သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသင့်စားကုန်ဆိုင်ရာ အန္တရာယ်


FDA အမေရိကန်အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ ၊အစားအစာဘေးကင်းရေးနဲ့ စစ်ဆေးရေးဌာန FSIS က ပုံနှင့်တကွ ထုတ်ပြန်တဲ့ တားမြစ်တဲ့မြန်မာအစားအစာများ
FDA အမေရိကန်အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ ၊အစားအစာဘေးကင်းရေးနဲ့ စစ်ဆေးရေးဌာန FSIS က ပုံနှင့်တကွ ထုတ်ပြန်တဲ့ တားမြစ်တဲ့မြန်မာအစားအစာများ

အမေရိကန်နိုင်ငံကို တရားမဝင် တင်ပို့ဝင်ရောက်လာတဲ့ မြန်မာစားကုန်တချို့ သတိပေးခံနေရချိန်မှာ၊ စားကုန်တွေပိုးဝင်ပြီး နေမကောင်း ဖြစ်နိင်တာကို သိထားသင့်တယ်လို့ အာဟာရပညာရှင်တွေက သတိပေးပြောဆိုပါတယ်။

အသင့်စားကုန်တချိ့ မကောင်းတော့တာကို စားသုံးမိပြီး နေထိုင်မကောင်း (Foodborne Illness) ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ ဒီစားကုန်တွေမှာ ဘက်တီရီးယား၊ ဗိုင်းရပ်စ်၊ မှို၊ ကပ်ပါးစတဲ့ ပိုးတွေ တွယ်ကပ်ပါလာတာကြောင့်ပါ။ အထူးသဖြင့် မြန်မာနိုင်ငံက လူတချို့အနေနဲ့ အခုလို အစာတွေစားအပြီး ဝမ်းသွားတာ၊ ခေါင်းမူးတာ၊ ဗိုက်နာတာ၊ မအီမသာဖြစ်တာ၊ အော့အန်တာနဲ့ ဝမ်းထဲသွေးပါတာ ဖြစ်လာတာအထိကို အမှုမဲ့အမှတ်မဲ့ သဘောထားတတ်ကြပေမဲ့၊ တဖြည်းဖြည်း ပြင်းထန်တဲ့အဆင့် ရောက်သွားလျှင် အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်။

အခုလိုမဖြစ်ဖို့အတွက် ဒီစားကုန်တွေ ဝယ်ယူချိန်မှာ ဘေးကင်းမကင်း သိနိုင်တာတခုကတော့ ဈေးလျှော့ရောင်းတာမျိုးတွေကို သတိထား မဝယ်မိဖို့ပါ။ များသောအားဖြင့် ဒီစားကုန်တွေ သက်တမ်းကုန်ခါနီးမှာ တစ်ခုဝယ်လျှင် နောက်တစ်ခု အလကားပေးလိုက်တာမျိုး အမြန်ကုန်အောင် ရောင်းချတာကို သတိပြုသင့်ပါတယ်။ သက်တမ်းကုန်မဲ့ ကာလမတိုင်ခင် စားသုံးဖို့ ဖြစ်နိုင်ခြေ နည်းနေလျှင်တော့ မဝယ်သင့်တော့ပါဘူး။ မြန်မာတချို့အနေနဲ့ ဒါမျိုးကို ဝယ်ပြီးမှ သက်တမ်းကုန်နေတာကို နှမျှောမိတာကြောင့် စားမိတာကနေ၊ ဒီအစာမှာပါလာတဲ့ ပိုးတခုခုကြောင့် နေထိုင်မကောင်း ဖြစ်သွားနိုင်ပါတယ်။

ဒါ့အပြင် အမေရိကန်လိုနိုင်ငံမျိုးမှာ တခြားနိုင်ငံက အသား ငါးတွေနဲ့ လုပ်ထားတဲ့ စားကုန်တွေကို တင်သွင်းခွင့် မရှိတာမို့ အစစ်ဆေးခံရနိုင်ပါတယ်။ အခုလို အမေရိကန်အနေနဲ့ မြန်မာက တရားဝင် တင်သွင်းတာမဟုတ်တဲ့ အသင့်စားကုန်တွေကို မသုံးစွဲဖို့ သတိပေးချက် ထုတ်ပြန်ထားချိန်မျိုးမှာ၊ လေယာဉ်နဲ့ သယ်လာသူတွေလည်း သီးသန့်အစစ်ခံရနိုင်ပါတယ်။ မိသားစုစားဖို့အတွက် လူကြုံပေးတာမျိုး ပမာဏအနည်းငယ်ကို သယ်ခွင့်ရနိုင်ပေမဲ့၊ ရောင်းချဖို့ဖြစ်နိုင်တဲ့ ပမာဏအများအပြားကိုတော့ သယ်ခွင့်ပြုနိုင်ခြေနည်းပြီး ပြဿနာတက်နိုင်ခြေ များနိုင်ပါတယ်။

ဒါ့အပြင် ရောဂါအခံရှိထားသူတွေအနေနဲ့လည်း အသင့်စားကုန်တချို့ကြောင့် ရောဂါပိုဆိုးနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါသေးတယ်။ အကြောင်းက ဒီစားကုန်ထဲမှာ ကိုယ့်မှာရှိနေတဲ့ရောဂါကို ပိုဆိုးစေနိုင်တာကြောင့်ပါ။ အထူးသဖြင့် ဆီးချို၊ သွေးတိုး၊ ကင်ဆာ၊ ဓာတ်မတဲ့တာ၊ နှလုံးနဲ့ ကျောက်ကပ်ရောဂါတွေ ရှိထားသူတွေအနေနဲ့ ဒီစားကုန်ထဲပါဝင်တာတွေကို အသေအချာ နားလည်အောင်ဖတ်ကာ၊ သင့်တော်မတော် တွက်ချက်ပြီးမှသာ စားသုံးသင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့က အစာအာဟာရပညာရှင်နဲ့ အပြည်ပြည်ဆိုင်ရာ အစာအာဟာရဆိုင်ရာ ပါမောက္ခ ဒေါက်တာခင်မာချိုကို ဆက်သွယ်မေးမြန်းပြီး တင်ပြလိုက်ပါတယ်။

Forum

XS
SM
MD
LG