သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်မှာ နပမ်းပွဲတွေ ပြန်လည်ခွင့်ပြု


ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ၂၀၂၀ ပြည့်နှစ်ကျရင် ကျင်းပမယ့် အိုလံပစ် အားကစားပွဲတော်မှာ နပမ်းပွဲတွေကို ပြန်လည်ထည့်သွင်းဖို့ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) က မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

နပမ်းပွဲတွေကို ချန်ခဲ့ဖို့ ပြီးခဲ့တဲ့ ဖေဖောဝါရီလထဲမှာ ဆုံးဖြတ်ခဲ့ချိန်မှာတော့ အားကစားသမားတွေနဲ့ ပရိတ်သတ်တွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့လည်း ကြုံခဲ့ရတာပါ။ အိုလံပစ် အားကစားပွဲတော် သက်တမ်းတလျှောက်လုံးနီးပါး ပါဝင်လာခဲ့တဲ့ နပမ်းအားကစားကို ချန်လှပ်ခဲ့ဖို့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်လိုက်တာ ဖြစ်တဲ့အကြောင်းလည်း IOC တာဝန်ရှိသူတဦးဖြစ်တဲ့ Richard Pound ကပြောပါတယ်။

တနင်္ဂနွေနေ့က မဲခွဲရာမှာတော့ စုစုပေါင်း မဲအရေအတွက် ၉၅ မဲမှာ နပမ်းပွဲတွေကို ယှဉ်ပြိုင်ခွင့်ပြုဖို့ ထောက်ခံမဲ ၄၉ မဲရရှိခဲ့တာပါ။ နပမ်းပွဲတွေကို လာမယ့် ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၄ ခုနှစ် နွေရာသီ အိုလံပစ် ပြိုင်ပွဲတွေမှာ ထည့်သွင်းဖို့လည်း ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

လာမယ့် ၂၀၂၀ ပြည့်နှစ် နွေရာသီ အိုလံပစ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့် မြို့အဖြစ် IOC က တိုကျိုမြို့တော်ကို စနေနေ့ကပဲ ရွေးချယ်ထားတာပါ။ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရေး ကြိုးပမ်းနေကြတဲ့ စပိန်နိုင်ငံ မက်ဒရစ်မြို့နဲ့ တူရကီနိုင်ငံ အီစတန်ဘူမြို့တွေကို ကျော်လွန်ပြီး ၁၉၆၄ ခုနှစ်က ပထမဆုံး အကြိမ် အိမ်ရှင်ဖြစ်ခဲ့ဖူးတဲ့ တိုကျိုမြို့ကို ပြန်လည် ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG