးကတော့ အဆင်ပြေတယ်။ ဆေးဝါးနဲ့ ပတ်သက်လို့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကူညီပေးဖို့တော့ မေတ္တာရပ်ခံ တောင်းဆိုချင်တာပေါ့။ ရာသီဥတု အပြောင်းအလဲကြောင့် ဖျားတာတွေဘာတွေရှိတယ်။ အဓိက ပုလဲမြို့ပေါ့ ပုလဲမြို့ကနေ အဓိက ထွက်လာတဲ့ သူတွေမှာ တခါမှ မကြုံဖူးတဲ့ လေယာဉ်ပစ်သံတွေကို ကလေးသူငယ်တွေနဲ့ သက်ကြီး ရွယ်အိုတွေ ကြောက်လန့်တကြီးဖြစ်နေတာတော့ ကျွန်တော်ကိုယ်တိုင် တွေ့မြင်ထားတာ ရှိပါတယ်။"

နိုဝင်ဘာ ၁၁ ရက်က ပုလဲမြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေကို ကာကွယ်ရေး တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲ ၂ ရက်ကြာချိန်မှာ စစ်တပ်ဘက်က ရဟတ်ယာဉ်တွေနဲ့ စစ်အင်အားဖြည့်တင်းတာ ပစ်ကူပေးတာတွေကြောင့် ကာကွယ်ရေး တပ်ဖွဲ့တွေ မြို့ပေါ်ကနေ ပြန်လည် ဆုတ်ခွာပေးခဲ့ရပါတယ်။

အဲ့ဒီနောက် မြို့ပေါ်ကို စစ်ကောင်စီက ပြန်လည်စိုးမိုးလိုက်ပြီး နေအိမ်အချို့လည်း မီးရှို့ခံရတာတွေ ရှိခဲ့ပါတယ်။ တိုက်ပွဲအတွင်း ကာကွယ်ရေး တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ပြီး စစ်သုံ့ပန် ၂၅ ဦးလည်း ဖမ်းဆီးမိခဲ့သလို လက်နက်တွေလည်း သိမ်းဆည်းရမိတယ်လို့ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် က သတင်းထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာဆိုရင်လည်း နိုဝင်ဘာ ၂၄ ရက်က မြို့နဲ့ ၃ မိုင်ခန့်အကွာမှာရှိတဲ့ ကျေးရွာတွေကို စစ်တပ် ထောက်ခံတဲ့ ပျူစောထီးတွေ ဝင်ရောက်လာပြီး အရပ်သား ဒေသခံတွေရဲ့ အသုံးအဆောင် ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ မြင်းခြံဒေသခံတဦးပြောတာက

"မြင်းခြံမြို့နဲ့ ၃ လောက်အကွာမှာရှိတဲ့ ပျော်ဘွယ် စံပြ သဲတော ခင်မကန် မြောက်ကုန်း အဲ့ရွာတွေကို စစ်ကောင်စီက ဝင်ပြီးတော့ ရွှေတွေ ငွေတွေ လက်ဝတ် လက်စားတွေ အကုန်ယူသွားတယ်။ လယ်သစ်(ကျေးရွာ) က ပျူစောထီး ငပေါက်နဲ့ စစ်ကောင်စီနဲ့လာတာ။ အမျိုးသမီးတွေဆိုရင် နားဋောင်းတွေကအစ ချွတ်ယူသွားတယ်။ ဆိုင်ကယ်တွေကို အကုန်ယူသွားတယ်။ အလာတုန်းက ခြေလျင်စစ်ကြောင်းနဲ့ လာတာ အပြန်လူတိုင်း ဆိုင်ကယ်နဲ့ ပြန်ကုန်ကြတယ်။"

နေအိမ်တွေ မီးရှို့ခံရတာမရှိဘဲ လက်ဝတ်လက်စား အသုံးအဆောင်တွေ ယူဆောင်သွားပြီးတဲ့နောက် စစ်တပ် စစ်ကြောင်းဟာ ကျေးရွာထဲကနေ မြင်းခြံမြို့ပေါ်ကို ပြန်လည် ထွက်ခွါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ မြင်းခြံမြို့နယ်ထဲက ကူရွာ ၊ ကွမ်းစိုက်နဲ့ ခြေဆေးရွာတွေဘက်မှာလည်း ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က နောက်ဆုတ်ထားပေးတာကြောင့် တိုက်ပွဲတွေ မရှိတော့ပေမယ့် စစ်ရေးတင်းမာနေပြီး အဝေးထိန်းဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေတော့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ အဲ့ဒီဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေရှိနေလို့ နယ်မြေရှင်းလင်းရတာဖြစ်တယ်လို့ ထုတ်ပြန်လေ့ရှိပါတယ်။ ဒီလို နယ်မြေရှင်းလင်းမှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ စစ်ဘေးရှောင်အရေအတွက်က နေ့စဉ်နဲ့အမျှ တဖြည်းဖြည်း တိုးလာနေပါတယ်။

Forum

XS
SM
MD
LG