မြန်မာစစ်ကောင်စီ ကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို အာရုံလွှဲအောင် ကြိုးစားတဲ့ လုပ်ရပ်သာဖြစ်ပြီး လုံးဝ ယုံကြည်စိတ်ချနိုင်တဲ့ ရွေးကောက်ပွဲ မဟုတ်တဲ့အကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ ဒီနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များအသင်း FCCT မှာ ကျင်းပတဲ့ လူ့အခွင့်အရေးအဖွဲ့ကြီးရဲ့ ၂၀၂၅ ခုနှစ် နိုင်ငံတကာ လူ့အခွင်အရေးအခြေအနေ အစီရင်ခံစာ ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်လို့ HRW ရဲ့ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Elaine Pearson နဲ့ အကြီးတန်း သုတေသီ Sunai Phasuk တို့က မှတ်ချက်ပေးပြောဆိုတာပါ။
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ အကြပ်အတည်းဖြေရှင်းရေး နိုင်ငံရေး လမ်းစတခု ဖြစ်နိုင်ခြေ ဒေသတွင်းနိုင်ငံတချို့ မျှော်လင့်နေတာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့ကြီးရဲ့ သဘောထားကို သတင်းစာရှင်းလင်းပွဲမှာ VOA က မေးမြန်းခဲ့တာပါ။ နိုင်ငံရေး အတိုက်အခံတွေကို အကျဉ်းချပြီး အရပ်သားတွေကို ပစ်မှတ်ထား ဗုံးကျဲတိုက်ခိုက်နေချိန်မှာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်တဲ့အကြောင်း HRW အဖွဲ့ကြီးက ပြောဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပဋိပက္ခတွေကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘဲ အကြမ်းဖက်မှုတွေ ပိုတိုးလာနိုင်တဲ့ အကြောင်း သတိပေးပြောဆိုထားပါတယ်။
Forum