ကရင်ပြည်နယ် မြဝတီက ကျားဖြန့် အွန်လိုင်းငွေလိမ်လည်တဲ့လုပ်ငန်းတွေကို အပြင်းအထန် နှိမ်နင်းနေတယ်ဆိုပေမဲ့ စနစ်တကျ မဖြိုခွဲနိုင်ဘူးဆိုရင် ဒေသတွင်းမှာ ဆက်ပြီးကြီးထွားနေမှာ ဖြစ်တယ်လို့ ဆိုက်ဘာရာဇဝတ်မှုကို စောင့်ကြည့်နေတဲ့ အမေရိကန်အကြီးတန်း သုတေသီတဦးက သတိပေးလိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်က တရုတ်ကျားဖြန့် ရာဇဝတ်ဂိုဏ်းတွေကို တရုတ်နိုင်ငံ ဦးဆောင်ပြီး ထိုင်းနဲ့ မြန်မာ သုံးနိုင်ငံ ပူးပေါင်းနှိမ်နင်းနေတဲ့ အခြေအနေနဲ့ သောင်းနဲ့ချီတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ နေရပ်ပြန်ပို့ရေး စိန်ခေါ်ချက်တွေနဲ့ ပတ်သက်လို့ USIP အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျူရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Jason Tower ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
မအင်ကြင်းနိုင် ။ ။ မြဝတီက ရွှေကုက္ကိုလ်နဲ့ KK Park တို့ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ဆိုင်ဘာရာဇဝတ်လုပ်ငန်းတွေနဲ့ ခေတ်သစ်ဆိုက်ဘာကျွန်ပြုမှုစတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ နေရာတွေပါ။ တရုတ်ကျားဖြန့် ရာဇဝတ်ဂိုဏ်းတွေဟာ ဗိုလ်မှူးစောချစ်သူ ဦးဆောင်တဲ့ BGF ကရင်နယ်ခြားစောင့်တပ်နဲ့ DKBA ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်တွေနဲ့ ပူးပေါင်းပြီး ဆိုက်ဘာရာဇဝတ် လုပ်ငန်းတွေကို အကြီးအကျယ် တိုးချဲ့လုပ်ကိုင်နေခဲ့တာ ဖြစ်တယ်လို့ အစီရင်ခံစာတွေက ဖော်ပြခဲ့ကြပါတယ်။
Jason Tower -- စောချစ်သူ ဦးဆောင်မှုအောက်မှာ အွန်လိုင်းငွေလိမ်မှု လုပ်ငန်းတွေ လုပ်နေတဲ့ နေရာပေါင်း ၄၀ ကျော်ကို ရာဇဝတ်ဂိုဏ်းတွေကို BGF က လုံခြုံရေးပေးထားပြီးတော့ အဲဒီကနေ အမြတ်ဝင်ငွေတွေ အများအပြား ရရှိနေတာပါ။ အဲဒီမှာ ကြီးထွားလာတဲ့ ရာဇဝတ်ဂိုဏ်းအများစုဟာ တရုတ်ရာဇဝတ်ဂိုဏ်းတွေရဲ့ အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ ဒီဂိုဏ်းတွေဟာ နိုင်ငံဖြတ်ကျော် လိမ်လည်မှုပေါင်းများစွာရဲ့ နောက်ကွယ်က အဓိက ရင်းနှီးမြုပ်နှံသူတွေ ဖြစ်ပါတယ်။
မအင်ကြင်းနိုင် ။ ။ ဒါကတော့ USIP မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Jason Tower ပါ။ အခုတော့ တရုတ်ကိုယ်တိုင်ပါဝင်ပြီး ဖိအားပေးခဲ့တဲ့အတွက် ထိုင်းအစိုးရနဲ့ မြန်မာစစ်ကောင်စီအပါအဝင် ကရင်လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပြီးတော့ ကျားဖြန့်တွေကို နှိမ်နင်းနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ Jason Tower က အခုလို သုံးသပ်ပါတယ်။
Jason Tower -- ထိုင်း-မြန်မာနယ်စပ်မှာ လက်ရှိ ဖြိုခွင်းမှုဟာ အတော်လေးထူးခြားပါတယ်။ အရင်တုန်းကဆိုရင် ထိုင်းအာဏာပိုင်တွေဘက်က လျှပ်စစ်ဓါတ်အားနဲ့ အင်တာနက် ဖြတ်တောက်လိုက်ပြီးတော့ လူအနည်းအကျင်းလောက်ပဲ တရုတ် ဒါမှမဟုတ် တခြားနိုင်ငံတွေကို ပြန်ပို့ပေးလိုက်ပါတယ်။ ပြီးတော့ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားပြီးတော့ အွန်လိုင်းငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေကလည်း ပုံမှန်အတိုင်း ဆက်ပြီးတော့ လည်ပတ်နေခဲ့တာပါ။ ပြီးတဲ့နှစ်တွေက ထိုင်းဘက်က ဖြိုခွင်းတယ်ဆိုတာ အလွန်ဆုံး တစ်ပတ်နှစ်ပတ်လောက်ပဲ ကြာခဲ့တာပါ။ ထိရောက်တာမျိုး မရှိခဲ့ပါဘူး။ ဒီတကြိမ်ကတော့ ပြင်းပြင်းထန်ထန် ဖြိုခွဲနေတာကို တွေ့ရပါတယ်။ အွန်လိုင်းငွေလိမ်တဲ့ဂိုဏ်းတွေ၊ ရာဇဝတ်သားတွေ၊ ထိုင်းနဲ့ အခြားအိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးလို့မရအောင် ထိုင်းစစ်တပ်တွေကို နယ်စပ်တလျှောက် ဖြန့်ပြီးတော့ ချထားပါတယ်။ ပြီးတော့ ရွှေကုက္ကိုလ်နဲ့ KK Park မှာ အားထားနေရတဲ့ မီးစက်တွေ၊ ဆိုလာပြားတွေကို မသုံးနိုင်အောင် ဓါတ်ဆီကိုပါ ထိုင်းက ဖြတ်တောက်ခဲ့ပါတယ်။ တချို့မှောင်ခိုသမားတွေက တရားဥပဒေ စိုးမိုးရေးကို ရှောင်ခွင်းနိုင်ဖို့ ကြိုးစားနေခဲ့ပေမဲ့ နယ်စပ်တလျှောက်မှာ ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ စောင့်ကြပ်နေတဲ့အတွက် ဓါတ်ဆီ၊ ဒီဆည်ဆီတွေ သယ်ယူတာကို ဖြတ်တောက်ဖို့ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ နောက် ထူးခြားချက်က ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI ကနေ အွန်လိုင်းငွေလိမ်လည်တဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ရင် အဓိကကျနေသူတွေလို့ မြင်ထားတဲ့ ကရင် BGF ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မုတ်သုန်နဲ့ ဗိုလ်မှူးတင်ဝင်းတို့ ၃ ယောက်ကို ဖမ်းဝရမ်းထုတ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
မအင်ကြင်းနိုင် ။ ။ အဲဒီတော့ BGF ကရင်နယ်ခြားစောင့်တပ်နဲ့ DKBA အဖွဲ့တွေကနေ သူတို့နယ်မြေတွေထဲမှာ ရှိနေတဲ့ နိုင်ငံခြားသားအလုပ်သမားတွေ နေရပ်ပြန်ပို့ရေး လုပ်နေတဲ့ အခြေအနေကို ဘယ်လိုမြင်ပါသလဲရှင့်။
Jason Tower – BGF နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် DKBA တို့ဟာ ဒီရာဇဝတ်ဂိုဏ်းသားတွေနဲ့ တိုက်ရိုက်ချိတ်ဆက်နေပြီးတော့ အဲဒီလုပ်ငန်းတွေကနေ ဝင်ငွေတွေ စီးဝင်နေတာပါ။ အဲဒီအဖွဲ့တွေဟာ ပြဿနာကို ဖြေရှင်းမယ့်အစား နှစ်ဖွဲ့စလုံးဟာ တရားဥပဒေအရ အကျိုးဆက်တွေကို ရှောင်ရှားဖို့၊ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ပါဝင်နေကြောင်း ပြသနေပါတယ်။ မြဝတီ ရွှေကုက္ကိုလ်နဲ့ KK Park တို့မှာ ရှိနေတဲ့ လူပေါင်းတစ်သောင်းကျော်လောက် လွတ်မြောက်ရေးကို ကြိုးပမ်းနေကြောင်း ပြသနေကြပါတယ်။ တကယ်တမ်း သောင်းရင်းမြစ်ဧရိယာတခုတည်း အွန်လိုင်းငွေလိမ်လည် လုပ်ငန်းတွေနဲ့ ပတ်သက်နေသူပေါင်း တစ်သိန်းကျော် ရှိနေပါတယ်။ အဲဒီအထဲမှာ အချို့က လူကုန်ကူးခံရသူတွေ ဖြစ်သလို၊ တချို့ကလည်း လိုလိုလားလား ပါဝင်နေကြပြီးတော့ လိမ်လည်တဲ့ ရာဇဝတ်လုပ်ငန်းတွေနဲ့ လူသစ်စုဆောင်းမှုတွေ ဆက်ပြီးတော့ ကြီးထွားနေဆဲ ဖြစ်ပါတယ်။
မအင်ကြင်းနိုင် ။ ။ အခုလို ထိုင်း-မြန်မာနယ်စပ်က ဖြိုခွင်းမှုမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကို ဘယ်လိုမြင်ပါသလဲရှင့်။ တရုတ်က အခုမှ ဘာကြောင့်ပါဝင်တာလဲ။ မနှစ်ကဆိုရင် ရှမ်းပြည်မြောက်ပိုင်းနယ်စပ်တလျှောက် ကိုးကန့်ဘက်မှာဆိုရင် ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းပြီးချိန်မှာ ကရင်ဘက်မှာရှိနေတဲ့ ရာဇဝတ်လုပ်ငန်းတွေကို ဆက်ပြီးတော့ နှိမ်နင်းဖို့ အဲဒီအချိန်တုန်းက တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်ရောက်မှ တရုတ်က ထဲထဲဝင်ဝင် လုပ်ဆောင်လာတာ ဘာကြောင့်လို့ မြင်ပါသလဲရှင့်။
Jason Tower -- ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်နိုင်ငံ တရားရုံးတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ တရုတ်နိုင်ငံနယ်စပ်တလျှောက် အွန်လိုင်းငွေလိမ်လည်တဲ့ ဂိုဏ်းတွေကို အပြီတိုင်းဖြိုခွဲနှိမ်နင်းနိုင်ခဲ့ပါတယ်။ ကိုးကန့်နယ်ကြားစောင့်တပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ လူပေါင်းလေးသောင်းခွဲကျော်နဲ့ လည်ပတ်နေတဲ့ အဓိက အွန်လိုင်းငွေလိမ်တဲ့ဂိုဏ်းပေါင်း (၂၀၀) ကျော်ကို သူတို့လုပ်ငန်းတွေ ရပ်ဆိုင်းသွားအောင် လုပ်နိုင်ခဲ့ပါတယ်။ အဓိက ရာဇဝတ်ဂိုဏ်းခေါင်ဆောင်တွေကို ဖမ်းဝရမ်း ထုတ်ပြီးတော့ မြန်မာစစ်တပ်ကို ဖိအားပေးခဲ့ပါတယ်။ အဲဒါကြောင့် နောက်ဆုံးမှာ စစ်ကောင်စီဟာ သူတို့နဲ့ဆက်နွယ်နေတဲ့ နယ်ကြားစပ်တပ်က အဓိကကျတဲ့ ကိုးကန့်တွေကို တရုတ်ကို လွှဲပြောင်းပေးခဲ့ရပါတယ်။ ဒီလိုစစ်ဆေးအရေးယူမှု့တွေ လုပ်နိုင်တဲ့အတွက် တရုတ်က သူ့အောင်မြင်မှု့ကို သူ့ပြည်သူတွေကြား ဂုဏ်ယူနေချိန်မှာ တရုတ်ရုပ်ရှင်မင်းသားဝမ်ကျင် ထိုင်း-မြန်မာ နယ်စပ်ကနေ ရွှေကုက္ကိုလ် ဆိုက်ဘာလိမ်လည်တဲ့ လုပ်ငန်းတွေဆီကို လူကုန်ကူးခံရတဲ့သတင်းက တရုတ်အစိုးရအတွက် အထိနာစေခဲ့ပါတယ်။ တာဝန်ရှိသူတွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ ဆိုရှယ်မီဒီယာတွေပေါ်မှာ လူသန်းပေါင်းများစွာကနေ တရုတ်အာဏာပိုင်တွေဆီကို တောင်းဆိုခဲ့ကြပါတယ်။ တရုတ်မင်းသားဝမ်ကျင်အမှုမှာ ပိုမိုခေတ်မီဆန်းပြားတဲ့ လူကုန်ကူးမှုပုံစံ ပြောင်းလဲလာတာ တွေ့ရပါတယ်။ ရာဇဝတ်ဂိုဏ်းတွေဟာ လူတဦးချင်းစီကို ထိုင်းနိုင်ငံမှာ မြင့်မားတဲ့ လုပ်ခလစာတွေ ရမယ်ဆိုပြီး အလုပ်အကိုင် လိမ်လည်ဆွဲဆောင်ပြီးတော့ နယ်ပယ်အသီးသီးမှာ ကျွမ်းကျင်သူတွေကိုပါ ပစ်မှတ်ထား ထိုးဖောက်လာတာ ဖြစ်ပါတယ်။ တရုတ်အနေနဲ့ မဖြစ်မနေ ဖြိုခွဲရမယ့်အနေအထား ရောက်လာပြီးတော့ ထိုင်းနိုင်ငံကို ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာဆိုရင်လည်း တရုတ်ခရီးသွားတွေအတွက် အန္တရာယ်ဖြစ်တဲ့နိုင်ငံအဖြစ် တရုတ်က သတ်မှတ်ခဲ့ပါတယ်။ အဲဒါကြောင့် ဇန်နဝါရီလလည်မှာတော့ ထိုင်းနိုင်ငံမှာ စီးပွားရေးဂယက်ရိုက်ခတ်မှုတွေ ပေါ်လွင်ခဲ့သလို တရုတ်ခရီးသွားလုပ်ငန်း ကျဆင်းလာခဲ့ပါတယ်။ အခုဆိုရင် တရုတ်နိုင်ငံရဲ့ မှုခင်းတိုက်ဖြတ်ရေး ထိပ်တန်းတာဝန်ရှိသူတဦးကိုယ်တိုင် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အထိ သွားရောက်ပြီးတော့ အွန်လိုင်းငွေကြေးလိမ်လည်မှုမှာ အချက်အခြာကျတဲ့ နေရာတွေကို ကိုယ်တိုင်ဝင်ရောက်ပြီး စစ်ဆေးရေးတွေကို ကြီးကြပ်ကွပ်ကဲခဲ့ပါတယ်။ ဒါဟာဒေသတွင်း နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုနှိမ်နင်းရေးမှာ အခုလို တက်တက်ကြွကြွ ပါဝင်စေခဲ့ပြီးတော့ တရုတ်ရဲ့ အခန်းကဏ္ဍကို ကြီးမားစေခဲ့ပါတယ်။
မအင်ကြင်းနိုင် ။ ။ ထိုင်းနိုင်ငံဘက်က နှိမ်နင်းမှု့တွေ အပြင်းအထန် စတင်ချိန်မှာ တရုတ်ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး Liu Zhongyi ကိုယ်တိုင် ထိုင်း-မြန်မာနယ်စပ်ကို ရောက်လာခဲ့တာပါ။ အဲဒီနောက် စစ်ဆင်ရေးအတွက်လည်း ထိုင်းနဲ့မြန်မာ တာဝန်ရှိသူတွေနဲ့ ဝန်ကြီး Liu Zhongyi က ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ တရုတ်ပြည်သူ့လုံခြုံရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း လာမယ့်ရက်ပိုင်းတွေအတွင်း နောက်ထပ်ရာနဲ့ချီတဲ့ တရုတ်နိုင်ငံသားတွေ နေရပ်ပြန်ပို့နိုင်တယ်လို့ မျှော်လင့်တဲ့အကြောင်း ဖော်ပြထားပါတယ်။ Xinhua သတင်းဌာနကတော့ ရွှေကုက္ကိုလ်နဲ့ KK Park ကနေ ပြန်ပို့ခံရတဲ့ တရုတ်နိုင်ငံသားတွေကို လိမ်လည်မှုမှာ သံသရရှိသူတွေ ရာဇဝတ်သားတွေအဖြစ် သုံးနှုန်းထားပါတယ်။ ဝန်ကြီး Liu ကလည်း ဆိုက်ပါရာဇဝတ်လုပ်ငန်းတွေကို ဖြိုခွဲတဲ့စစ်ဆင်ရေးတွေဟာ တရုတ်နိုင်ငံသားတွေ ဘေးကင်းရေးအတွက်သာမက ဒေသတွင်းရာဇဝတ်မှုတွေ တားဆီးရေးမှာ အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။ အခုဆိုရင် နိုင်ငံပေါင်းစုံ ပါဝင်ပြီးတော့ နှိမ်နင်းဖြိုခွဲမှုကြောင့် ဆိုက်ဘာလိမ်လည်တဲ့ ဂိုဏ်းတွေကို တုန်လှုပ်စေတာတော့ မြင်တွေ့နိုင်ပါတယ်။ ဒါပေမဲ့ Jason Tower အစောပိုင်းမှာ ပြောသွားသလို ဒေသတွင်းမှာ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ ပပျောက်အောင်လုပ်ဖို့ ကြိုးပမ်းအားထုတ်မှုတွေမှာ လုံလောက်မှု မရှိသေးဘူးဆိုတာ ဘာကြောင့်ပါလဲရှင့်။
Jason Tower -- ဒါတွေကို အပြီးသတ်နှိမ်နင်းဖို့ဆိုတဲ့နေရာမှာ အဓိက ပြဿနာတွေ ရှိနေပါတယ်။ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကျုးလွန်းတဲ့ အဖွဲအစည်းတွေဟာ နိုင်ငံအများအပြားမှာ ရှိနေပါတယ်။ မြန်မာ၊ ကမ္ဘာဒီးယား၊ လာအိုနဲ့ ဒူဘိုင်းနိုင်ငံတွေကြားမှာ ဒီရာဇဝတ်ဂိုဏ်းတွေကနေ အပြောင်းအလဲ လုပ်နေကြတာပါ။ ဥပမာ ကိုးကန့်နယ်ခြားစောင့်တပ် ထိန်းချုပ်တဲ့နယ်မြေတွေမှာ ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းလိုက်တဲ့အခါမှာ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်လို အချက်အခြာနေရာအဖြစ် ရွေ့ပြောင်းသွားခဲ့ပါတယ်။ နောက်ပြီးတော့ အရံအနေနဲ့ လုပ်ထားတဲ့နေရာ တော်တော်များများဟာ ကမ္ဘာဒီးယားမှာ ရှိနေပါတယ်။ ဒီရာဇဝတ်ဂိုဏ်းတွေရဲ့ စုစည်မှုကို ဖြိုခွဲလို့ မရဘူးဆိုရင် သူတို့တွေဟာ ကျန်တဲ့နေရာတွေမှာ ဆက်ပြီးတော့ လုပ်နေကြမှာပါ။
မအင်ကြင်းနိုင် ။ ။ ဒုတိယ စိန်ခေါ်ချက်အဖြစ် Jason Tower ထောက်ပြထားတဲ့အချက်ထဲမှာ အွန်လိုင်းငွေကြေးလိမ်လည်တဲ့ ဂိုဏ်းခေါင်းဆောင်တွေကို ထိထိရောက်ရောက် အရေးမယူနိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေရဲ့ တရားဥပဒေစိုးမိုးရေး နည်းပါးမှု၊ အာဏာပိုင်တွေကြားမှာ အကျင့်ပျက်ခြစားမှုတွေ ရှိနေပြီး သူတို့ကို အကျိုးမြတ်တွေ ပေးထားတဲ့အတွက် ရာဇဝတ်ဂိုဏ်းတွေက သူတို့ရဲ့လုပ်ငန်းတွေကို ပေါ်ပေါ်ထင်ထင် လုပ်နေကြတာ ဖြစ်ပါတယ်။
Jason Tower -- နောက်ထပ်အဓိက အခက်အခဲကတော့ လူကုန်ကူးမှုနဲ့ ဆိုက်ဘာလိမ်လည်မှုတွေကို တိုက်ဖျက်ဖို့ ခိုင်မာတဲ့ နိုင်ငံတကာယန္တရားတွေ ရှိမနေတာ ဖြစ်ပါတယ်။ လူကုန်ကူးခံရသူတွေကို နေရပ်ပြန်ပို့တဲ့ကိစ္စဟာ မယုံနိုင်လောက်အောင် ရှုပ်ထွေးတဲ့ လုပ်ငန်းစဥ် ဖြစ်ပါတယ်။ ထိုင်းအာဏာပိုင်တွေဘက်ကတော့ လူကုန်ကူးခံရသူတွေကို ပြန်ပို့ရေးကိစ္စမှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းနေပါတယ်။ ဒါပေမဲ့လည်း လူကုန်ကူးခံရသူတွေဟာ နိုင်ငံပေါင်း ၂ ဒါဇင်ကျော်လောက်က ဖြစ်နေတော့ ဒီလုပ်ငန်းစဥ်မှာ စိန်ခေါ်မှုများစွာ ရှိနေပါတယ်။
မအင်ကြင်းနိုင် ။ ။ လက်ရှိ မြဝတီဘက်ကနေ သောင်းနဲ့ချီတဲ့ နိုင်ငံခြားသားတွေ နေရပ်ပြန်ပို့နေတဲ့ အခြေအနေကိုတော့ ကရင် BGF ပြောခွင့်ရ ဗိုလ်မှူးကြီးနိုင်မောင်ဇော်ကို ဆက်သွယ်မေးမြန်းကြည့်ပါတယ်။
ဒုဗိုလ်မှူးကြီးနိုင်မောင်ဇော် ။ ။ အခု စစ်သည်အင်အား တစ်ထောင်ကျော် ကျနော်တို့ သုံးထားတယ်။ စစ်သည်အင်အားတစ်ထောင်ကျော် သုံးပြီးတော့မှ ကျနော်တို့ ဒါကို နံပါတ်တစ်က အရာအားလုံးကို ပိတ်စို့မှုတခု လုပ်တယ်။ ပြီးတော့ အဲဒီဆိုက်တွေထဲကို ဝင်ပြီးတော့ ချေမှုန်းရေး လုပ်တာပေါ့။ အဲဒီထဲမှာရှိတဲ့ KTV, Hotel မကျန်ပေါ့။ အကုန် ယောကျ်ား၊ မိန်းမ မကျန် အကုန်ခေါ်ထုတ်တာပေါ့။ နောက် ကျနော်တို့က အဲဒီကနေ လက်ရှိယာယီထားတဲ့စခန်း ရှိတယ်။ အဲဒီစခန်းကို ပို့ပြီး အဲဒီမှာမှ သက်ဆိုင်ရာ လဝကတို့ ရဲတပ်ဖွဲ့တို့က သူတို့ရဲ့ လုပ်ထုံး၊ လုပ်နည်းနဲ့အညီ လာစစ်ဆေးတာပေါ့။ အဓိကကတော့ ပြည်နှင်ဒဏ်ပေးဖို့အတွက်ပေါ့။ အခုကတော့ ကျနော်တို့ နံပါတ်တစ်ကတော့ အင်ဒိုနီးရှားသံရုံးကတော့ မဲဆောက်ရောက်ပြီလို့တော့ ကြားတယ်။ နံပါတ်တစ် အများဆုံးကတော့ တရုတ်၊ ဒုတိယကတော့ အင်ဒိုနီးရှား၊ သုံးက ဗီယမ်နမ်၊ လေးက မလေးရှား၊ ငါးက ထိုင်ဝမ်၊ ခြောက် ပါကစ္စတန်၊ ခုနစ် အိန္ဒိယ၊ ရှစ် ယူကန်သာ၊ ကိုး အီသီရိုးပီးယား၊ တစ်ဆယ် နီပေါ၊ ဆယ့်တစ် ထိုင်း၊ ဆယ့်နှစ် လဝမ်ဒါ။ ဆယ့်သုံး ကင်ညာ၊ ဆယ့်လေး ကမ္ဘာဒီးယား၊ ဆယ့်ငါး ဂါနာ။ လောလောဆယ် ကျနော်တို့ဆီ တရားဝန်စာရင်းရောက်တာ ဆယ့်ငါးနိုင်ငံ။ အခုလက်ရှိကတော့ စစ်ဆင်ရေး လုပ်နေတဲ့အဖွဲ့တွေကတော့၊ နှိမ်နင်းရေး လုပ်နေတဲ့အဖွဲ့တွေဆီက သတင်းရတာကတော့ နိုင်ငံသုံးဆယ်နီးပါး ရှိပြီလို့တော့ ပြောတယ်။
မအင်ကြင်းနိုင်။ ။ အဲဒီတော့ call center တွေထဲ ဝင်ပြီးတော့ နှိမ်နင်းမှု့တွေကကော ရပ်သွားပြီလားရှင့်။
ဒုဗိုလ်မှူးကြီးနိုင်မောင်ဇော် ။ ။ မရပ်သေးဘူး။ ဒါပေမဲ့ ကျနော်တို့က ခရီးမတွင်ဘူး ဖြစ်သွားတယ်ဆိုတာက လက်ရှိက ကျနော်တို့ ဒီလူတွေကို ထားဖို့အခက်အခဲတွေ ရှိတယ်။ မူလက ကျနော်တို့ သူတို့ပြောထားတဲ့အတိုင်း တစ်ရက်တစ်ထောင်လောက် ကျနော်တို့ ပို့နိုင်တယ်ဆိုရင် အခုနက ကျနော်တို့ရဲ့ အထူးအဖွဲ့ အလုပ်လုပ်တာက မြန်ဆန်သွားမယ်။ အခုက အဲဒီလို မဟုတ်တော့ ကျနော်တို့က အခုစပြီးတော့ အော်ပရေးရှင်း လုပ်တဲ့အချိန်ကနေပြီးတော့ ပထမအသုတ်က နှစ်ရာ၊ ဒုတိယအသုတ်က သုံးရာ၊ တတိယအသုတ်က ၁၁၂ ယောက်ပဲ ခေါ်တယ်။ ဆိုတော့ အခုမှ လူပေါင်း ၆၁၂ ဦးပေါ့။ အဲဒီမတိုင်ခင် တံတားပေါ်မှာ လွှဲခဲ့တာက လူပေါင်း ၆၁ ဦး။ အားလုံးပေါင်း ၆၇၃ ဦးပဲ လွှဲနိုင်သေးတယ်။ အခုက ဒီမှာလည်း ပြဿနာတွေ တော်တော်များတယ်။ အချင်းချင်းခိုက်ရန်ဖြစ်ပွားတဲ့ ပြဿနာတွေ နောက် ဟိုတနေ့ညကဆိုရင်လည်း ထွက်ပြေးဖို့ ကြိုးစားတာတွေ တော်တော်ထိန်းရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက အချုပ်သားတွေလည်း မဟုတ်တော့ သူတို့လည်း တအားဒုက္ခရောက်တယ် - ကျနော်တို့ သူတို့တွေကို ခေတ္တခဏ ထိန်းချုပ်ရတာ။
မအင်ကြင်းနိုင် ။ ။ ဒါဆိုရင် လူတွေ နေရပ်ပြန်ပို့ရေးကိစ္စက လနဲ့ချီပြီးတော့ ကြာသွားနိုင်တဲ့ အခြေအနေမျိုး ရှိနေတာလားရှင့်။
ဒုဗိုလ်မှူးကြီးနိုင်မောင်ဇော် ။ ။ ကြာမယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အခုဒီနိုင်ငံသားတွေထဲမှာ ဘယ်လိုကနေ ဘယ်လို ရောက်လာလဲဆိုတာ ကျနော်တို့လည်း စဥ်းစားလို့မတတ်ဘူး။ သူတို့ကို ပြန်မေးရမှာ။ အခု ကျနော်တို့နိုင်ငံမှာ သံရုံးမရှိတဲ့ နိုင်ငံလည်းပါတယ်။ ထိုင်းနိုင်ငံမှာလည်း သံရုံးမရှိတဲ့ နိုင်ငံတွေပါတယ်။ ဒီနိုင်ငံကလူတွေကတော့ ကျနော်တို့ ဒုက္ခရောက်ပြီ။
Forum