အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအဂျင်စီ (USAID) ဝဘ်ဆိုဒ်ဟာ မနေ့၊ စနေနေ့ကစ အွန်လိုင်းမှာ မရှိတော့ပါဘူး။ အမေရိကန်ရဲ့ နိုင်ငံတကာ အကူအညီပေးရေး အစီအစဉ်တွေကို သမ္မတ Donald Trump က ဆိုင်းငံ့လိုက်ပြီးနောက် ထောင်နဲ့ချီတဲ့ USAID ဝန်ထမ်းတွေ အလုပ်က ယာယီအနားပေးတာ၊ အလုပ်ပြုတ်တာတွေ ရှိခဲ့ပြီး၊ စီမံကိန်းတွေကိုလည်း ရပ်ထားရတဲ့ အချိန်မှာပဲ ရုတ်တရက် ဝဘ်ဆိုဒ် ပိတ်သွားတာပါ။
သမ္မတထရမ့် အစိုးရက သီးခြားလွတ်လပ်တဲ့ USAID လုပ်ငန်းတွေကို အဆုံးသတ်ပြီး နိုင်ငံခြားရေးဌာန လက်အောက်ခံအဖြစ် စိုးရိမ်ကြောင်းလည်း အတိုက်အခံ ဒီမိုကရက် လွှတ်တော်အမတ်တွေက လူသိရှင်ကြား ပြောနေကြပါတယ်။ ကွန်ဂရက်လွှတ်တော်က အတည်ပြုပေးအပ်ထားတဲ့ ရန်ပုံငွေနဲ့ သီးခြားရပ်တည်နေတဲ့ အဖွဲ့အစည်းကို သမ္မထရမ့်က ဖျက်သိမ်းဖို့ အခွင့်အာဏာ မရှိကြောင်းနဲ့ USAID ရဲ့ လုပ်ငန်းတွေဟာ နိုင်ငံတော် လုံခြုံရေးအတွက် အရေးကြီးတယ်လို့လည်း ဒီမိုကရက်တွေက သတိပေးနေကြတာပါ။
သမ္မတထရမ့်နဲ့ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တွေကတော့ နိုင်ငံတကာ အကူအညီနဲ့ ဖွံ့ဖြိုးရေးအထောက်အပံ့ အများစုဟာ ဖြုန်းတီးရာ ရောက်တယ်လို့ ပြောကြပါတယ်။ အမေရိကန်က လူသားချင်းစာနာမှု၊ ဖွံ့ဖြိုးရေးနဲ့ လုံခြုံရေးအတွက် ဒေါ်လာဘီလီယံနဲ့ချီ အထောက်အပံ့ပေးနေတဲ့ နိုင်ငံတကာ အကူအညီတွေကို သမ္မတထရမ့် စတင်တာဝန်ယူချိန်မှာ ရပ်ဆိုင်းလိုက်ပြီး သီတင်း ၂ ပတ်လောက် အကြာမှာပဲ USAID ကို ချုပ်ကိုင်ခံရမယ့်အပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့တာပါ။
USAID ရဲ့ သီးခြားလွတ်လပ်စွာ ရပ်တည်မှုကို အဆုံးသတ်မှာ လွှတ်တော်အမတ်တွေ စိုးရိမ်နေတာနဲ့ ပတ်သက်လို့ အစိုးရတာဝန်ရှိသူတွေကတော့ တစုံတရာ မှတ်ချက်ပေး ပြောဆိုတာ မရှိသေးပါဘူး။
Forum