ထိုင်း-မြန်မာ နယ်စပ်တာ့ခရိုင်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို မြန်မာနိုင်ငံသား နစ်ဦး ထံကနေ နောက်ထပ်တွေ့ရတဲ့အတွက် ထိုင်းဘက်ခြမ်းမှာ ရောဂါကာကွယ်တာဆီးရေးလုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်နေပြီး သတိပေးချက်တွေကို ထုတ်ပြန်နေပါတယ်။ နယ်စပ်က အဝင်အထွက်တွေကိုလည်းပိုမိုတင်းကြပ်စစ်ဆေးနေပါတယ်။ ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဆက်လက်ဖြစ်ပွားနေပြီး ဇန်နဝါရီလ ၁၂ရက်နေအထိ ထိုင်းဘက်ခြမ်းမှာ နောက်ထပ် ရောဂါပိုးတွေရှိရတဲ့ မြန်မာအမျိုးသားနှစ်ဦး ထပ်မံတွေရှိခဲ့တာပါ။ ဒီအတွက် ထိုင်းနိုင်ငံ တာ့ခရိုင် အတွင်းက မြို့နယ်တွေအတွင်း ရောဂါကာကွယ်ရေးလုပ်ငန်းများ တိုးမြင့်လုပ်ဆောင်နေပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသတိပေးချက်တွေကို ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ပြည်သူ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်ထားပါတယ်။ လတ်တလောမှာတော့ မြန်မာနိုင်ငံသားရောဂါကူးဆက်သူနှစ်ဦး မဲပ ကျေးရွာအုပ်စုအတွင်း တွေရှိခဲ့တယ်လို့ ထိုင်းဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီအမျိုးသားနှစ်ဦးဟာ မြန်မာနိုင်ငံဘက်ကနေ လယ်ယာလုပ်ငန်း လုပ်ကိုင်ပြီးပြန်လာပြီးတဲ့နောက် အခုလိုကူးစက်လာတာလို့လည်းဆိုပါတယ်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်နေတဲ့လူနာနှစ်ဦးကိုတော့ နယ်စပ်က ကပ်ရောဂါ တိုက်ဖျက်ရေး ဌာနမှာဆေးကုသပေးနေတယ်လို့လည်းဆိုပါတယ်။
မြန်မာရွှေပြောင်းအလုပ်သမားတွေအများဆုံးဝင်ပေါက်ထွက်ပေါက်ဖြစ်တဲ့ တာ့ခ်ခရိုင်ထဲမှာ ကူးစက်ရောဂါတွေထပ်မဖြစ်လာစေဖို့ ရွှေပြောင်းအလုပ်သမားတွေနေအနေနဲ့ သန့်ရှင်းမှုက အဓိကလိုအပ်ချက်ဖြစ်တယ်လို့ ထိုင်းမြန်မာနယ်စပ်မှာကျန်းမာရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ဒေါက်တာရဲဇာနည်က VOA ကိုပြောပါတယ်။
"ပေးချင်တဲ့ မက်ဆေ့စ်ကတော့ ကျနော်တို့ သန့်လေးသန့်နေရမယ် ဝမ်းရောဂါမဖြစ်ပွားအောင် အစားအစားသန့်ရမယ် လက်သန့်ရမယ် ရေသန့်ရမယ် ပတ်ဝန်းကျင်သန့်ရမယ် သန့်လေးသန့်နဲ့နေမယ်ဆိုရင် ဝမ်းရောဂါကူးစက်မူ့လျော့သွားမယ်။"
အခုဆိုရင် မြန်မာနိုင်ငံမြ၀တီခရိုင်အတွင်းမှာပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူတွေ ရှိလာသလို ရောဂါပြင်းထန်သူတွေ ရာနဲ့ချီရှိတဲ့အတွက် ထိုင်းဘက်ခြမ်းက ကာကွယ်တားဆီးရေးတွေ သတိပေးချက်တေွကို အဆက်မပြတ်ထုတ်ပြန်နေပါတယ် ။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်မယ်ဆိုရင် ဘယ်လိုတွေလုပ်ဆောင်သင့်သလဲဆိုတာကိုလည်း ဒေါက်တာရဲဇာနည်က အခုလို ပြောပြပါတယ်။
"ကူးစက်မူ့တွေရှိခဲ့ရင် ဆုံးရှုံးသွားတဲ့ ရေဓါတ်တွေအတွက် ဓါတ်ဆားရေသောက်ရပါမယ်၊ တကယ်လို့အန္တရယ်ဖြစ်မယ့်လက္ခဏာတွေပေါ်ပေါက်မယ်ဆိုရင်တော့ဆေးရုံကိုသွားရမယ်။"
အခုရက်ပိုင်းရာသီဥတုက အအေးဓါတ်ပိုများလာနေတာကြောင့်လည်း ရောဂါကူးစက်သူ ပိုများလာနိုင်တယ်လို့ ထိုင်း ကျန်းမာရေးအဖွဲ့တွေက သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ရောဂါကူးစက်လာနိုင်တဲ့ နယ်စပ် ဝင်ပေါက် ဖြတ်ကျော်ရေးလမ်ကြောင်း တွေမှာတော့ ထိုင်းနယ်ခြားစောင့်တပ် နဲ့ ကျန်းမာရေးဝန်ထမ်း တွေ ပူးတွဲ တာဝန်ယူပြီး စောင့်ကြည့်နေကြသလို ထိုင်းဘက်က ကျေးရွာတွေမှာလည်း ကျန်းမာရေး သတိပေးချက် ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။
Forum