သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရိုးရာအတာသင်္ကြန်ပွဲတော် UNESCO ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း သတ်မှတ်ခံရ


မြန်မာရိုးရာအတာသင်္ကြန်ပွဲတော်
မြန်မာရိုးရာအတာသင်္ကြန်ပွဲတော်

မြန်မာရိုးရာ အတာသင်္ကြန်ပွဲတော် UNESCO ရဲ့ Intangible Cultural Heritage ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ဒီဇင်ဘာလ ၅ ရက်၊ ဒီကနေ့မှာ တရားဝင်သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ UNESCO စာရင်းဝင်လာတဲ့ မြန်မာသင်္ကြန်ပွဲတော် ရေရှည်တည်တံ့ဖို့အတွက် ဆက်လက် ထိန်းသိမ်းစောင့်ရှောက်သွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ပြောပါတယ်။ မြန်မာသင်္ကြန်ပွဲတော် UNESCO ရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း စာရင်းဝင်သွားပြီဖြစ်တဲ့အကြောင်း ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဒီဇင်ဘာလ ၅ ရက်၊ ဒီကနေ့မှာ ကုလသမဂ္ဂ UNESCO က တရားဝင်ဆုံးဖြတ်ခဲ့ပြီး ICH စာရင်းဝင်သွားတာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေမှာ လက်နဲ့ ဖမ်းဆုပ်လို့မရတဲ့ အမွေအနှစ်တွေ ရေရှည်တည်တံ့စေဖို့အတွက် ကုလသမဂ္ဂ UNESCO က ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် Intangible Cultural Heritage အဖြစ် သတ်မှတ် စာရင်းသွင်းလေ့ရှိပါတယ်။ အခု ၂၀၂၄ ခုနှစ်အတွက် အဆိုပြုတင်ပြကြတဲ့ထဲက မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ဟာ ICH စာရင်းမှာ ပါဝင်လာပြီးတဲ့နောက် ရွေးခံလိုက်ရတာဖြစ်ပါတယ်။

ရှေးအစဉ်အဆက် ခေတ်တွေကတည်းက မြန်မာ့ရိုးရာသင်္ကြန် ဆင်နွှဲခဲ့ကြပုံကို ခိုင်လုံတဲ့သက်သေ အထောက်အထားတွေ စုဆောင်းပြီး ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အောင် ကြိုးပမ်းခဲ့သလို၊ ရေရှည်တည်တံ့ဖို့ကိုလည်း ဆက်ပြီးထိန်းသိမ်းဆောင်ရွက်သွားရမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးအာကာကျော်က ဗွီအိုအေကို ပြောပါတယ်။

"သူက ရေရှည်တည်တံ့ဖို့ အတွက်ကိုဆိုရင်တော့ community-based လေ။ ဆိုတော့ ဒါကလူမျိုးမရွေး၊ ဘာသာမရွေး အကုန်လုံးပါဝင် ဆင်နွှဲကြတဲ့အခါကျတော့ ရေရှည်တည်တံ့ဖို့ကို အရင်ကတည်းကလည်း အမျိုးသားအမွေအနှစ် ပုံစံအနေနဲ့သွားတယ်။ အခုလည်း နိုင်ငံတကာအသိအမှတ်ပြုတဲ့ အနေအထားဆိုတော့ ပိုပြီးတော့မှ ထိန်းသိမ်းစောင့်ရှောက်ရမယ်၊ လက်ဆင့်ကမ်းရမယ်ဆိုပြီး အကြမ်းဖျဉ်းတော့ သိရတာပေါ့။ ကျနော်တို့နိုင်ငံမှာ ဒြပ်မဲ့ယဉ်ကျေးမှုတွေက အမျိုးပေါင်း ၂,၀၀၀ ကျော်ရှိတယ်။ အဲဒီထဲမှာမှ တခုပြီးတခု တင်သွင်းဖို့အတွက်ကို ဒါကတော့ ကနဦးဖြစ်သွားတာပေါ့။"

အခုလက်ရှိမှာတော့ ပါရာဂွေးနိုင်ငံမှာ ဒီဇင်ဘာလ ၂ ရက်ကနေ ၇ ရက်နေ့အထိ ကျင်းပနေတဲ့ ၁၉ ကြိမ်မြောက် ICH ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ညီလာခံမှာ မြန်မာအဖွဲ့ တက်ရောက်နေပါတယ်။ ညီလာခံမှာ တက်ရောက်နေတဲ့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ပြန်လာရင် သင်္ကြန်ပွဲတော်နဲ့ ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်မယ့် အခြေအနေတွေကို ပိုပြီးသိရှိနိုင်မယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးအာကာကျော်က ပြောပါတယ်။

"မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ (ပြင်ပ) အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းကနေ ဦးဆောင်တင်သွင်းတာပေါ့။ ကျနော်တို့ ဌာနအနေနဲ့ကကျတော့ နိုင်ငံအတွက်ကို အဆိုပြုတင်သွင်းပေးတယ်။ ပါဝင်ဆောင်ရွက်ကြတာက တတ်သိနားလည်တဲ့ ပညာရှင်တွေအကုန်လုံး ပါဝင်တာဆိုတော့ သူတို့ဒီသတင်းကို သယ်ဆောင်လာတဲ့အခါ ပြည့်ပြည့်စုံစုံ ပိုပြောပြနိုင်မှာပါ။"

မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အစဉ်အဆက် ဆင်နွှဲခဲ့ကြပုံကို တတ်သိနားလည်တဲ့ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန အနေနဲ့ သက်သေအထောက်အထားတွေ စုဆောင်းခဲ့ကြတာဖြစ်ပါတယ်။ ယခင်ကလည်း မြန်မာနိုင်ငံရဲ့ ပျူမြို့ဟောင်းတွေဖြစ်တဲ့ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာနဲ့ ပုဂံဒေသတွေကတော့ World Heritage ကမ္ဘာ့အမွေအနှစ် စာရင်းထဲမှာ ဝင်ထားပြီးဖြစ်ပါတယ်။ နှစ်စဉ် ဧပြီလမှာ ကျင်းပတဲ့ မြန်မာတို့ရဲ့ နှစ်သစ်ကူးပွဲတော် အတာသင်္ကြန်ပွဲတော်ဟာလည်း ကုလသမဂ္ဂ UNESCOရဲ့ICH ကမ္ဘာ့ဒြပ်မဲ့အမွေအနှစ် စာရင်းအဖြစ် ပါဝင်လာပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG