တောင်ပစ္စဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံငယ်လေးဖြစ်တဲ့ Vanuatu မှာပြင်းအား ၇ ဒဿမ ၃ ရှိတဲ့ငလျင်လှုပ် ခတ်ခဲ့တာကြောင့် ဒါဇင်နဲ့ချီ သေဆုံးပြီး၊ လူရာပေါင်းများစွာဒဏ်ရာရှိသွားပါတယ်။ ငလျင်ဒဏ်ကြောင့် မြို့တော် Port Vila မှာ ဗုဒ္ဓဟူးနေ့မနက်ပိုင်းအထိ သောက်သုံးရေ၊ လျှပ်စစ်မီးနဲ့ တယ်လီဖုန်းလိုင်းတွေလည်းပြတ်တောက်နေပါတယ်။
ငလျင်ဒဏ်ကြောင့်သေဆုံးသူ ၂၃ ယောက်ရှိသွားပြီဖြစ်ပြီး၊ သေဆုံးသူအရေအတွက်ဟာ တိုးလာနိုင်တယ်လို့ Vanuatu အစိုးရတာဝန်ရှိသူတွေကပြောပါတယ်။ ဒဏ်ရာရသူ ၂၀၀ လောက်ကိုလည်းဆေးဝါးကုသပေးနေရပါတယ်။
ငလျင်ဟာ အင်္ဂါနေ့နေ့လည်ပိုင်းက မြို့တော် Port Vila နဲ့ ကီလိုမီတာ ၃၀ အကွာမှာ ဗဟိုပြုပြီး၊ မြေအောက် ၅၇ ကီလိုမီတာမှာလှုပ်ခတ်ခဲ့တာပါ။ ကျွန်းပေါင်း ၈၀ ကျော်လောက်ပါဝင်ပြီး၊ လူဦးရေ ၃ သိန်း ၃ သောင်းလောက်သာရှိတဲ့ Vanuatu နိုင်ငံငယ်လေးရဲ့ မြို့တော်မှာရှိတဲ့ အဓိကဆေးရုံကြီးဟာလည်း ငလျင်ဒဏ်ကြောင့်ပျက်စီးသွားခဲ့တဲ့အတွက် လူနာတွေကို စစ်တပ်အဆောက်အဦးတွေ ဆီရွှေ့ပြောင်းထားရပါတယ်။
ငလျင်ဒဏ်ကြောင့်ပျက်စီးသွားတဲ့တိုက်တာအဆောက်အဦးတွေအကြား ပိတ်မိနေတဲ့သူတွေကို ကယ်ဆယ်ရေး သမား တွေကဗုဒ္ဓဟူးနေ့ အထိဆက်လက် ကယ်ထုတ်နေပါတယ်။ ပူပြင်းတဲ့ အပူဒဏ်အောက်မှာ သောက်သုံးရေလည်း ပြတ်လတ်နေတာကြောင့် ကယ်ဆယ်ရေး သမားတွေရော ဒဏ်ရာရသူတွေပါ အခက်အခဲရင်ဆိုင်နေရပါတယ်။
အခုအချိန်အထိ သေဆုံးသူနဲ့ ပျောက်ဆုံးနေသူအရေအတွက်ကိုတိတိကျကျမသိနိုင်သေးဘူးလို့ ဖိဂျီနိုင်ငံမှာ အခြေစိုက်တဲ့ အာရှပစ္စဖိတ်ဒေသဆိုင်ရာ နိုင်ငံတကာကြက်ခြေနီအသင်းရဲ့ အကြီးအကဲ Katie Greenwood က AP သတင်းဌာနကိုပြောဆိုထားပါတယ်။ လောလောဆယ်အချိန်အချိန်အထိ Port Vila ဆိပ်ကမ်းနဲ့ လေယဉ်ကွင်းတွေလည်း ယာယီပိတ်ထားရပါတယ်။
Forum