သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCGUB ဖျက်သိမ်း


ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်း အစိုးရ NCGUB ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်း အစိုးရ NCGUB ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း
နှစ်ပေါင်း ၂၀ကျော် မြန်မာအစိုးရနဲ့ စင်ပြိုင်အစိုးရအဖြစ် ရပ်တည်လာတဲ့ NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်း အစိုးရ NCGUB ကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်ပါပြီ။ အခုလို ဖျက်သိမ်းလိုက်ပြီး နောက်ပိုင်း NCGUBရဲ့ အစိုးရ အဖွဲ့ဝင် တဦးချင်း အနေနဲ့ ကိုယ့်စိတ်ကြိုက် လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ပြောပါတယ်။ နှစ်ပေါင်း ၂၀ ကျော် အတွင်း စင်ပြိုင် အစိုးရ အဖြစ် ရပ်တည်လာခဲ့တဲ့ ကာလဖြတ်သန်းမူ တလျောက် မှာ NCGUB ရဲ့ ဆောင်ရွက်နိုင်ခဲ့သမျ အကျိုးဖြစ်ထွန်းခဲ့မူတွေနဲ့ အားနည်းချက်တွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ NCGUB ကို ဒီကနေ့ စက်တင်ဘာလ ၁၄ ရက်နေ့မှာ တရားဝင် ဖျက်သိမ်းလိုက်ပါပြီ။ မြန်မာနိုင်ငံတွင်းက လတ်တလော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဖြစ်ထွန်းမှုတွေဟာ မျှော်လင့်ထားသလောက် ဖြစ်ထွန်းမှု မရှိသေးပေမယ့် နိုင်ငံအတွက် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ကြိုးပမ်းမှုမှာ အထောက်အကူ ဖြစ်ဖို့ ယုံကြည်ချက်နဲ့ အမျိုးသား ညွန့်ပေါင်း အစိုးရ ကို ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်းက ပြောပါတယ်။

“အခြေအနေအရလည်းဘဲ နိုင်ငံရေးအရ ပြည်တွင်းမှာလည်းပဲ ပြောင်းလဲမှုတွေဖြစ်နေတယ်။ ဆက်ပြီးတော့ ထားဖို့ အတွက် သဟဇာတ မဖြစ်ဘူးပေါ့။ ဒီလိုပြောင်းလဲနေတဲ့ အပြောင်းအလဲတွေနဲ့ အဲ့တာကြောင့်ပါပဲ။”

၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို အကောင်အထည်ဖော်တဲ့ အနေနဲ့ ပြည်ပမှာ အခြေစိုက်ပြီး စင်ပြိုင် အစိုးရ အဖြစ် ရပ်တည်လာပြီး ဒီနေ့ ဒီအချိန် အစိုးရကို ဖျက်သိမ်းလိုက်တဲ့ အချိန် ရှေ့ဆက်ဘာတွေ လုပ်ဆောင်သွားဖို့ ရှိပါသလဲ ဆိုတာကိုတော့ စင်ပြိုင် အစိုးရ အဖွဲ့ဝင်တွေ တဦးချင်းစီ အနေနဲ့ ကိုယ့်ပန်းတိုင်နဲ့ကိုယ် လုပ်ဆောင်သွားဖို့ ရှိတယ်ဆိုပြီး ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်းက အခုလို ပြောပါတယ်။

“ တဦးချင်းပေါ့နော် တဦးချင်းကနေပြီးတော့ သူတို့လုပ်နိုင်တာ၊ သူတို့လုပ်ချင်တာ ဆက်လုပ်ဖို့ပေါ့။ တချို့ဟာတွေကတော့ မရှိတော့ဘူးပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ ဟိုးအရင်တုန်းက ပြည်တွင်းမှာ ဖိနှိပ်မှုတွေရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်ပကိုလည်း ထွက်လို့မရ ပြည်တွင်းမှာလည်း အကျယ်ချုပ်ခံနေရ အဲ့လိုအခြေအနေနဲ့ တော့ မတူတော့ဘူးပေါ့နော်။ မတူတော့တဲ့အတွက် ကျနော်တို့ရဲ့ လုပ်ငန်းအချို့က လုပ်ဖို့မလိုဘူးပေါ့ဗျာ။”

အသိအမှတ်ပြု မခံရတဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို အခြေခံပြီး ဖွဲ့ခဲ့တဲ့ NCGUB ဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလာဒ်ကို အကောင်အထည်ဖော်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ၊ မြန်မာ ပြည်သူ အားလုံး ဒီမိုကရေစီ အခွင့်အရေးနဲ့ လူ့အခွင့်အရေး အပြည့်အ၀ ရစေမယ့် ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး အတွက် ရည်မှန်း လုပ်ဆောင်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် အတွင်း အကောင်အထည်ဖော် လုပ်ဆောင်နိုင်ခဲ့တာတွေကိုလည်း ဒေါက်တာစိန်ဝင်းက အခုလို ပြောပြပါတယ်။

“အခြေခံအားဖြင့် ကျနော်တို့ လုပ်ရမယ့်အလုပ်တွေကို လုပ်တယ်။ မြန်မာပြည်ရဲ့ အခြေခံ အခြေအနေ on the ground အဖြစ်အပျက်တွေ၊ တကယ်ဖြစ်နေတဲ့ အဖြစ်အပျက်တွေ၊ Human Rights လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ကိစ္စတွေ အဲ့တာမျိူးတွေ နောက်မြန်မာပြည်ရဲ့အကြောင်းကို သိအောင်ပေါ့ ဒါတွေ ကျနော်တို့လုပ်တယ်။ နောက်ပြီး ကုလသမဂ္ဂမှာ ကျနော်တို့ အရေးဆိုတယ်။

ဒီနော်ဝေကနေပြီးတော့ စတင်ပြီးတော့ Democratic Voice of Burma စထုတ်တဲ့အခါမှာ ကျနော်တို့ အများကြီး ပါဝင်ပတ်သက်ခဲ့ပါတယ်။ ကျနော်တို့ ထောင်ခဲ့တယ်လို့ပဲ ပြောလို့ရပါတယ်။ ကျနော်တို့ နော်ဝေအစိုးရဆီကနေပြီးတော့ တောင်းဆိုခဲ့တယ်။ နော်ေ၀ အသံလွှင့်တာကို Distribution ပေါ့ အသံလွှင့်တာကို အသုံးချပြီးတော့ မြန်မာပြည်တွင်းကို အသံလွှင့်ခဲ့တယ်။ ဒါတွေကိုလည်း ကျနော်တို့လုပ်ခဲ့ပါတယ်။

နောက် အများနဲ့အတူတူပဲ။ Sanctions ပေါ့နော်။ ဒဏ်ခတ်ပိတ်ဆို့မှု အလုပ်ကို ကျနော်တို့ တိုက်တွန်းခဲ့ပါတယ်။”

ဒါပေမယ့် စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းရေး အတွက် တော်လှန်ရေး လုပ်တဲ့ နေရာမှာ အားမရတဲ့ မလုပ်ဆောင်နိုင်ခဲ့တာတွေလည်း ရှိပါတယ်လို့ သူကဆိုပါတယ်။

“အားမရတာတော့ ရှိတာပေါ့ဗျာ။ တော်လှန်ရေး ဆိုတာကတော့ ဘယ်တော့မှ ပြည့်စုံတာ မဟုတ်ဘူးဗျ။ အားမရတာတွေကတော့ ရှိတာပေါ့။ မလုပ်ဆောင်နိုင်တာတွေလည်း ရှိမှာပေါ့။ ဒါပေမယ့် ကျနော်တို့ စထွက်ကတည်းက ကျနော်တို့ တက်နိုင်သမျ လုပ်မယ်။ ဖြစ်နိုင်သမျလုပ်မယ်။

အထူးသဖြင့်တော့ ဒီတော်လှန်ရေးကို ဝန်လေးတဲ့ တော်လှန်ရေးကို ပျက်သွားမယ့် ဝန်လေးမယ့် ကိစ္စမျိုးတွေကို ကျနော်တို့ ရှောင်ပါတယ်။ အများကြီး ရှောင်ပါတယ်။ အထူးသဖြင့်တော့ ပြည်တွင်းမှာ အနိုင်ရပါတီ ရှိတယ်။ အဲ့တာ NLD ပဲ။ ၁၉၉၀ အနိုင်ရပါတီ။ ပြည်တွင်းမှာ လွှတ်တော်ကိုယ်စားလှယ် အများစုရှိတယ်။ အဲ့တော့ အဲ့တာတွေနဲ့ ကျနော်တို့က ဆန့်ကျင်ဖက် မဖြစ်ဖို့ပေါ့နော်။ အဲ့တာကို ကျနော်တို့ အများကြီး ဂရုစိုက်ပါတယ်။”

အမျိုးသား ညွန့်ပေါင်း အစိုးရ NCGUB ကို ၁၉၉၀ ပြည့်နှစ်မှာ စတင်ဖွ့ဲစည်းခဲ့တာပါ။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မြန်မာပြည်သူတွေ အပ်နှင်းထားတဲ့ တရားဝင် လုပ်ပိုင်ခွင့်နဲ့ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကို လေးလေးနက်နက် အသိအမှတ်ပြု လုပ်ဆောင်ခဲ့တယ် လို့လည်း ဆိုပါတယ်။

ဒါပေမယ့် အခုအချိန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အယ်လ်ဒီ အနေနဲ့ တရားဝင် ပါတီ အနေနဲ့ပြန်လည် ရပ်တည်လာပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် အမတ်တွေ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ မှာ အနိုင်ရပြီး နိုင်ငံရေး အပြောင်းအလဲတွေလည်း ပေါ်ပေါက်လာပါတယ်တဲ့။

ဒီဖြစ်ထွန်းပေါ်ပေါက်မှုတွေကို အခြေခံပြီး NCGUB ရဲ့ (၄) နှစ် တကြိမ်ကျင်းပတဲ့ ညီလာခံမှာ စင်ပြိုင် အစိုးရကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တာလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG