ဇန်နဝါလ ၁၂ ရက်နေ့က ဖယ်ခုံမြို့နယ် တောင်ပိုင်း လအိကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၄လုံး ကြဲကျတိုက်ခိုက်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။ ဒီတိုက်ခိုက်မှုမှာ လူအထိအခိုက်မရှိပေမယ့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်ဘက်ကနေ သတင်းပေးပို့ထားပါတယ်။
ဇန်နဝါလ ၁၂ ရက် မနက် ၁၁ နာရီခွဲလောက်မှာ ဖယ်ခုံမြို့နယ်အတောင်ပိုင်း လအိကျေးရွာအနီးတဝိုက်က ဟန်ဗူရွာနဲ့ ဟန်ပို့ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၄လုံး ကြဲကျတိုက်ခိုက်တယ်လို့ ကရင်နီလူ့အခွင့်အရေးတည်ထောင်သူ ဗညားခွန်အောင်က ဗွီအိုအေကို ပြောပါတယ်။
“မနေ့ကပေါ့နော် ဗုံး ၃-၄လုံးလာကြဲကျတယ်ပေါ့။ ဟန်ဗူနဲ့ ဟန်ပို့ ဆိုတဲ့ရွာပေါ့နော်၊ ဗုံးကြဲတာပေ့ါနော် နှစ်လုံးက ရွာအပြင်၊ တရွာမှာ တလုံးချင်းစီ ရွာအပြင်မှာကျရောက်ပေါက်ကွဲတယ်။ နောက်တစ်လုံးကတော့ ဒီဖက်မှာ ကျောင်းဝန်းထဲမှာကျတယ်ပေါ့နော်၊ ဟန်ဗူကျောင်းထဲ တလုံးတော့ ကျတယ်ပေါ့၊ ဒါပေမယ့် မပေါက်ကွဲဘူးခင်ဗျ။ ၉ ရက်နေ့ကလည်း ဖားဆောင်းမှာ စစ်ကောင်စီက ဗုံးလာကြဲသွားတာ ရှိပါတယ်၊ ဖားဆောင်းကတော့ လူထုတွေ မရှိတော့ဘူးပေါ့နော်။”
ဒီလေကြောင်းတိုက်ခိုက်မှုမှာ လူအထိအခိုက်မရှိပေမယ့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။ အလားတူ ပြီးခဲ့တဲ့ ဇန်နဝါလ ၉ ရက်နေ့တုန်းက ကယား(ကရင်နီ)ပြည်နယ် ဖားဆောင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပါတယ်။ တိုက်ပွဲကြောင့် အရင်ကတည်းက ဒေသခံတွေ တိမ်းရှောင်နေကြတာမို့ လူထိခိုက်မှုမရှိပါဘူး။
လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ နေရာအများစုမှာ ရွာသူရွာသားနဲ့ စစ်ဘေးရှောင်တွေ နေထိုင်ကြတဲ့နေရာတွေဖြစ်ပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်တာမရှိဘူးလို့ ဒေသခံတွေနဲ့ ကယ်ဆယ်ကူညီရေးအဖွဲ့တွေက ဗွီအိုအေကို ပြောပါတယ်။
၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကနေ ခုချိန်ထိ ရှမ်း-ကယားနယ်စပ်ဒေသမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ရက်ဆက်ဖြစ်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့နဲ့ စစ်ရှောင်ကူညီရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။
ရှမ်း-ကယားနယ်စပ် ဖယ်ခုံစစ်ဘေးရှောင်အပါအဝင် ကရင်နီပြည်နယ်ထဲ ယာယီစစ်ရှောင်စခန်းမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင် ၁၅၀,၀၀၀ ရှိတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ(IEC) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာန ဌာနမှူးကြီး ခွံမာတီးယားက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ၁၀,၀၀၀ ဝန်းကျင် မြင့်တက်လာတယ်လို့ IEC ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာန ဌာနမှူးကြီး ခွံမာတီးယားက ပြောပါတယ်။
“လေကြောင်းတိုက်ခိုက်မှုကို ခပ်စိတ်စိတ်ကြုံတွေ့ရလေ့ရှိတယ်။ အဲ့ကြောင့်မို့လို့ လေကြောင်းတိုက်ခိုက်မှုနဲ့အတူ အခု ဒီစစ်ရှောင်တွေ ခန့်မှန်းလူဦးရေ တသောင်းဝန်းကျင် တပ်တိုးရောက်ရှိလာတယ်ပေါ့နော်။ ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်ထိုးစစ်မှုကို ဆက်တိုက်ကြောက်ရွံနေရတဲ့ လူထုတွေ၊ ရဟက်ယာဉ်တိုက်ခိုက်မှုကို ခံရမှာစိုးပြီးတော့ အိမ်မှာမအိပ်ဘဲနဲ့ တောတွင်းထဲမှာ သွားပြီးတော့မှ ပုန်းအောင်းနေရတယ်၊ ထပ်တလဲလဲကြုံနေကြတဲ့ စစ်ရှောင်တွေပေါ့လေနော်။”
ဆောင်းတွင်း အအေးဒဏ်ပိုတဲ့ ကာလမှာ အရပ်သားကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာက အင်မတန် ဆိုးဝါးတဲ့ လုပ်ဆောင်မှုဖြစ်တယ်လို့ ဌာနမှူးကြီး ခွံမာတီးယားက ပြောပါတယ်။ ထပ်ရောက်လာတဲ့ စစ်ဘေးရှောင်တွေအတွက် ပံ့ပိုးကူညီမှုသိပ်မရဘူးလို့ ဌာနမှူးကြီး ခွံမာတီးယားက ပြောပါတယ်။
“ဒီစားဝတ်နေရေး သူတို့ကို တိုက်ခိုက်ကူညီဆောင်ရွက်ပေးနိုင်တဲ့ အကူအညီတွေကမရှိသလောက်ဖြစ်ပြီးတော့မှ အထူးသဖြင့် အအေးကာလမှာ အဝတ်အထည်တွေ အနွေးထည်တွေ ပံ့ပို့မှုမရှိသလောက်ဖြစ်တယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ ဒီကာလမှာ ဖျားနာတာတွေ ပိုပြီးတော့ ကြုံလာရတာရှိတယ်။ လူသားချင်းစာနာ ထောက်ထားမှုအကူအညီနဲ့ ပတ်သက်ပြီးတော့မှ အခုအခြေအနေမှာ အလှူရှင်ကနေလာတဲ့ ရန်ပုံငွေတွေ အကူအညီတွေ ဆိုလို့ရှိရင် ထပ်တိုး ဖြည့်ပေးရမယ့် ရန်ပုံငွေတွေ မရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခုလတ်တလော ထပ်တိုးစစ်ရှောင်တွေကို ကူညီဆောင်ရွက်ပေးနိုင်မှုက မရှိသလောက်ဖြစ်တယ်ဆိုတာကို ပြောပြချင်တယ်ဗျ။”
တနေ့တခြား စစ်ဘေးရှောင် အရေအတွက် တိုးတက်လာနေပြီး နေရာထိုင်ခင်း အခက်အခဲဖြစ်တဲ့အပြင် ခုချိန်မှာ ရာသီဥတုအေးတာကြောင့် အများစုက ဖျားနာနေကြပြီး ဆေးဝါးအကူအညီလိုအပ်သလို အနွေးထည်၊ အဝတ်အစား၊ စောင်နဲ့ စားနပ်ရိက္ခာ အကူအညီ အလွန်အမင်း လိုအပ်နေတယ်လို့ ပြောဆိုပါတယ်။
Forum