သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွေးနွေးဘက် TNLA ထိန်းချုပ်တဲ့ နောင်ချို စစ်ကောင်စီဗုံးကြဲ


စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းပြည် နောင်ချို့မြို့က အပျက်အစီး သေဆုံးမှု။ (Photo Courtesy: PSLF/ TNLA)
စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းပြည် နောင်ချို့မြို့က အပျက်အစီး သေဆုံးမှု။ (Photo Courtesy: PSLF/ TNLA)

တရုတ်နိုင်ငံ ကူမင်းမြို့ ဆွေးနွေးပွဲမှာ ရလဒ်မထွက်ဘဲ အဆုံးသတ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ TNLA ထိန်းချုပ်ရာ နောင်ချိုမြို့ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညပိုင်းက စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတချို့ သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံကတော့ ဆွေးနွေးပွဲ မအောင်မြင်မီ ကာလအတွင်းမှာ ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကို သတိထားဖို့နဲ့ ကာကွယ်ရေး လမ်းညွှန်ချက်တွေကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာပါ။


စစ်ကောင်စီနဲ့ TNLA ကိုယ်စားလှယ်တွေဟာ ဒီလ ၁၆ ရက်နဲ့ ၁၇ ရက် နေ့တွေမှာ တရုတ်အစိုးရရဲ့ စီစဉ်ပေးမှုအရ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ပေမဲ့ ဆွေးနွေးပွဲဟာ သဘောတူညီချက် မရခဲ့ပဲ ပြီးဆုံးသွားပါတယ်။

ဆွေးနွေးပွဲ ပြီးဆုံးတဲ့နောက် ဗုဒ္ဓဟူးနေ့ ညပိုင်းမှာတော့ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၂ လုံးကြဲချခဲ့ကြောင်း နောင်ချိုမြို့ခံ တဦးက VOA ကို ပြောပါတယ်။

“ မနေ့ညက ၈ နာရီခွဲနဲ့ ၉ နာရီလောက်ပဲ။ ၂ ချက်ပဲလေ။ ၂ ခေါက်ပဲ။ အခု ပြည်သူ့ဆေးရုံပေါ့။ ပြည်သူ့ဆေးရုံနား ပတ်ဝန်းကျင်ကို ထိတယ်။ ကျနော်ထင်တာတော့ လေပေါ်မှာပဲ ကွဲသွားပြီးတော့မှ အစတွေက ပြန့်သွားတဲ့အခါ ကျတော့ ဘေးပတ်လည်ကို တအားထိသွားတယ် ထင်တာပဲ။ အဲလိုမျိုးပေါ့။ နောက်ပြီးတော့မှ ဈေးရပ်ထဲ တချက်။ ၃ ယောက် သေတယ်လို့ ပြောတယ်။ ၄ ယောက်က ဒဏ်ရာရတယ်။ဆေးရုံထဲက တယောက်လည်း ဆုံးတယ်လို့တော့ ပြောတယ်။ ”

ဗုံးထိမှန်တဲ့ နေရာတွေကို အသွားအလာ ကန့်သတ်ထားတာကြောင့် ဘယ်လောက် ထိခိုက်ပျက်စီးတယ် ဆိုတာကို သေချာ မကြည့်နိုင်ခဲ့ကြောင်းလည်း ပြောပါတယ်။

TNLA ကတော့ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့ ည ၈ နာရီ ၁၃ မိနစ်မှာ စစ်ကောင်စီတပ်က နောင်ချိုမြို့ ဘူတာရပ်နဲ့ ပြည်သူ့ဆေးရုံပေါ်ကို ဂျက်ဖိုက်တာနဲ့ ဗုံး၂ လုံး ကြဲချခဲ့ကြောင်းနဲ့ ဒေသခံ ၃ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။

TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက စစ်ကောင်စီနဲ့ ဆွေးနွေးပွဲ မအောင်မြင်မီ အချိန်အတွင်းမှာ ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိဖို့နဲ့ ကာကွယ်ရေးလမ်းညွှန်ချက်တွေကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။

“ တွေ့ဆုံဆွေးနွေးပွဲကတော့ သဘောထား အတည်ပြုချက် ရယူဖို့ကတော့ ခက်ခဲနေတာ ဖြစ်တဲ့အတွက်ကြောင့် မိဘပြည်သူလူထုတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန် ကာကွယ်မှု၊ ဗုံးကြဲမှုတွေ ပြီးတော့ ဒီ လက်နက်ကြီး ပစ်ခတ်မှုတွေ ရှောင်ရှားနိုင်ဖို့ဆို စစ်ရေးသတိ အမြဲရှိဖို့ လိုတယ်။ ကာကွယ်ရေးလမ်းညွှန်တွေ လိုက်နာဖို့ လိုအပ်ပါတယ်။”

ကူမင်းမြို့မှာကျင်းပတဲ့ မအောင်မြင်တဲ့ ဆွေးနွေးပွဲမှာ TNLA ဘက်က နှစ်ဘက်တပ်တွေ ရောက်ရှိတဲ့နေရာမှာ ရပ်တန့်ပြီး အပစ်ရပ်ဖို့၊ ထိုးစစ် ဆင်တာ၊ လေကြောင်း လက်နက်ကြီး၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ရပ်ဆိုင်းထားဖို့နဲ့ ဒေသခံပြည်သူတွေ စားဝတ်နေရေးနဲ့ ဆေးဝါး သယ်ယူတာတွေကို ခွင့်ပြုပေးဖို့ တောင်းဆိုခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဆွေးနွေးပွဲမှာ သဘောတူညီမှု ရရှိဖို့ ခက်ခဲနေတဲ့ အချက်တွေကို သက်ဆိုင်ရာ နှစ်ဘက်အဖွဲ့အစည်းအတွင်း ပြန်လည် ဆွေးနွေးပြီးနောက် လာမယ့် ဧပြီလလောက်မှာ ထပ်မံတွေ့ဆုံဖို့ ရှိကြောင်းလည်း TNLA ပြောခွင့်ရသူက VOA ကို ပြောဆိုထားပါတယ်။

ဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့ရော လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ပါ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG