အခုလာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ဖြစ်ပါတယ်။ အဲဒီနေ့ မတိုင်ခင်မှာပဲ စစ်အစိုးရလက်အောက် မြန်မာပြည်သူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှု တနေ့တခြား ဆိုးဝါးလာတဲ့ အခြေအနေကို ဖော်ပြထားတဲ့ အစီရင်ခံစာတစောင်ကို ALRCလို့ခေါ်တဲ့ ဟောင်ကောင် အခြေစိုက် အာရှ ဥပဒေ အရင်းအမြစ် ဌာနကနေ ကုလသမဂ္ဂအပါအဝင် နိုင်ငံ တကာကို ဒီနေ့ပဲ ဖြန့်ချိလိုက်ပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းမှာ ကျင်းပဖို့ရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာလည်း စာမျက်နှာ ၁၃၆ မျက်နှာပါတဲ့ အစီရင်ခံစာတင်သွင်းမှာပါ။ အစီရင်ခံစာရဲ့ ခေါင်းစဉ်ကတော့ ထူးထူးခြားခြားပါ။ မြန်မာပြည်၊ နိုင်ငံရေး စိတ္တဇနဲ့ အတိတ်မေ့ဥပဒေများလို့ပေးထား ပါတယ်။ ဒီအကြောင်းကို ALRC အဖွဲ့က မြန်မာရှေ့နေ ဦးမင်းလွင်ဦးကို ဦးကျော်အောင်လွင် က ဆက်သွယ် မေးမြန်း ထားပါတယ်။
ဒီအစီရင်ခံစာထဲမှာ ဘာအကြောင်းတွေပါတယ်၊ ဒီလိုအစီရင်ခံစာကြောင့် မြန်မာ ပြည် လူ့အခွင့်အရေးကို ဘယ်လောက်အထိ အကျိုးသက်ရောက်မှုတွေ ရှိစေမလဲဆိုတာကို ရှင်းပြပေးပါခင်ဗျား။
“ကျွန်တော်တို့ အရင်းအမြစ်ဌာနအနေနဲ့ ဒီဇင်ဘာ (၁၀)ရက်နေ့မှာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ်နဲ့ ရည်ရွယ်ပြီး ထုတ်တာလည်း ဖြစ်တယ်။ နောက်တခါ ဒီဇင်ဘာ ၁၀ရက်နေ့ကနေ ၁၄ရက်နေ့အထိ ကျင်းပမယ့် Human Rights Council မှာ Special Section on Burma မှာလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးကိစ္စတွေကို တင်ပြဖို့ အတွက် ရည်ရွယ်ပြီးတော့ ဒီစာအုပ်ကို ထုတ်ပြန်ကြေညာခြင်းဖြစ်တယ်။ ထုတ်ပြန်ကြေညာတဲ့အခါမှာ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်းမှာရှိကြတဲ့ လူအခွင့်အရေး ကာကွယ်မြှင့်တင်သူများနဲ့ ပတ်သက်ပြီး လက်ရှိ ရင်ဆိုင်နေရတဲ့ ပြဿနာ အခြေအနေတွေ ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်းမှာပဲ အာဏာပိုင်တွေရဲ့ တရားလက်လွန်ပြုမူမှုကြောင့် သေဆုံးသွားရတဲ့ လူ တွေရဲ့ လူမှုကိစ္စတွေရယ်၊ နောက်တခါ သြဂုတ် ၂၆ရက်နေ့ကနေ စတင် ပြီးတော့ စက်တင်ဘာလ ငြိမ်းချမ်းစွာဆန္ဒပြ လမ်းလျှောက်လှုပ်ရှားတဲ့ အခြေအနေတွေနဲ့ အဲဒီလူတွေ လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေတွေကို နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးသိရှိအောင်ရယ်၊ နောက်ပြီးတော့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းအားလုံးနဲ့ ဆက်စပ်ပြီး လုပ်နိုင် အောင်ရယ် ကျွန်တော်တို့ ဒီအစီရင်ခံစာမှာ တင်ပြပြီးတော့ ယနေ့ဝေခြင်း ဖြစ်ပါတယ်။”
ဒီALRCက မြန်မာပြည်ကလူ့အခွင့်အရေးအခြေအနေတွေနဲ့ပါတ်သက်ပြီးတော့ အခုလိုမျိုးအစီရင်ခံစာ ထုတ်ခဲ့ဖူးတာရှိပါသလားခင်ဗျ။
“ဟုတ်ကဲ့ခင်ဗျ။ ရှိခဲ့ဖူးပါတယ်။ ၂၀၀၃ခုနှစ် ဒီပဲယင်း အရေးအခင်းနဲ့ ပတ်သက်ပြီးတော့လည်း ALRCကနေပြီးတော့ အထူးဖြန့်ချီတဲ့အနေနဲ့ မြန်မာနိုင်ငံအရေးကို တင်ပြထုတ်ဝေခဲ့ဖူးတယ်။”
ပထမတကြိမ် ဒီပဲယင်းအခြေအနေတွေကို တင်ပြမှုနဲ့ ပတ်သက်ပြီးတော့ ဘယ်လို အကျိုးသက်ရောက်မှုတွေရှိတယ်လို့ တွေ့ခဲ့ရပါသလဲခင်ဗျ။
“ဒီပဲယင်းကိစ္စကို နိုင်ငံတကာအသီးသီးကို တင်ပြပြောဆိုတယ်၊ ကုလသမဂ္ဂလူ့အခွင့်အရေး၊ အဲဒီတုန်းကတော့ ကော်မရှင်ပေ့ါ။ အဲဒီကို ကျွန်တော်တို့ တင်ပြအရေးဆိုတယ်။ အဲဒီအချိန်မှာ သူတို့အနေနဲ့ ဒီကိစ္စကို အထူးစုံစမ်းအရေးယူပေးဖို့အတွက် ဆောင်ရွက်ဖို့သူတို့ စိတ်ဝင်စားပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကြောင့် လက်ရှိကိုယ်စားလှယ်က ဆောင်ရွက် နိုင်မလား မဆောင်ရွက်နိုင်ဘူးလားဆိုတာတွေနဲ့ ပက်သက်ပြီးတော့ စိတ်ဝင်စားမှုှုရှိပေမယ့်လည်း သူတို့အနေနဲ့ လုပ်ဆောင်မှုအားနည်းတာကို ကျွန်တော်တို့တွေ့ရတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့က အခုထုတ်ဝေတဲ့ အစီရင်ခံစာမှာ အကြံပြုတင်ပြထားတာလည်းရှိတယ်၊ ကျွန်တော်တို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရယ်၊ ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင် မဟာမင်းကြီးကိုလည်း ကျွန်တော်တို့ တင်ပြပြီးတော့ အကြံပြုထားတာရှိပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ မစ္စတာ ဂမ်ဘာရီလိုမျိုးအထူးကိုယ်စားလှယ်၊ နောက် ဒေါက်တာပင်ညဲရိုးလိုလူမျိုးနဲ့ မလုံလောက်တော့ဘဲနဲ့ လူ့အခွင့်အရေးကောင်စီကနေပြီးတော့ မြန်မာနိုင်ငံအရေးကို အထူးပြုလေ့လာတဲ့အဖွဲ့ရယ်၊ ရရှိတဲ့ အချက်အလက်တွေပေါ်မှာ နည်းဗျူဟာ၊ မဟာဗျူဟာအရ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာတွေကို အမြန်ဆုံးဖွဲ့စည်းပေးဖို့ လိုတယ်ဆိုတာကိုလည်း ကျွန်တော်တို့ ဒီအစီရင်ခံစာမှာ တခါတည်း အကြံပြုတင်ပြထားပါတယ်။”
အခုအစီရင်ခံစာကို စာအုပ်ထုတ်ပြီးတော့ နိုင်ငံတကာကို ဖြန့်တယ်ဆိုတဲ့အထဲမှာ မြန်မာပြည်အပါအဝင် အာစီယံ ဒေသတွင်းမှာ ရှိတဲ့ ဥပဒေပိုင်းဆိုင်ရာ အဖွဲ့အစည်းတွေရော၊ လူ့အခွင့်အရေးကိစ္စလုပ်ရှားနေတဲ့သူတွေကိုရော ဖြန့်သလားခင်ဗျ။
“အာရှဒေသ ဆယ်နိုင်ငံအတွင်းမှာရှိတဲ့ Asia legal လုပ်ဖို့ အတွက် ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေ၊ အာစီယံနိုင်ငံက ဥပဒေပိုင်း ဆိုင်ရာနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေကိုလည်း ကျွန်တော်တို့ ပေးပို့ထားတာရှိပါတယ်။”
မြန်မာပြည်တွင်းမှာ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့လူတွေ၊ ဥပဒေပညာရှင်တွေကိုရော ဒီစာအုပ်တွေ၊ အစီရင်ခံစာတွေ ဖြန့်သလားခင်ဗျ။
“ကျွန်တော်တို့အနေနဲ့ကတော့ အခွင့်အရေးရရင်တော့ ကျွန်တော်တို့ ဖြန့်ချင်တာပေ့ါ။ ဒါပေမဲ့ သူတို့ရဲ့လုံခြုံမှုတို့၊ နောက်ပြီးတော့ သူတို့နဲ့ ဆက်သွယ်နိုင်မှုဆိုတာကိုလည်း ကျွန်တော်တို့က ပြန်လည်စဉ်းစားရတာ ဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ စိတ်ဝင်စားတဲ့ သူတွေအားလုံးဖတ်နိုင်ဖို့အတွက် articletwo.orgမှာ ကျွန်တော်တို့ အဲဒီစာအုပ်ကို တခါတည်း တင်ထားပါတယ်။”
မြန်မာပြည်ထဲမှာ ဖြန့်ချိဖို့ကိစ္စဟာ ဘယ်လို အခက်အခဲတွေရှိသလဲခင်ဗျ။ တရားဝင်မှုမရှိလို့လား။
“အာရှလူ့အခွင့်အရေးကော်မရှင်ရယ်၊ အာရှဥပဒေအရင်းအမြစ်ဌာနတွေရယ် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အင်တာနက်စာမျက်နှာတွေဖွင့်ထားတာရှိပါတယ်။ တချို့စာမျက်နှာတွေက ပြည်တွင်းကနေ ကြည့်လို့ မရဘူးဆိုတာကို ကျွန်တော်တို့ ပြန်လည်ကြားသိရတယ်။ ပင်မစာမျက်နှာတွေက မစုစုနွေးကိစ္စရှိတယ်။ ဟင်္သာတ ကိုမြင့်နိုင်တို့ (၆)ယောက်ကိစ္စရှိတယ်။ စက်တင်ဘာအရေးအခင်းနဲ့ ပတ်သက်ပြီးတော့ တင်ပြထားတဲ့ ပင်မ စာမျက်နှာတွေရှိတယ်။ အဲဒီမှာ တချို့စာမျက်နှာတွေက ကြည့်လို့မရဘူး။ တချို့ဥစ္စာတွေကတော့ ကြည့်လို့ရတယ်။ နောက်ပြီးတော့ အဲဒီလိုမျိုးစာရွက်စာတမ်းတွေရင်လည်း ဖတ်ရှုတဲ့သူတွေအနေနဲ့ အန္တရယ်ဖြစ်မယ်လို့ သူတို့က ယူဆတဲ့ အတွက် ကျွန်တော်တို့ ဖြန့်ဖို့ အခက်အခဲ နဲနဲရှိပါတယ်။”
အခုထုတ်ပြန်တဲ့ အစီရင်ခံစာဟာ မကြာခင်ရက်ပိုင်းအတွင်း ဂျနီဗာမှာ ကျင်းပမယ့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ တင်ပြဖို့လည်း အစီအစဉ်ရှိတယ်ဆိုတော့ မြန်မာပြည်ရဲ့ လူ့အခွင့်အရေးနောက်ဆုံးအခြေအနေတွေကို ကိုယ်တိုင်သွားပြီးတော့ မြန်မာပြည်ထဲကို လေ့လာခဲ့တဲ့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် ဒေါက်တာ ပေါ်လိုဆာဂျီယို ပင်ညဲရိုးကလည်း ဂျနီဗာ လူ့အခွင့်အရေးကောင်စီမှာတင်ပြဖို့ ရှိတယ်ဆိုတော့ သူတင်ပြမှုနဲ့ အခုဦးမင်းလွင်ဦးတို့ ALRCကတင်ပြမယ့်အချက်အလက်တွေနဲ့ ဘယ်လိုကွဲလွဲပါသလဲခင်ဗျ။
”ကျွန်တော်တို့ ALRCက တင်ပြမယ့်အချက်အလက်တွေက အာဏာပိုင်တွေရဲ့ ချိုးဖောက်တဲ့ ကိစ္စရပ်တွေဟာ ဥပဒေပြဌာန်းချက်တွေကို ဘယ်လိုကျော်လွန်ပြီးတော့ ချိုးဖောက်နေတာဖြစ်တယ်၊ ဘယ်လို ကျူးလွန်နေတာ ဖြစ်တယ်၊ အာဏာပိုင်တွေ ကျူးလွန်နေတဲ့ကိစ္စကို နောက်ပိုင်းဥပဒေကနေပြီးတော့ လိုက်ပြီးတော့ ပြင်ပေးနေရတယ်ဆိုတာတွေကို ကျွန်တော်တို့ ထောက်ပြပြီးတင်ပြပြောဆိုမှာဖြစ်တယ်။”
ဒေါက်တာပင်ညဲရိုးတင်ပြမယ့်ဟာက
”ဒေါက်တာပင်ညဲရိုးတင်ပြမယ့် ဥစ္စာက မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဘယ်လိုရှိတယ်၊ အစိုးရရဲ့ ဖိနှိပ်မှုတွေ ဘယ်လိုရှိတယ်၊ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေ၊ ဒီအကျဉ်းသားတွေရဲ့ ထောင်တွင်း နေထိုင်မှု အခြေအနေ၊ ဖမ်းဆီးထိန်းသိမ်းထားသူတွေရဲ့ အခြေအနေတွေကို သူက တင်ပြမှာဖြစ်ပါတယ်။”
အခုတခေါက်တင်ပြမယ့် ALRCအစီရင်ခံစာဟာ မြန်မာပြည်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်အထိ အကျိုးသက်ရောက်မှုရှိလို့ ဦးမင်းလွင်ဦးတို့ ခန့်မှန်းပါလဲခင်ဗျ၊
“ကျွန်တော်တို့ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီးတော့တော်တော် မျှော်လင့်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ စက်တင်ဘာအရေးအခင်းမှာ တကမ္ဘာလုံးကနေပြီးတော့ အင်တာနက်ကနေသော်လည်းကောင်း၊ ရုပ်မြင်သံကြားကသော်လည်းကောင်း မြန်မာနိုင်ငံရဲ့အကြောင်းကို တော်တော်များများသိရှိလာပြီးဖြစ်တယ်။ အဲဒီလိုမျိုးသိရှိလာတဲ့အခါမှာ သူတို့ကလည်း တအံ့တသြဖြစ်တယ်။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲပေါ့။ အဲဒီတော့ ကျွန်တော်တို့ အစီရင်ခံစာက သူတို့ တအံ့တသြဖြစ်တဲ့ ကိစ္စရပ်တွေကို တနည်းတဖုံနဲ့ ဖြေရှင်းပေနိုင်မယ်၊ ပိုမိုပြီးတော့လည်း မြန်မာနိုင်ငံအရေးကို သတိထားစောင့်ကြည့်ရုံနဲ့မလုံလောက်တော့ဘူး မိမိသိရှိတဲ့ ဥစ္စာတွေကို အရေးယူနိုင်ဖို့ အလျင်အမြန်တင်ပြပြောဆိုဖို့ လိုအပ်လာပြီဆိုတာကို ကျွန်တော်တို့ အစီရင်ခံစာမှာ တိုက်တွန်းနှိုးဆော်ထားပါတယ်။”
ဝေဖန်သုံးသပ်သူတွေကလည်း ပြောနေကြတာရှိပါတယ်ခင်ဗျ။ ဒီကုလသမဂ္ဂ ကနေပြီးတော့ မြန်မာပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စတွေကို နှစ်စဉ်နှစ်စဉ် အစီရင်ခံစာတွေ ထွက်နေပေမယ့်လည်း၊ နိုင်ငံတကာကို တင်ပြနေပေမယ့်လည်း မြန်မာပြည်မှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ကိစ္စတွေဟာ အကောင်းဖက်ကို ရောက်မလာဘူး၊ တနေ့ထက်တနေ့ပိုပြီးတော့ ဆိုးလာနေတယ်ဆိုတော့ အခုလိုမျိုးအစီရင်ခံစာတင်ပြမှုတွေဟာ ထိရောက်မှုမရှိဘူးဆိုတဲ့သဘောလားခင်ဗျ။
”မဟုတ်ဘူးခင်ဗျ။ ထိရောက်မှုအတိုင်းအတာရှိပါတယ်။ ဥပမာ ILOနဲ့ ကိစ္စတွေပေ့ါ။ ဒေါက်တာပင်ညဲရိုး ကန့်သတ်ခံရတဲ့ကိစ္စတွေပေါ့။ ဒေါက်တာပင်ညဲရိုးကို ဘာကြောင့်ကန့်သတ်သလဲ၊ ဒေါက်တာပင်ညဲရိုးရဲ့ အစီရင်ခံစာ ထိရောက်တဲ့အတွက် အာဏာပိုင်တွေက ကန့်သတ်တာဖြစ်တယ်။ အဲဒီလို ကန့်သတ်ပြီးတဲ့နောက်ပိုင်းမှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေနဲ့ ဆက်ပြီးတော့ လုပ်နိုင်ဖို့ ရပ်ဆိုင်းသွားတယ်။ အခုနောက်ပိုင်း စက်တင်ဘာအရေးအခင်းဖြစ်လာတဲ့အခါကျတော့မှ အထူးအစည်းအဝေးခေါ်ပြီးတော့မှ အခုလိုမျိုး ဒေါက်တာပင်ညဲရိုးသွားနိုင်ဖို့အတွက်စီစဉ်တယ်။ အရေးတယူလုပ်ဆောင်လာတာတွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ ဒါဟာ ဆုတ်ယုတ်တယ်လို့ မမြင်ပါဘူး။ တိုးတက်တယ်လို့ ကျွန်တော်တို့ယူဆပါတယ်။”
ဦးမင်းလွင်ဦးတို့ ALRCလို AHRCလိုမျိုး မြန်မာပြည်က လူ့အခွင့်အရေးကို စောင့်ကြည့်ပြီးတော့ စနစ်တကျ နိုင်ငံတကာ၊ ကုလသမဂ္ဂကို တင်ပြနေတာတွေက နှစ်စဉ်နှစ်စဉ်အတိုင်းရှိနေတယ် ဆိုပေမယ့်လည်း ဒီလိုပြောဆိုမှုတွေဟာ မြန်မာပြည်တွင်းက လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ဝေဒနာကို သက်သာအောင်ကုသနိုင်စွမ်းမရှိဘူးလို့ ဝေဖန်ကြမယ်ဆိုရင်ရော ဦးမင်းလွင်ဦးတို့ ဘယ်လိုတုန့်ပြန်ချင်လဲခင်ဗျ။
”စစ်အာဏာရှင်လက်အောက်မှာတော့ ဒီလိုမျိုးချက်ချင်းပြောင်းလဲလာမှာတော့မဟုတ်ဘူး။ ဖြေးဖြေးပြောင်းလဲလာအောင်လို့ ကျွန်တော်တို့က နိုင်ငံတကာက အဖွဲ့အစည်းတွေ ဆက်လက်ဖိအားပေးဖို့လိုတယ်ဆိုတာကို ကျွန်တော်တို့ စဉ်ဆက်မပြတ် တင်ပြပြောဆိုရမှာ ဖြစ်တယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ဒီလိုမျိုးလုပ်ရပ်တွေဟာ လွန်လွန်းလာပြီ၊ ပြည်သူတွေရဲ့ နေ့စဉ်ဘဝကို ထိခိုက်လာပြီဆိုတာကို စဉ်ဆက်မပြတ်ပြောနေပြီ ဆိုလို့ရှိရင်တော့ တဖြေးဖြေး ပြုပြင်ပြောင်းလဲလာမယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ ချက်ခြင်းကြီးပြောင်းလဲလာလိမ့်မယ်လို့လည်း ကျွန်တော်တို့ မမျှော်လင့်ပါဘူး။”