သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်သမ္မတ အပြန်ခရီး ထောက်ခံသူရော ဆန့်ကျင်သူပါကြုံရ


အီရန်သမ္မတ ရူဟာနီရဲ့ကား လေဆိပ်ကအထွက် ဆန့်ကျင်ကန့်ကွက်သူများကို တွေ့ရစဉ်။ (စက်တင်ဘာ ၂၈၊ ၂၀၁၃။)
အီရန်သမ္မတ ရူဟာနီရဲ့ကား လေဆိပ်ကအထွက် ဆန့်ကျင်ကန့်ကွက်သူများကို တွေ့ရစဉ်။ (စက်တင်ဘာ ၂၈၊ ၂၀၁၃။)
အမေရိကန်သမ္မတ အိုဘားမားနဲ့ သမိုင်းဝင် တယ်လီဖုန်း စကားပြောဆိုပြီးတဲ့နောက် စနေနေ့က အီရန်နိုင်ငံကိုပြန်လည်ရောက်ရှိလာတဲ့ သမ္မတ Hassan Rouhani ကို ရာနဲ့ချီတဲ့ အီရန်ပြည်သူတွေ သောင်းသောင်း ဖျဖျ ကြိုဆိုခဲ့ကြပါတယ်။

အီရန် သတင်းဌာနတခုရဲ့ ထုတ်လွှင့်ချက်ထဲမှာတော့ သဘောထား တင်းမာသူတချို့ကနေ အမေရိကား ကျဆုံးပါစေဆိုတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ပြီး တဟီရန်လေဆိပ်ကနေ ထွက်လာတဲ့ သမ္မတရဲ့ကားကို ဖိနပ်တွေနဲ့ ပစ်ပေါက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အီရန်သမ္မတဟာ နယူးရောက်မြို့မှာ နှစ်စဉ်ကျင်းပတဲ့ ကုလသမဂ္ဂ ညီလာခံကိုတက်ရောက်ခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုကနေ သူမထွက်ခွာခင် သောကြာနေ့က အီရန်သမ္မတ Rouhani ဟာ အမေရိကန်သမ္မတနဲ့ တယ်လီဖုန်းကနေ ၁၅ မိနစ်ကြာ စကားပြောဆိုခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်း ၃၅ နှစ်အတွင်းမှာ အီရန်နဲ့အမေရိကန်ခေါင်းဆောင်နှစ်ဦး ပထမဆုံးအကြိမ် တိုက်ရိုက်ပြောဆိုတာဖြစ်ပြီး နှစ်ပေါင်းများစွာ သံတမန်ရေး တင်းမာနေခဲ့တဲ့ နှစ်နိုင်ငံကြားမှာ ပြေလည်မှုတွေရဖို့အတွက် မီးစိမ်းပြလိုက်တာဖြစ်တယ်လို့လည်း တချို့က သုံးသပ်ကြပါတယ်။

၁၉၇၉ခုနှစ်က အီရန်ဘုရင်စနစ်ကို အဆုံးသတ်စေခဲ့တဲ့ အစ္စလမ်မစ်တော်လှန်ရေးမှာ အမေရိကန်သံရုံးကို အီရန်ဆန္ဒပြသူတွေက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပြီး အမေရိကန်နိုင်ငံသားတွေကို နှစ်နဲ့ချီ ဓားစားခံလုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာ အီရန်နဲ့ အမေရိကန် သံတမန်ရေး ဆက်ဆံရေးပြတ်တောက်ခဲ့တာပါ။

Mr. Rouhani ရဲ့ အင်္ဂလိပ်လို twitter ဝက်ဘ်ဆိုဒ်မှာလည်း ဒီသမိုင်းဝင်ပြောဆိုချက်သတင်းနဲ့ပတ်သက်လို့ ပထမဆုံးအကြိမ် ရေးသားထားပါတယ်။ အမေရိကန်-အီရန် နှစ်နိုင်ငံအကြား အီရန် နျူကလီယား ပြဿနာနဲ့ ပတ်သက်ပြီး အားလုံးလွှမ်းခြုံတဲ့ ပြေလည်မှုတရပ် ရရှိနိုင်တယ်လို့ ယုံကြည်ပြီး ဆွေးနွေးမှုဟာ ရှေ့ဆက်သွားနိုင်ဖွယ်ရှိတယ်လို့လည်း မစ္စတာအိုဘားမားက ဆိုပါတယ်။
XS
SM
MD
LG