သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင် BGF ခေါင်းဆောင်တွေ ဖမ်းဝရမ်း ထုတ်ခံရရင် ဖြစ်လာနိုင်တဲ့ သက်ရောက်မှု


KNU အခမ်းအနားတခုကိုတက်ရောက်လာတဲ့ ဗိုလ်မှူးကြီးစောချစ်သူ (မတ် ၉၊ ၂၀၂၄)
KNU အခမ်းအနားတခုကိုတက်ရောက်လာတဲ့ ဗိုလ်မှူးကြီးစောချစ်သူ (မတ် ၉၊ ၂၀၂၄)

ထိုင်း မြန်မာနယ်စပ်က အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းရေး တရုတ်၊ မြန်မာနဲ့ ထိုင်းတို့ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောဆိုထားတဲ့ တချိန်တည်းမှာဘဲ ထိုင်းဘက်က ကရင် နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်ကို ဖမ်းဝရမ်း ထုတ်နိုင်ဖို့ ပြင်ဆင်နေတဲ့ အကြောင်းပြောလာပါတယ်။ မြန်မာ နယ်စပ်က အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို အိမ်နီးချင်း နိုင်ငံတွေနဲ့ ပူးပေါင်း နှိမ်နင်းမယ်ဆိုပြီး တရုတ် နိုင်ငံခြားရေး ဌာနကလည်း ပြောဆိုထားတာပါ။ ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် နယ်ခြားစောင့်တပ် ခေါင်းဆောင် တချို့ကို ဖမ်းဝရမ်း ထုတ်ဖို့ ထိုင်း အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ DSI နဲ့ ထိုင်း တရားရေး ဝန်ကြီးတို့ကလည်း တိုက်တွန်းနေတာဟာ ဘာကြောင့်လဲ ၊ ဘာတွေ ဆက်ပြီး ဖြစ်လာမလဲ ဆိုတာကိုတော့ ကိုဝင်းမင်း မေးမြန်း တင်ပြထားပါတယ်။

အခုလို ကရင်နယ်ခြားစောင့်တပ်အပေါ် လူကုန်ကူးမှုနဲ့ ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းဖက်က လုပ်လာတာအပေါ်၊ကရင်နယ်ခြားစောင့်တပ် သတင်းထုတ်ပြန်ရေးတာဝန်ခံ ဒုဗိုလ်မှုးကြီး နိုင်မောင်ဇော်က အခုလို တုံ့ပြန်ပါတယ်။

“ ဝရမ်းထုတ်တယ်ဆိုတာ သတင်းတွေထဲမှာပဲ တွေ့ရတယ်ပေါ့နော်။ G to G ပြောလာတာလည်းမရှိဘူး။ ထိုင်းအစိုးရဖက်က ပြောလာတာလည်းမရှိဘူး၊ ကျနော်တို့ဖက်ကို ပြောလာတာလည်းမရှိဘူး၊ ဒါပေမယ့် ဝရမ်းထုတ်ဖို့ လွှတ်တော်မှာ တင်ပြတယ်ဆိုတော့ အိန္ဒိယနိုင်ငံသား ၅ ယောက်နဲ့ပတ်သက်ပြီး လူမှောင်ခိုဆိုတဲ့နေရာမှာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်လို့ပဲခြေပစရာရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့က အိန္ဒိယနိုင်ငံသံရုံးကနေပြီးတော့မှ အရင်တုန်းက ကျနော်တို့ကူညီကယ်ဆယ်ပေးပို့ခဲ့တာ မနည်းတော့ဘူးပေါ့နော်။ မှတ်တမ်းမှတ်ရာတွေရှိပါတယ်။ အိန္ဒိယသံရုံးကနေလည်း ကျနော်တို့ကို ကျေးဇူးတင်ကြောင်း တရားဝင်ပေးပို့လာတဲ့စာတွေလည်းရှိပါတယ်။ ထိုင်းနိုင်ငံနဲ့ ကျနော်တို့ဟာ DKBA ဘဝကနေ BGF အထိကို နှစ်ပေါင်း ဆယ်နဲ့ ချီပြီး အိမ်နီးချင်းကောင်းပီသစွာပဲ မှုခင်းကိစ္စတွေမှာလည်း ကျနော်တို့ပူးပေါင်းဆောင်ရွက်ခဲ့တာတွေလည်း အများကြီးရှိခဲ့ပါတယ်။

ဒါပေမဲ့ ဒီဝရမ်းထုတ်လာရင် သက်ရောက်မှုကြီးနိုင်ပုံကို USIP အမေရိကန်ငြိမ်းချမ်းရေးအဖွဲ့ မြန်မာဆိုင်ရာ ညွှန်ကြားရေးမူး Jason Tower က အခုလို ထောက်ပြပါတယ်။

“စောချစ်သူနဲ့ မြန်မာက ဒီနယ်ခြားစောင့်တပ်ဖွဲ့ထဲမှာရှိ တဲ့ရာဇဝတ်သားတွေကို ဖမ်းမိန့်ထုတ်လိုက်ခြင်းဖြင့်၊ သူတို့ လုပ်ငန်းတွေ ပျက်ပြားသွားစေနိုင်မဲ့ ပြင်းထန်တဲ့အကျိုးဆက်တွေ ဖြစ်သွားစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီ နယ်ခြားစောင့်တပ်ခေါင်းဆောင်တွေအနေနဲ့ ထိုင်းနဲ့အဝင်အထွက် မလုပ်နိုင်တော့ရင်တော့ ဒီ online ငွေလိမ်ဂိုဏ်းဌာနချုပ်တွေမှာ ငွေကြေးဆက်လည်ပတ်ဖို့က အခက်အခဲ ကြီးသွားနိုင်ပါတယ်။”

ဒီ ထိုင်းဖက်က ထူးခြားမှုအပေါ် မြန်မာ့အရေးလေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်ကလည်း အခုလို သုံးသပ်ပြပါတယ်။

“ ထိုင်းအနေနဲ့ စီးပွါးရေးအရရော၊ အမျိုးသားလုံခြုံရေးအရရော တဖက်မှာလည်း တရုတ်နဲ့ မလွှဲမရှောင်သာ အများကြီးဆက်ဆံရ တဲ့ကဏ္ဍတွေဖြစ်လာတဲ့အခါမျိုးမှာ မလွှဲမရှောင်သာပိုပြီးဖိအားပေးတာမျိုးတော့ တွေ့ရတယ်။”

ဒီ ထူးခြားလာမှုအပေါ် CDM ဗိုလ်မှုးနောင်ရိုးကလည်း အခုလို ရှင်းပြပါတယ်။

“ ဒီရက်ပိုင်းတွေကပဲ ဝန်ကြီးချုပ် Paetongtarn ကိုယ်တိုင် တရုတ်နိုင်ငံကို သွားရောက်တွေ့ဆုံတဲ့အနေအထားဟာ နိုင်ငံဖြတ်ကျော်လူကုန်ကူးမှုတွေနဲ့ ကျားဖြန့်ငွေကြေးလိမ်လည်မှုတွေ အပေါ်မှာ ထိုင်းအစိုးရရဲ့ အလေးအနက်ထားမှုနဲ့ စိုးရိမ်ပူပန်မှုကို မြင်သာနိုင်မယ်။ ရှေ့ဆက်အနေနဲ့ကတော့ အခုပဲ နယ်စပ်တကြောမှာ လျှပ်စစ်မီး၊ အင်တာနက်၊ စက်သုံးဆီ ဖြတ်တောက်တာအပြင် တခြားသောဆက်စပ်နေတဲ့အရာတွေကိုပါ ဖြတ်တောက်တာ၊ ပြီးရင် နယ်စပ် တကြောမှာ စစ်ဆေးစောင့်ကြပ်မှုတွေကို ပြင်းပြင်းထန်ထန်လုပ်လာတာကိုတွေ့ရတယ်။ ထိုင်းအနေနဲ့ကတော့ မြဝတီနဲ့ ဘုရားသုံးဆူ တကြောမှာရှိတဲ့ ဒီငွေလိမ်ဂိုဏ်းတွေအပေါ်မှာတော့ တွန်းတွန်းတိုက်တိုက်၊ ထဲထဲဝင်ဝင်၊ ထိထိရောက်ရောက် ဆက်လုပ်လာလိမ့်မယ်၊ သို့သော် မြေပြင်စစ်ရေးလို အနေအထားမျိုးလိုတော့ ပါဝင်ဆောင်ရွက်မယ့်အနေအထားတော့ အခက်အခဲရှိလိမ့်မယ်။

ဒါ့အပြင် ဒီဝရမ်းကနေ သက်ရောက်မှု ဖြစ်လာနေတာအပေါ်လည်း CDM ဗိုလ်ကြီး ဇင်ယော်ကလည်း အခုလို တောက်ပြပါတယ်။

“ ဗိုလ်မှုးကြီး စောချစ်သူကတော့ ယိုးဒယားဖက်ကနေ ဖမ်းဝရမ်းထုတ်တဲ့အပေါ်မှာ တော်တော်လေးတုန်လှုပ်ကြောက်လန့်နေတဲ့ အနေအထားမျိုး တွေ့ရတယ်။ ပြီးရင်သူကလည်း သူတယောက်ထဲနဲ့တော့ အပါခေါ်မှာမဟုတ်ပါဘူး။ အခုဆိုရင် NLD အစိုးရလက်ထက်ကတည်းက တရားဝင် အိမ်ယာစိမံကိန်းတွေရှိတယ်ဆိုတာတောင်မှပဲ သူပုတ်ထုတ်နေပြီ။ အဲတော့ စစ်ကောင်စီကိုလည်း သူက ပုတ်ထုတ်မှာပဲ။ ဒါပေမယ့်စစ်ကောင်စီကလည်း အရင်ကရာဇဝင်တွေမှာဆိုရင် ကမ္ဘာက လိုချင်နေတဲ့ ဘိန်းဘုရင် ခွန်ဆာကိုတောင်မှပဲ အိတ်ကပ်ထဲကောက်ထည့်ထားနိုင်တဲ့အနေအထားမျိုးပေါ့။ ဒါပေမယ့် အခုဒီ အနေအထားမှာတော့ စောချစ်သူကို သူတို့ဘယ်လိုကိုင်တွယ်မလဲ။ စောချစ်သူက ဘယ်လိုတုန့်ပြန်မလဲ။ နည်းနည်း စိတ်ဝင်စားဖို့ ကောင်းတယ်။ အခြေအနေကတော့ နည်းနည်းနက်နဲမယ့်သဘော။ ဒါပေမယ့် ညောင်မြစ်တူးရင်း ပုတ်သင်ဥပေါ်ဆိုသလိုပဲ​ စောချစ်သူဖော်တာနဲ့ အကုန်ပေါ်ပြီးတော့မြင်လာရမဲ့ အနေအထားမျိုးဖြစ်ပါတယ်”

တချိန်ထဲမှာ အခုလိုဖြစ်လာတာနဲ့ ရှေ့ဆက်ဖြစ်လာနိုင်တာအပေါ် CDM တပ်ကြပ်ကြီး ဇေယျကလည်း အခုလို ရှင်းပြပါတယ်။

“ ထိုင်းကလည်း မဖြစ်မနေလုပ်ပြရမဲ့ဟာတွေ၊ တရုတ်နိုင်ငံကလည်း ဒီဟာကိုလုံးဝလက်မခံနိုင်ဘူး၊ ကမ္ဘာကလည်း ကျားဖြန့်တွေကို လက်ခံလို့မရတဲ့ ကိစ္စဖြစ်တဲ့အတွက် သူက မဖြစ်မနေလုပ်တယ်။ ဒီတော့ BGF တွေအနေနဲ့ကလည်း အဆုံးစွန်မှာပိုရမဲ့ အနေအထားထိ ဒါကတော့ မဖြစ်မနေ ဒါကတော့ လုပ်ရမယ်။ မြန်မာစစ်တပ်ကတော့ ဘယ်လိုမျက်နှာကောင်းဝင်ယူမလည်း၊ ဒါကိုဘယ်လိုအသုံးချမလည်းဆိုတာ စောင့်ကြည့်ရဦးမှာပေါ့”

ဒီအပေါ် ကရင်နယ်ခြားစောင့်တပ်ဖက်က လုပ်ဖို့ ပြင်ဆင်လိုက်တာအပေါ်လည်း ဒုဗိုလ်မှုးကြီး နိုင်မောင်ဇော်က အခုလို ဆက်ရှင်းပြပါတယ်။

“ ဒီနေ့ ကျနော်တို့တာဝန်ရှိသူတွေနဲ့ ခေါင်းဆောင်တွေတွေ့ဆုံပြီးတော့ ကျားဖြန့်/ လူမှောင်ခို ပပျောက်နှိမ်နင်းရေးအတွက် အထူးအဖွဲ့ဆိုပြီး ဖွဲ့လိုက်တယ်။ ကြီးကြပ်ရေးနဲ့ ပြန်လည်ပို့ဆောင်ရေးအဖွဲ့ လည်းရှိတယ်၊ အဲဒီအဖွဲ့အောက်မှာ ခြေမှုန်းနှိမ်နင်းရေး၊ ပြန်လည်ကယ်ဆယ်ရေး ဆိုပြီးဖွဲ့စည်းထားတာရှိပါတယ်။ နံပါတ်တစ်ကတော့ လူမှောင်ခိုခံရတဲ့လူတွေကို ကယ်ဆယ်ပြီးတော့ နေရပ်ပြန်ပို့ဖို၊ နောက်ပြီးတော့ မိမိနေရပ်ကိုပြန်လိုတဲ့ လူတွေအကုန် လုံးကိုလည်း ပြန်ဖို့ စီစဥ်ပေးတာတွေပေါ့နော်။ Plan B ကျတော့ ဒီငွေလိမ်ဂိုဏ်းတွေကို ဖော်ထုတ်ပြီးတော့မှ သက်ဆိုင်ရာနိုင်ငံအသီးသီးကို ပြန်လည်အပ်နှံဖို့။ ကျနော်တို့ အခုလက်ရှိက ပြန်ပို့ရမယ့်လူက ထောင်ဂဏန်းဖြစ်နေတော့ အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ ဆက်သွယ်ပြီးတော့ သူတို့ဖက်က ဘယ်လောက်လက်ခံလာနိုင်လည်းဆိုတဲ့အနေအထားထိလည်း ဆက်သွယ်နေပါတယ်၊ လောလောဆယ်တော့ ခဏစောင့်ပေးပါဦးလို့တော့ အဖြေပေးလာတယ်ခင်ဗျ။ Plan C ကတော့ ခုငွေလိမ်ဂိုဏ်းတွေမှာအသုံးပြုနေတဲ့ ဆက်စပ်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတဲ့အခမ်းအနားရှိပါတယ်။”

ဒါ့အပြင် ဒီရှေ့ဆက် ဖြစ်လာနိုင်တာအပေါ်မှာ ဗိုလ်မှုးနောင်ရိုးက အခုလို သုံးသပ်ပြပါတယ်။

“ စကစအနေနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောဆိုထားတာရှိပေမယ့်လည်း နယ်စပ် BGF ထိန်းချုပ်မှုအောက်မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေ၊ တိုက်ဖျက်ရေးလုပ်ငန်းတွေမှာတော့ ထဲထဲဝင်ဝင်ပါဝင်လုပ်ဆောင်နိုင်တဲ့အနေထားရော၊ အားတက်သရောပါဝင် လုပ်ဆောင်လိုတဲ့ အနေအထား ရောရှိလာလိမ့်မယ်လို့ မယူဆဘူး၊ သို့သော်လည်း ဒီလုပ်ငန်းတွေနဲ့ ပါဝင်ဆက်စပ်နေတဲ့ စစ်တပ်အရာရှိတွေကြားမှာတော့ စစ်ဆေးဖော်ထုတ် အရေးယူတာမျိုးတွေတော့ ရှိကောင်းရှိလာလိမ့်မယ်လို့တော့ ယူဆပါတယ်”

တချိန်ထဲမှာ ဒီရှေ့ဆက်ဖြစ်လာနိုင်ခြေအပေါ်မှာပဲ Jason Tower က အခုလို ဆက်ထောက်ပြပါတယ်။

“မြန်မာစစ်တပ်အနေနဲ့ အခု ကရင်နယ်ခြားစောင့်တပ်ခေါင်းဆောင်တွေကိုလည်း ပြန်လွှဲပေးရတဲ့အထိ ဖြစ်သွားနိုင်ခြေရှိနေပါတယ်။ ဒါပေမဲ့ အရင် ကိုးကန့်နယ်ခြားစောင့်တပ်ခေါင်းဆောင်တွေကို တရုတ်လက်ထဲ ပြန်ပို့ပေးရတာတုန်း ကနဲ့ မတူတာကတော့၊ MNDAA ကိုးကန့်တပ်လိုမျိုး မြောက်ပိုင်း မဟာမိတ် ညီနောင် (၃) ဖွဲ့ စစ်ဆင်ရေးကြီးနဲ့ ဒီဂိုဏ်းတွေအခြေစိုက်တဲ့နေရာကိုပါ ထိုးစစ်ဆင်ယူတာမျိုး ဒီထိုင်းနယ်စပ်ဖက်မှာမရှိဘူးပေါ့နော်။ ဒါပေမဲ့ အခု ထိုင်းနယ်စပ်မှာက ကရင်နယ်ခြားစောင့်တပ်နဲ့ တခြားကရင်လက်နက်ကိုင်အဖွဲ့ တွေကြားတင်းမာမူရှိပေမဲ့၊ ဒီနယ်ခြားစောင့်တပ်က အားအကောင်ဆုံးတစ်ခုအဖြစ် ဆက်ရှိနေပါတယ်။ ဒါကြောင့် မြန်မာစစ်တပ်အနေနဲ့ အရင်ကိုးကန့်လို လွှဲပေးတာမျိုးလုပ်ဖို့က၊ ဒီ မြဝတီကိုထိန်းထားနိုင်တဲ့ ကရင် BGF အားကိုလည်း ထည့်တွက်မဲ့သဘောတော့ရှိနေပါတယ်။”

ဒီအပေါ် မြန်မာစစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ အချိန်မီ မရခဲ့ပါဘူး ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG