ဖျာပုံထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဘိုကလေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ခင်ဘိုနဲ့ ဖမ်းဆီးထားသူ ခြောက်ယောက်ကို တရားရုံး ရမန်ကာလမှာ ရှေ့နေ ပါဝါ လွှဲခွင့်နဲ့ မိသားစုနဲ့တွေ့ဆုံခွင့် အာဏာပိုင်တွေက ငြင်းဆိုထားတဲ့အကြောင်း အကျိုးဆောင် ရှေ့နေ တွေကပြောပါတယ်။ ဒီလိုငြင်းပယ်တာဟာ အခြားအကျဉ်းသားတွေ ရတဲ့ရပိုင်ခွင့်ကို ချိုးဖောက်ခံရတာလို့လည်းပြောပါတယ်။ အသေးစိတ်ကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
ဦးအောင်ခင်ဘိုနဲ့ အဲန်အယ်လ်ဒီအဖွဲ့ဝင် ခြောက်ယောက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့ကတည်းက ဖမ်းဆီး ခံခဲ့ရတာပါ။ မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ လူထုရဲ့ အကျပ်အတည်းတွေကို ဖြေရှင်းပေးရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဘိုကလေးမြို့မှာ ဦးဆောင် ကျင်းပခဲ့တဲ့သူတွေပါ။
အခု သူတို့ကို ဖျာပုံထောင်မှာ ဖမ်းဆီးထားပါတယ်။ တရားရုံး ရမန်ကာလမှာ မိသားစုနဲ့ တွေ့ဆုံခွင့်မရှိသလို ရှေ့နေပါဝါ လွှဲခွင့်လည်း မရတဲ့အကြောင်း ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်းက အခုလို ပြောပါတယ်။
“၂၀ ရက်နေ့ကျရင်တော့ သူတို့အမှုကို စစ်နိုင်ပါလိမ့်မယ်လို့ မျှော်လင့်ရတာပဲ၊ ပြောတာပဲ၊ ကျနော်တို့က သွားတော့ သူတို့က ရှေ့နေပါဝါလည်း ယူခွင့်မရဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ခဝတက ခွင့်မပြုလို့တဲ့၊ ရှေ့နေပါဝါမရတော့ ကျနော် တို့က အမှုတွဲဖိုင်တွေကို ကူးယူခွင့် ဖတ်ရှုခွင့်မရဘူး။ အမှန်ကတော့ ရဲရမန်ကာလမှာ အချုပ်ထောင်မှာ မိသားစုနဲ့ တွေ့ဆုံ ခွင့်မရတာ သဘာဝကျပေမယ့် ဒီ တရားရုံးရမန်ကာလ တရားရုံးက အမှုစွဲတင်ပြီးတဲ့ ကာလ၊ နိုဝင်ဘာလ ၂၃ ရက်နေ့ နောက်ပိုင်းကတည်းက ပုံမှန် မိသားစုအခွင့်အရေး ပေးရမှာကို ထောင်ကလည်း ခဝတက ခွင့်မပြုလို့ဆိုပြီး ညွှန်ကြားချက် မရလို့ မိသားစုနဲ့ တွေ့ဆုံခွင့်ပါ ပိတ်ပင်ထားခံရတာဖြစ်တယ်။”
ရှေ့နေကြီး ဦးအောင်သိန်း ပြောပြသွားတာပါ။ ဘိုကလေးမြို့မှာ ဆန္ဒပြပွဲမှာပါဝင်ခဲ့လို့ အဖမ်းခံခဲ့ရတဲ့ ဦးအောင်ခင်ဘိုနဲ့ ခြောက်ယောက်အမှု၊ နောက် ကိုသိန်းထွန်းနဲ့ အပေါင်းပါတွေကို မိသားစုနဲ့တွေ့ခွင့်၊ ရှေ့နေပါဝါလွှဲခွင့်တွေ အာဏာပိုင် တွေဘက်က မပေးသေးတာဖြစ်ပါတယ်။