သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

USAID ယာယီ အကြီးအကဲ အဖြစ် နိုင်ငံခြားရေး ဝန်ကြီး Rubio ကို တာဝန်ပေး


အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ USAID ရဲ့ ယာယီ အကြီးအကဲ အဖြစ် နိုင်ငံခြားရေး ဝန်ကြီး Marco Rubio ကို သမ္မတ Donald Trump က တနင်္လာနေ့မှာ တာဝန်ပေးလိုက်ပါတယ်။

USAID ကို ပိတ်ပစ်လိုက်သင့်တယ်ဆိုတာကို သမ္မတ Trump က သဘောတူတယ်လို့ ကုဋေကြွယ် သူဌေးကြီး Elon Musk က တနင်္လာနေ့ အစောပိုင်းမှာ ပြောဆိုခဲ့ပြီးနောက် နာရီပိုင်း အကြာမှာဘဲ USAID ယာယီ အကြီးအကဲ အဖြစ် နိုင်ငံခြားရေး ဝန်ကြီး Marco Rubio ကို တာဝန်ပေးတယ်ဆိုတဲ့ ကြေညာချက်ကို အမေရိကန် နိုင်ငံခြားရေး ဌာနက ထုတ်ပြန်တာ ဖြစ်ပါတယ်။ USAID ရဲ့ ဆောင်ရွက်ချက်တွေကို လက်ရှိ ဆန်းစစ်နေတယ်ဆိုတာကိုလည်း နိုင်ငံခြားရေး ဝန်ကြီး Marco Rubio က လွှတ်တော်ကို အကြောင်းကြားကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တနင်္လာနေ့ အစောပိုင်းမှာဘဲ USAID ကို ပိတ်ပစ်သင့်တယ်ဆိုတာကို သမ္မတ Trump က သဘောတူကြောင်း Elon Musk က ကြေညာခဲ့ပြီးနောက် အေဂျင်စီ ဝန်ထမ်းတွေ ဝါရှင်တန် ဒီစီ ရုံးချုပ်ကို မဝင်ဖို့ ညွှန်ကြားခံခဲ့ရတာပါ။ ဝန်ထမ်း ၆၀၀ ကျော် အေဂျင်စီရဲ့ ကွန်ပြူတာ စနစ်ထဲကို ဝင်မရတော့ဘူးလို့ ပြောဆိုခဲ့ကြပြီး ကွန်ပြူတာ စနစ်ထဲကို ဝင်လို့ ရသူတွေဟာလည်း အေဂျင်စီ ခေါင်းဆောင်ပိုင်း ညွှန်ကြားချက် အရ ဝါရှင်တန် ရုံးချုပ်ကို တနင်္လာနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ပိတ်ထားမှာ ဖြစ်ကြောင်း အကြောင်းကြားစာတွေ ရရှိခဲ့ကြောင်းလည်း ဝန်ထမ်းတွေက ပြောကြပါတယ်။

USAID ဟာ တိုင်းပြည်ပေါင်း ၁၂၀ ကျော်မှာ လူသားချင်း စာနာထောက်ထားရေး၊ ဖွံဖြိုးတိုးတက်မှု နဲ့ လုံခြုံရေး အစီအစဉ်တွေကို အမေရိကန် က အကူအညီပေးတာကို ကြီးကြပ်နေတဲ့ ဌာနဖြစ်ပါတယ်။

Forum

XS
SM
MD
LG