သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် မိခင်ရက်လည်ဆွမ်းကျွေး ထောင်တွင်း ပြုလုပ်ခွင့်ရ


ဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုဌေးကြွယ် ကွယ်လွန်သူ မိခင်ဖြစ်သူ ရဲ့ ရက်လည် အခမ်းအနား ထောင်တွင်းမှာ ပြုလုပ်ခွင့်ရခဲ့တယ် လို့သိရပါတယ်။ မကြာသေးခင်က မိခင်ကွယ်လွန် စဉ်တုန်းကလည်း အာဏာပိုင်တွေက သူ့ကို ထောင်ပြင် ထွက်ခွင့်ပြုခဲ့ပါသေး တယ်။ ထောင်ထဲမှာ ထိမ်းသိမ်းခံ နေရသူတွေရဲ့ အခြေအနေ တွေနဲ့ ပတ်သက်ပြီး ဦးအောင်လွင်ဦးက တင်ပြထားပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် တယောက် မိခင်ဒေါ်မိမိလေး ကွယ်လွန်ခဲ့တဲ့ ရက်လည်အဖြစ် သူထိမ်းသိမ်း ခံနေရတဲ့ အင်းစိန်ထောင်တွင်းမှာ ဆွမ်းကပ်ဒါနပြုခွင့်ရခဲ့တာပါ။ ဒီလိုမိခင်ဖြစ်သူအတွက် ဘာသာရေးအခမ်းအနား ပြုလုပ်ခွင့် ရခဲ့တဲ့အကြောင်းကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မနီလာသိန်း ကပြောပြရာမှာတော့ -

“ကိုဌေးကြွယ် မိခင် အမေ ဒေါ်မိမိလေးရဲ့ဈာပနကို ကိုဌေးကြွယ်က လိုက်ပါ လုပ်ဆောင်ခွင့် မရခဲ့ဘူး။ ဒါပေမဲ့ ကိုဌေးကြွယ်ကို အမေဆုံး ပြီးတော့ ၃၀ရက်နေ့မှာ ကိုဌေးကြွယ်ကို ထောင်က ထုတ်ပြီးတော့ ကိုဌေးကြွယ်အမေ့ရဲ့ ရုပ်ကလပ်ကို ပေးတွေ့တယ်လို့ သိရပါတယ်။ ရက်လည်တဲ့ နေ့မှာလည်း ထောင်ကနေပြီးတော့ ထောင်ရဲ့ အစီအစဉ်နဲ့ ဘုန်းကြီးတွေ ပင့်ပြီးတော့ တရားနာခွင့်၊ အမေ့ရဲ့ ရက်လည်လုပ်ခွင့်ရတယ်လို့ မိသားစုဝင်တွေကတဆင့် ကြားသိရပါတယ်။”

ဒီလို ထောင်တွင်းမှာ အခွင့်အရေးတချို့ရရှိလာနေတယ်ဆိုတော့ နိုင်ငံရေးလှုပ်ရှားသူတွေအပေါ် အာဏာပိုင်တွေ ဖက်က ဆက်ဆံပုံတွေ တိုးတက်ကောင်းမွန်လာတာလား မနီလာသိန်း ကတော့ အခုလို ဆိုပါတယ်။

“အခုလိုအနေအထားတွေ ကြည့်ခြင်းအားဖြင့် ဒါဟာ အပြုသဘောဆောင်တယ်။ ကောင်းတဲ့ လက္ခဏာလို့ ကျမတို့ ဆိုလိုလို့ရပေမယ့် အခုဖမ်းဆီးထားတဲ့သူတွေဟာ တကယ် အပြစ်မရှိတဲ့ သူတွေမဟုတ်ဘဲနဲ့ အရင်ကတည်းက ဖမ်းဆီးဖို့မလိုအပ်ဘဲ ဖမ်းဆီးခံနေရတဲ့ သူတွေ ဖြစ်ပါတယ်။ အဲဒီအတွက် အခုဖမ်းဆီးထားတဲ့သူတွေကိုလည်း ပြန်လွတ်ပေးလိုက်မယ်ဆိုရင် အကောင်းဆုံးပဲ ပေါ့နော်။ ဆက်လက် ဖမ်းဆီးမှုတွေလည်း ရပ်တန့်သွားလို့ရှိရင် တကယ် အပြု သဘောဆောင်တဲ့ ကောင်းတဲ့လက္ခဏာတွေကို ပိုမိုပြီးတော့ ဖော်ဆောင်လာတယ်လို့ ကျမတို့အနေနဲ့ ပြောလို့ရပါတယ်။”

တချိန်တည်းမှာပဲ အတိုက်အခံနိုင်ငံရေးလှုပ်ရှားသူတွေအပေါ် ဆက်လက်ဖမ်းဆီးမှုတွေ ရှိနေသေး သလို ဖမ်းဆီးမှာကို စိုးရိမ်ရတဲ့အတွက် တိမ်းရှောင်နေသူတွေကိုလည်း အာဏာပိုင်တွေက အပူတပြင်း လိုက်လံဖမ်းဆီးဖို့ ကျိုးပမ်းမှုတွေက ရှိနေတုန်းလို့လည်း မနီလာသိန်းကဆိုပါသေး တယ်။

“တိမ်းရှောင်နေတဲ့သူတွေတောင်မှ သူတို့အခုလို အပူတပြင်း လိုက်လံဖမ်းဆီးမှုတွေက လုပ်နေဆဲပါပဲ။ ဥပမာပြောပြရလို့ရှိရင် မဖြူဖြူသင်းရဲ့ အဖေဈာပန၊ အဖေမဆုံးခင်ကတည်း က လည်း မဖြူဖြူသင်းဟာ အဖေကို ကျန်းမာရေးမကောင်းလို့ လာကြည့်မလားဆိုပြီး ဆေးရုံ အောက်မှာ အုံနဲ့ ကျင်းနဲ့ လာစောင့်နေကြတာမျိုးတွေ။ အဖေနေမကောင်းလို့ ဖခင်ရဲ့ အခန်းထဲ ထိဝင်ရောက်တဲ့အထိ သူတို့တွေ ကြိုးစားလာတာကို သိရတယ်။ နောက်ဆုံး အဖေရဲ့ ဈာပနမှာလည်း သူတို့တွေဟာ အုပ်စုဖွဲ့ပြီးတော့ စောင့်နေတာမျိုးတွေပေါ့။ ရာဇဝတ်သား တယောက် ကို လိုက်လံဖမ်းဆီးလိုမျိုးတွေ အပူတပြင်းလုပ်နေတာမျိုးတွေ ကျမတို့တွေ့ရတယ်။ တိမ်းရှောင် နေတဲ့သူကိုလည်း တိမ်းရှောင်နေတဲ့အလျောက် သူတို့မှာ အလွတ်မပေးဘဲ လုံခြုံရေးတွေ တင်းတင်း ကြပ်ကြပ်နဲ့ လိုက်လံ ဖမ်းဆီးမှုတွေကို အပူတပြင်းလုပ်နေတာကိုလည်း တွေ့ရပါတယ်။ ဆက်လက် ဖမ်းဆီးမှုတွေကလည်း ဒီရက်ပိုင်းအတွင်းမှာ ဖြစ်ပျက်သွားတာတွေလည်း အများကြီး ရှိပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေလည်း ရှိပါတယ်။”

မကြာသေးခင်ရက်တွေအတွင်းကလည်း ရန်ကုန်မြို့မှာပဲ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အနည်းဆုံး လူ ၅ ဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။ ဖမ်းဆီးခံလိုက်ရသူတွေထဲမှာတော့ ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌဟောင်း ကိုတင့်ဆန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်က ကိုမြတ်စံတို့လည်း ပါဝင်ခဲ့တာပါခင်ဗျ။

XS
SM
MD
LG