သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံအထူးကိုယ်စားလှယ် ပြည်သူတွေကို ကိုယ်စားပြုသူတွေနဲ့ အတူဆောင်ရွက်ဖို့  SAC-M တိုက်တွန်း


မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ (SAC-M) (ဓာတ်ပုံ- Official Publication)
မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ (SAC-M) (ဓာတ်ပုံ- Official Publication)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာပြည်သူရာနဲ့ချီ အသက်ဆုံးရှုံးခဲ့ရပြီး၊ လနဲ့ချီနှောင့်နှေးနေခဲ့တဲ့ အာဆီယံရဲ့ဘုံသဘောတူညီမှု(၅) ရပ်ကို အကောင်အထည်ဖော်ဖို့ ဆက်ပြီးအချိန်ဖြုန်းနေလို့မဖြစ်တော့ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ SAC-M ကကြေငြာချက်ထုတ် တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ တနိုင်ငံလုံးအပစ်ရပ်ရေးသဘောတူညီမှုရဖို့ အရင်ဆုံးဆောင်ရွက်ဖို့လိုသလို မြန်မာစစ်တပ်ကို စစ်တန်းလျားတွေဆီ ပြန်ခေါ်ဖို့လည်း သြဂုတ်လ (၆)နေ့ကထုတ်ပြန်ချက်မှာ အကြံပြုထားပါတယ်။

မြန်မာအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရတဲ့ ဘရူနိုင်းနိုင်ငံ၊ ဒုနိုင်ငံခြားရေးဝန်ကြီး Erywan Yousof အနေနဲ့ မြန်မာပြည်သူတွေကို အမှန်တကယ် ကိုယ်စားပြုတဲ့သူတွေနဲ့ လက်တွဲဆောင်ရွက်ဖို့လည်း အကြံပေးကောင်စီ SAC-M ကကြေငြာချက်ထုတ် တိုက်တွန်းလိုက်တာပါ။ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်အောင် အထူးကိုယ်စားလှယ်က လုပ်ကိုင်ရမှာ ဖြစ်သလို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)နဲ အရင်ဆုံး ချိတ်ဆက်ဆောင်ရွက်ဖို့လိုတယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကြောင့် မြန်မာနိုင်ငံမှာ ၆ လတာရင်ဆိုင်နေရတဲ့ အကြပ်အတည်းတွေပြေလည်အောင် ထိရောက်စွာလုပ်ကိုင်နိုင်ဖို့လိုတယ်လို့လည်း ပြောထားပါတယ်။ မြန်မာ့အရေး ဧပြီလကကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ ဘုံသဘောတူညီမှု (၅)ရပ်ချမှတ်ထားပြီးတဲ့နောက် အထူးကိုယ်စားလှယ်ခန့်အပ်ဖို့ ၃လကြာမြင့်ခဲ့ပြီး အာဆီယံအသင်းကြီးကလည်း စစ်ကောင်စီကလွှဲပြီး ဘယ်သူနဲ့မှ တိုင်ပင်တာမျိုးမရှိဘူးလို့လည်း ထောက်ပြထားပါတယ်။

ခုခန့်အပ်ထားတဲ့ အာဆီယံကိုယ်စားလှယ်အနေနဲ့ကလည်း စစ်တပ်နဲ့သာဆက်ပြီး တိုင်ပင်ဆောင်ရွက်နေမယ်ဆိုရင်တော့ မြန်မာပြည်သူတွေကို လိမ်လည်လှည့်ဖျားတာပဲ ဖြစ်လိမ့်မယ်လို့လည်း ထောက်ပြထားတာပါ။ ဧပြီလက အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာကျင်းပတဲ့ မြန်မာ့အရေး အာဆီယံအထူးဆွေးနွေးပွဲမှာ အကြမ်းဖက်မှုတွေချက်ချင်းရပ်ရေး၊ လူသားချင်းစာနာမှုအကူအညီတွေပေးအပ်ရေးနဲ့အာဆီယံအထူးကိုယ်စားလှယ်တဦး ခန့်ထားရေးအပါအဝင် ဘုံသဘောတူညီချက် ၅ ရပ်ကို အတည်ပြုထားတာဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ထဲမှာ အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာပဋိပက္ခအတွင်း သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးမှု့လုပ်မယ်လို့ဖော်ပြထားတာမှာ ဖမ်းဆီးခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမရဆိုတာကတော့ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်


..............................................................................................


(Unicode)





XS
SM
MD
LG