မြန်မာနယ်စပ် ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် သုံးယောက်ကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI က ထိုင်းအစိုးရကို တောင်းဆိုထားပါတယ်။
BGF တပ်ဖွဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုတိယဗိုလ်မှူးကြီး မုတ်သုန်နဲ့ ဗိုလ်မှူးတင်ဝင်းတို့ကို လူကုန်ကူးမှုနဲ့ ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုတာ ဖြစ်တဲ့အကြောင်း ထိုင်းနိုင်ငံ တရားရေးဝန်ကြီး Tawee Sodsong က ဒီနေ့ ပြောဆိုတာကို The Nation သတင်းစာမှာ ရေးပါတယ်။
အခု ဖမ်းဆီးဖို့ ပြင်ဆင်တာဟာ လတ်တလော အွန်လိုင်းငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေကို ထိုင်းနိုင်ငံက နှိမ်နှင်းနေတာတွေနဲ့ မပတ်သက်ဘဲ၊ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ထိုင်းနိုင်ငံသားတွေကို မြန်မာနိုင်ငံဘက်မှာ ဖမ်းဆီးခဲ့တဲ့ လုပ်ရပ်နဲ့ သီးခြား အရေးယူမှာ ဖြစ်တယ်လို့လည်း ထိုင်းတရားရေးဝန်ကြီးက ပြောပါတယ်။
ဒီလို လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ သက်သေအထောက်အထားတွေနဲ့ ဖမ်းဝရမ်းထုတ်ပေးဖို့ ထိုင်းနိုင်ငံ ရာဇဝတ်မှုဆိုင်ရာ တရားရုံးကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI က တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံဘက်က နယ်ခြားစောင့်တပ်ဖွဲ့(ကရင်ပြည်နယ်) ခေါင်းဆောင်တွေအပြင် တခြား နိုင်ငံခြားသားတွေလည်း လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ ထိုင်း တရားရေးဝန်ကြီးက ပြောပါတယ်။ အသေးစိတ်ကိုတော့ ထုတ်ဖေါ်ပြောဆိုခြင်း မရှိပါဘူး။ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ဟာ မြန်မာနိုင်ငံနယ်ခြား အွန်လိုင်းငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေနဲ့ ရာဇဝတ်ဂိုဏ်းတွေကို ကာကွယ်ပေးနေတယ်ဆိုပြီး စွပ်စွဲခံထားရပါတယ်။
Forum