သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘဏ်တွေ နိုင်ငံခြားသားခန့်ရေး ကန့်သတ်ချက်ကြောင့် ဘဏ္ဍာရေးလုပ်ငန်း ထိခိုက်နိုင်


မြန်မာ့ဘဏ်လုပ်ငန်းခွင်မြင်ကွင်း။
မြန်မာ့ဘဏ်လုပ်ငန်းခွင်မြင်ကွင်း။

ZAWGYI/UNICODE

မြန်မာ့ ပြည်တွင်းဘဏ်လုပ်ငန်းတွေမှာ နိုင်ငံခြားသားတွေကို အကန့်အသတ်အရေအတွက်နဲ့ အလုပ်ခန့်ဖို့ ဗဟိုဘဏ်ကသတ်မှတ်လိုက်တာကြောင့်ဘဏ္ဍာရေးလုပ်ငန်းတွေအပေါ် ထိခိုက်လာလိမ့်မယ်ဆိုတဲ့ သတိပေးချက်တွေထွက်ပေါ်လာပါတယ်။ စစ်တပ်က အာဏာမသိမ်းခင်ကာလတုန်းကတော့ ပြည်ပရင်းနှီးမြှပ်နှံမှုတွေကြောင့် မြန်မာ့ဘဏ်လုပ်ငန်းတိုးတက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံဗဟိုဘဏ်က သြဂုတ်လ ၂ ရက်နေ့ထုတ်ပြန်ချက်မှာတော့ ဘဏ်ကြီးတွေမှာ နိုင်ငံခြားသား ၂၅ ဦးနဲ့ အလတ်စားဘဏ်မှာ ၁၅ ဦး၊ အသေးစားဘဏ်တွေမှာတော့ ၈ ဦးထက်ပိုပြီး အလုပ်မခန့်ရဘူးလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံခြားသားတွေကိုခန့်မယ်ဆိုရင်လည်း ရက်(၃၀)ကြိုတင်အတည်ပြုချက်တောင်းခံရမှာဖြစ်ပြီး အကြီးတန်းရာထူးတွေကိုတော့ မြန်မာနိုင်ငံသားတွေကိုပဲခန့်ရမယ်လို့ ဖော်ပြပါရှိပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ဗဟိုဘဏ်ကိုမေးမြန်းခဲ့ပေမယ့် မှတ်ချက်ပေးပြောဆိုတာမရှိပါဘူးလို့ ရိုက်တာသတင်းတရပ်မှာဖော်ပြထားပါတယ်။ ဖေဖော်ဝါရီလ ၁ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗဟိုဘဏ်ဥက္ကဌကိုလည်း စစ်ကောင်စီက အစားထိုးခန့်အပ်ခဲ့ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုတွေကြောင့် ဘဏ်လုပ်ငန်းတွေ အထိနာနေချိန်မှာ ဘဏ်ထဲငွေထုတ်ဖို့ ပြည်သူတွေ နာရီနဲ့ချီစောင့်ကြရတာကိုလည်း လူမှုကွန်ယက်တွေမှာတွေ့နေရပါတယ်။ အရှေ့တောင်အာရှနိုင်ငံတချို့ကဘဏ်လုပ်ငန်းတွေမှာတော့ ဒေသခံတွေကိုခန့်ထားနိုင်အောင် နိုင်ငံခြားသားတွေကို အကန့်အသတ်နဲ့သာခန့်ထားခွင့်ပြုထားတာပါ။

နာမည်မဖော်လိုတဲ့ ဘဏ်ကြီးတခုက အဆင့်မြင့်တာဝန်ရှိသူတယောက်ကတော့ ဘဏ်လုပ်ငန်းတွေမှာ နိုင်ငံခြားသားဝန်ထမ်းတွေ အတော့်ကိုလိုအပ်နေသေးတယ်လို့ပြောပါတယ်။အခြားဘဏ်အရာရှိတယောက်ကလည်း နိုင်ငံခြားသား ဌားရမ်းခွင့်ကန့်သတ်လိုက်တာဟာ မြန်မာ့ဘဏ်လုပ်ငန်းတွေ ပိုပြီးအထီးကျန်ဖြစ်လာစေနိုင်သလို ကြီးကြပ်မှုပိုင်းမှာ အားနည်းလာနိုင်တယ်လို့ ထောက်ပြပါတယ်။

တိုက်ရိုက် လင့်ခ်


UNICODE





XS
SM
MD
LG