သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာအရေး ထပ်မံတင်ပြဆွေးနွေးမည်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာအီဗရာဟင် ဂင်ဘာရီဟာ ကုလသမဂ္ဂ အထွေထွေညီလာခံကိုရော လုံခြုံရေးကောင်စီကိုပါ မြန်မာ့ နိုင်ငံရေး ကိစ္စ ထပ်မံ ဆွေးနွေးတင်ပြမယ်လို့ သိရပါတယ်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကတောင်းဆိုထားတဲ့ မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ဖို့ တွေ့ဆုံ ဆွေးနွေးရေး လုပ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးမှာ နိုင်ငံရေးအင်အားစုတွေ တိုင်းရင်းသားအင်အားစုတွေပါဝင်ခွင့် ရဖို့ဆိုတဲ့ကိစ္စတွေမှာ မြန်မာစစ်အစိုးရဖက်ကနေ လိုက်လျောမှူတွေ ဘာမှ သိသိသာသာ မတွေ့ရချိန်မှာပဲ၊ အခု ကုလသမဂ္ဂမှာ မြန်မာ့အရေးဆွေးနွေးမှူတွေ ပြန်စလာတဲ့သဘော ဖြစ်နေပါတယ်။ တနေ့ကတော့ မစ္စတာဂင်ဘာရီနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံသဘာပတိတို့ သီးခြား တွေ့ဆုံခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ အထွေထွေညီလာခံ သဘာပတိရဲ့ ပြောခွင့်ရသူ Janos Tisovszky က ဗီအိုအေကို အခုလို ပြောသွားပါတယ်။

“ကုလသမဂ္ဂအထွေထွေညီလာခံ သဘာပတိနဲ့ မစ္စတာဂင်ဘာရီတို့နှစ်ဦး တနေ့က တွေ့ဆုံပြီး တော့ မစ္စတာဂင်ဘာရီရဲ့ နောက်ပိုင်းလုပ်ဆောင်မယ့် ကိစ္စတွေကို ဆွေးနွေးကြပါတယ်၊ ဒါဟာ တတိယအကြိမ် တွေ့ကြခြင်းပါ။ ဒါကြောင့်လည်း နောက်ဆုံးအကြိမ်တွေ့ ပြီးနောက် မြန်မာ နိုင်ငံက ဖြစ်ပျက်သမျှ နောက်ဆုံးအခြေအနေသစ်တွေကို မစ္စတာဂင်ဘာရီက အထွေထွေ ညီလာခံ သဘာပတိကို အစီရင်ခံတာလည်းဖြစ်ပါတယ်။”

ကုလသမဂ္ဂလုံခြုံရေးကောင်စီအပြင် အခု အထွေထွေညီလာခံမှာပါ မြန်မာ့အရေးကိစ္စ မစ္စတာ ဂမ်ဘာရီကနေ ဆွေးနွေးတင်ပြမယ်ဆိုတော့ ကုလသမဂ္ဂ အထွေထွေညီလာခံကပါ မြန်မာ့အရေး ကို ကိုင်တွယ်နေတဲ့သဘောလားလို့ ကျနော်မေးကြည့်ပါတယ်။

“ကုလသမဂ္ဂ အထွေထွေညီလာခံတတိယကော်မတီမှာ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ ဆွေးနွေးကြပြီးတဲ့နောက် အဲဒီ အထွေထွေညီလာခံဆုံးဖြတ်ချက်အရ မစ္စတာဂင်ဘာရီဟာ မြန်မာ နိုင်ငံကို သွားရောက်ခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ကိုလည်း ကုလသမဂ္ဂအဖွဲ့ဝင်အားလုံးကြားထဲမှာ မဲခွဲဆုံးဖြတ်တာပါ၊ ဒါကြောင့် မစ္စတာဂင်ဘာရီရဲ့ ခရီးစဉ်ကိစ္စက အထွေထွေညီလာခံကို ပြန် အစီရင်ခံတင်ပြဖို့လိုပါတယ်။”

ဒီတော့ ကုလသမဂ္ဂ အထွေထွေညီလာခံအနေနဲ့ရော မစ္စတာဂင်ဘာရီက ဆွေးနွေးတင်ပြပြီးရင် ဘာဆက်လုပ်နိုင်သလဲလို့ ကျနော် ဆက်မေးကြည့်ပါတယ်။

“ခုနက ပြောသလိုပါ။ ဒီဆုံးဖြတ်ချက်ကို အထွေထွေညီလာခံ မဲခွဲဆုံးဖြတ်တာပါ။ ဒီ ဆုံးဖြတ်ချက်ကို အရေးယူလုပ်ဆောင်ဖို့လည်းဖြစ်ပြီး ဒါကို အားလုံးစုံညီတဲ့ အထွေထွေ ညီလာခံမှာ ပြန်တင်ရမှာပါ၊ ဒါကြောင့် အခု ဒီဇင်ဘာ ၁၅ရက်နောက်ပိုင်းမှာလည်း တတိယ ကော်မတီရဲ့ အစီရင်ခံစာကို အထွေထွေညီလာခံကြီးကို ပြန်တင်ရမှာပါ။ အဲတော့ ဒီအခြေအနေ မှာ အကြံပြုတိုက်တွန်းချက်တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကိစ္စ ဆွေးနွေးကောင်း ပြန် ဆွေးနွေးနိုင်ပါတယ်။”

အထွေထွေညီလာခံတင်မဟုတ်ပဲ လုံခြုံရေးကောင်စီမှာလည်း ဒီလအတွင်း မြန်မာနိုင်ငံကိစ္စ ထပ်ပြီးဆွေးနွေးဖို့ ရှိတယ်ဆိုတော့၊ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအပေါ် ဘယ်အထိ အရေးယူဆောင်ရွက်နိုင်ဖို့ ပြင်ဆင်ထားသလဲလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်အမြဲတမ်း ကိုယ်စားလှယ်ရုံး ပြောခွင့်ရသူ Mr.Ben Chan ကို ကျနော် ဆက်မေးကြည့်ပါတယ်။

“ကျနော်တို့အနေနဲ့တော့ အခုချိန်အထိတော့ မြန်မာနိုင်ငံကိစ္စ ဘယ်လိုအရေးယူဆောင်ရွက် မလဲဆိုတာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာတော့ အတိအကျမရှိသေးပါဘူး။ ဒါပေမယ့် မြန်မာ နိုင်ငံကိစ္စကိုတော့ အလေးပေးဆောင်ရွက်နေပါတယ်၊ နောက်အဆင့်မှာ ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ကျနော်တို့ မိတ်ဆွေနိုင်ငံတွေနဲ့ ဆွေးနွေးတိုင်ပင်တာတွေလည်းရှိပါတယ်၊ မစ္စတာ ဂမ်ဘာရီအနေနဲ့ အခုလမကုန်ခင် မကြာခင် မြန်မာနိုင်ငံကို သွားရောက်မယ်လို့ မျှော်လင့် ရပါတယ်၊ အတွင်းရေးမူးချုပ်နဲ့ လုံခြုံရေးကောင်စီကို အခြေအနေတွေ ပြန်အစီရင်ခံဖို့လည်း ရှိပါတယ်၊ နောက်အပတ်ထဲ ဆွေးနွေးဖြစ်မယ်လို့ ထင်ပါတယ်။”

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်အမြဲတမ်းကိုယ်စားလှယ်ရုံး ပြောခွင့်ရသူ Mr.Ben Chan ပြောသွားခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG