သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတုဆိုင်ရာသိပ္ပံရှင်တို့ ကမ္ဘာလုံးပူနွေးလာမှုအပေါ် အမြန်ဆုံးအရေးယူဆောင်ရွက်ရန် တိုက်တွန်း


အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ပြုလုပ်နေတဲ့ ကုလသမဂ္ဂရဲ့ ရာသီဥတုပြောင်းလဲရေး ညီလာခံကို တက်ရောက်လာကြတဲ့ ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် (၂၀၀)ကျော်တို့က ဖန်လုံအိမ် ဓာတ်ငွေ့ လျော့ချဖို့အတွက် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ရေး ရည်မှန်းချက်တွေ ချပေးတဲ့ ကြေညာချက်တရပ်ကို လက်မှတ်ရေးထိုးလိုက်ကြတဲ့အကြောင်း ဘာလီကျွန်းကနေပြီးတော့ ဗွီအိုအေ သတင်းထောက် ချဒ်ဘူးချာ့ဒ် Chad Bouchardကသတင်းပေးပို့ထားပါတယ်။

ဒီကနေ့ ကြာသာပတေးနေ့မှာပဲ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ နိုင်ငံတကာက အစိုးရတွေကို သက္ကရာဇ် ၂၀၅၀ ခုနှစ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့ကို အခုထုတ်လုပ်နေတဲ့ ပမာဏထက် တ၀က် လျော့ချဖို့ တိုက်တွန်းထားပါတယ်။

မီသိန်းဓာတ်ငွေ့၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တို့လို ဖန်လုံအိမ်ဓာတ်ငွေ့တွေဟာ အာကာသ ထဲကို ရောက်သွားပြီးတဲ့ နောက်မှာ ကမ္ဘာလုံးဆိုင်ရာ အပူရှိန်တက်မှုကို ဖြစ်ပေါ်စေပါတယ်။

လေးလကြာအောင်ရေးဆွဲခဲ့တဲ့ ဒီကြေညာချက်ကို ရာသီဥတုကျွမ်းကျင်သူ ပုဂ္ဂိုလ်ပေါင်း (၂၁၅)ဦးက သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါတယ်။

နိုဘယ်လ်ဆုကို ရရှိထားတဲ့ နိုင်ငံတကာ ရာသီဥတု ပြောင်းလဲမှု ထိမ်းသိန်းရေးအဖွဲ့ IPCCတို့လို အဖွဲ့ကြီးတွေက သိပ္ပံပညာရှင်တွေကလည်း သိပ္ပံနည်းကျတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အဓိက ကြေညာချက်တွေကို ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ New South Wales တက္ကသိုလ်က ပါမောက္ခ ဖြစ်တဲ့ မက်သယူး (Mathew England)ကတော့ အခုလို သူရဲ့သဘောထားကို မှတ်ချက်ပြုပါတယ်။

“ဒီကြေညာချက်က ပျက်သားပါတယ်။ စာပိုဒ်အားဖြင့်တော့ လေးပိုဒ်၊ ငါးပိုဒ်လောက်ပဲပါဝင်ပြီး၊ သိပ္ပံပညာရှင်တို့ရဲ့ ဖိအားပေးမှုတွေပါဝင်နေပါတယ်။ ရှေ့လာမယ့် သတင်းပတ်များအတွင်းမှာ ဘာလီကျွန်းမှာ ဆွေးနွေးမယ့် စေ့စပ်ရေးမှူးတွေကိုလည်းပဲ အထောက်အကူဖြစ်မှာ ဖြစ်တယ်”

Scripps အဏ္ဏ၀ါဗေဒ လေ့လာရေးတက္ကသိုလ်က Richard Somerville ကတော့ အခု သိပ္ပံ ပညာရှင်တွေရဲ့ အကြံပြုချက်ဟာ ရရှိထားတဲ့အကောင်းဆုံးသော သတင်းအချက်အလက်တွေ ပေါ်မှာ အခြေခံထားပြီးတော့ တွက်ကိန်းထုတ်ထားခြင်း ဖြစ်တဲ့အကြောင်း ပြောကြားပါတယ်။

“သင့်ခန္ဓာကိုယ်အတွင်းမှာ ဘေးကင်းစိတ်ချရတဲ့ နှလုံးရောဂါဖြစ်နိုင်တဲ့ cholesterol နံပါတ်ကို သင့်ဆရာဝန်က အတိအကျ နံပါတ် ကိန်းဂဏန်းတွေကို မပေးနိုင်သလို အခုသိပ္ပံပညာရှင်တွေရဲ့ မှန်းဆချက်ကလည်း လှေနံဓါးထစ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့က စဉ်းစားချင့်ချိန်ပြီး ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်တရပ်သာဖြစ်တယ်။ အမှားအယွင်းတွေလည်း ဖြစ်နိုင်တယ်။”

ကုလသမဂ္ဂရဲ့ ရာသီဥတုထိမ်းသိန်းရေးက အကြီးအကဲ ပုဂ္ဂိုလ်ဖြစ်တဲ့ အီဗွန်ဒီဗိုးဗွား (Yvo de Boer)ကတော့ အခုလာမယ့် စေ့စပ်ရေးတွေမှာ သိပ္ပံပညာရှင်တွေပေးတဲ့ အကြံပေးချက်တွေဟာ ဘယ်အတိုင်းအတာအထိ ဖိအားပေးနိုင်မယ်ဆိုတာကို ပြတ်ပြတ်သားသားတော့ သူ့အနေနဲ့ မပြောဆိုနိုင်ကြောင်း ပြောပါတယ်။ ဒါပေမဲ့ အခုလာမယ့် ဆွေးနွေးမှုတွေဟာ IPCCတို့လို အဖွဲ့အစည်းတွေက အစောပိုင်း ထုတ်ပြန်ထားတဲ့ သိပ္ပံပညာကို အခြေခံထားတဲ့ အစီရင်ခံစာတွေ ပေါ်မှာတော့ ဦးစားပေးဆွေးနွေးလိမ့်မယ်လို့ သူကထင်မြင်တဲ့အကြောင်းအခုလိုဆက်ပြောပါတယ်။

“တိုကျိုသဘောတူစာချုပ်ကို စတင်ဆွေးနွေးကြဖို့ ဆုံးဖြတ်ကြတာဟာလည်း IPCCရဲ့ အစီရင်ခံစာ ကြောင့် ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် ရှေ့စေ့စပ်ဆွေးနွေး ပွဲတွေမှာလည်း IPCCရဲ့ လက်ရှိအစီရင်ခံစာကို အခြေခံထားပြီး ကျွန်တော်တို့ ဆွေးနွေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG