သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းအိုးအိမ်ရွှေ့ပြောင်းခံရမှူ အဆိုးဆုံး ၃ နိုင်ငံထဲမှာ မြန်မာနိုင်ငံပါ


ဂျနီဗာအခြေစိုက်တဲ့ COHRE လို့ခေါ်တဲ့ အိုးအိမ်ရွေ့ပြောင်းမှူနှင်ထုတ်ခံရမှူဆိုင်ရာ ရပိုင်ခွင့်အဖွဲ့ ကြီးကနေ ပြီးတော့ ၂၀၀၇ ခုနှစ်အတွက် ဒီရပိုင်ခွင့်တွေချိုးဖောက်တဲ့နိုင်ငံ ၃ နိုင်ငံအဖြစ်နဲ့ မြန်မာနိုင်ငံ၊ တရုတ် နိုင်ငံနဲ့ ဆလိုဗက်ကီးယားနိုင်ငံတွေကို သတ်မှတ်ပါတယ်။ ဒီ ၃ နိုင်ငံက အစိုးရတွေဟာ နိုင်ငံတကာကနေပြီးတော့ လေးစားလိုက်နာရမယ့် အိုးအိမ်ဆိုင်ရာ လူ့အခွင့်အရေးတွေကို စနစ်တကျ ချိုးဖောက်မှူတွေရှိတယ်လို့ ဂျနီဗာမြို့ ကနေပြီးတော့ ဗီအိုအေသတင်းထောက် လီစာ ရှလိုင်း (Lisa Schlein) ကနေပြီးတော့ သတင်းပေးပို့ပါတယ်။ ဒီအကြောင်း ဒေါ်ခင်မျိုးသက် က တင်ပြပေးထားပါတယ်။

Center on Housing Rights and Evictions လို့ခေါ်တဲ့ COHRE အဖွဲ့ကြီးက ကမ္ဘာပေါ်က ပြည်တွင်း အိုးအိမ်ရွေ့ပြောင်းခံရလို့ အခြေအနေမဲ့သူတွေ အများဆုံးပေါ်ပေါက်လာစေတဲ့ နိုင်ငံ ၃ နိုင်ငံကို ၂၀၀၇ ခုနှစ် အတွက် သတ်မှတ်ခဲ့တာပါ။ တရုတ်နိုင်ငံမှာ ၂၀၀၈ ခုနှစ် နွေရာသီ အိုလံပစ်အားကစားပွဲတော်ကို ဘေဂျင်းမှာ ကျင်းပဖို့စီစဉ်နေပြီး ဒီပွဲတော်မှာ မျက်နှာပန်းလှစေဖို့အတွက် သန်းနဲ့ချီတဲ့ဌာနေလူထုကို ဘေဂျင်း မြို့တော်ကနေ နှင်ထုတ်ခဲ့တယ်လို့ COHRE အဖွဲ့ကြီးက ပြောပါတယ်။ အခုလို ဘေဂျင်းမြို့တော်တခွင်မှာ မြို့ခံတွေကို နေရာ ရွေ့ပြောင်းပစ်တာတွေ၊ နှင်ထုတ်ခဲ့တာတွေဟာ မြို့တော်တဝိုက်က ဆင်းရဲသားတွေနေတဲ့ အဆောက်အဦးတွေကို ဖြိုဖျက်ပြီး ဖွံဖြိုးတိုးတက်မှူရှိတယ်ဆိုတာကိုပြဖို့ တရားဝင်လုပ်ခဲ့တာလို့ ပြောပါတယ်။

ဒီအဖွဲ့ရဲ့ဒုတိယညွန်ကြားရေးမှူး Jean du Plessis ကတော့ တရုတ်အစိုးရဟာ ဒီအရွှေ့ပြောင်းခံရသူ တွေအတွက် လျော်ကြေးပေးခဲ့တယ်လို့ပြောပေမယ့် လက်တွေ့မြင်နေရတာတွေကတော့ တခြားစီဖြစ်နေတယ်လို့ ပြောပါတယ်။

“တရုတ်နိုင်ငံလိုအခြေအနေမျိုးမှာ ကျနော်တို့တွေ့နေကြရတာက လူတွေတံတားတွေပေါ်က ခုန်ချတာ၊ ကိုယ့်ကို ကိုယ် မီးရှိူ့သတ်သေတာမျိုးတွေပါ။ သိပ်အဖိနှိပ်ခံရတဲ့အသိုင်းအဝိုင်းမှာ အခုလိုမျိုး မယုံနိုင်စရာ ပုံစံမျိုးနဲ့ အာဏာပိုင်တွေရဲ့ကိုယ့်နေရပ်ကနှင်ထုတ်တာမျိုးကို ဆန္ဒပြကြတာမို့လို့ ကျနော်တို့အတွက်တော့ ဒါဟာ တကယ် ကြီးမားတဲ့ကိစ္စပါ။ ဒီလူတွေဘာ့ကြောင့်များ ကိုယ့်အသက်အန္တရာယ်ကိုတောင်မှ ကိုယ်မငဲ့နိုင်ဖြစ်သလဲဆိုတာကို မေးခွန်းထုတ်စရာရှိပါတယ်။”

COHRE အဖွဲ့ကြီးကပဲ မြန်မာနိုင်ငံမှာ အဓမ္မပြည်တွင်း အိုးအိမ်ရွှေ့ပြောင်းမှူတွေရှိနေတယ်လို့ ပြောပါ တယ်။ မြန်မာစစ်အာဏာပိုင်တွေဟာ လူနည်းစုတိုင်းရင်းသားတွေကို မျိုးတုန်းသတ်ဖြတ်မှူတွေ လုပ်နေတဲ့အပြင် ၁၉၆၂ ခုနှစ်ကတည်းကစပြီး ပြည်တွင်းအဓမ္မ အိုးအိမ်ရွှေ့ပြောင်းခံရသူ၊ မြေယာအသိမ်းခံရသူပေါင်း တသန်းကျော် ရှိနေတယ်လို့လည်း စွပ်စွဲလိုက်ပါတယ်။ အခုလို ပြည်တွင်းအိုးအိမ်မဲ့သူတွေထဲမှာ မြန်မာနိုင်ငံအရှေ့ခြမ်းဒေသတွေက အရွှေ့ပြောင်းခံရသူတွေ ဘယ်လို ပုံစံနဲ့ပေါ်လာရတယ်ဆိုပြီး ကိုယ်တိုင်လေ့လာစမ်းစစ်ပြီး စားတမ်းရေးသားခဲ့သူ မမေဦး က အခုလို ပြောပါတယ်။

“ဥပမာ ကရင်ပြည်နယ်ထဲမှာဆိုလို့ရှိရင် တပ်ကရှိနေတာ ကြာပြီ။ မိုးရာသီဆိုရင် နဲနဲလေးသက်သာ တယ်၊ လှူပ်ရှားမှူတွေနဲတယ်။ ဒါပေမယ့် ခြောက်သွေ့တဲ့ရာသီဆိုလို့ရှိရင် သူတို့တွေက ပိုပြီးလှူပ်ရှားမှူများတယ်။ ခြောက်သွေ့တဲ့ရာသီကလည်း ကျမတို့ဆီမှာ၊ မြန်မာပြည်မှာက စပါးရိတ်တဲ့အချိန်ကို၊ ဆိုတော့ သူတို့လှူပ်ရှားမှူ အများဆုံးအဆင့်က စပါးရိတ်ရမယ့်အချိန်လည်းဖြစ်နေတယ်။ နဂိုကတည်းက လူထုကိုပဲအမြဲတမ်း ရန်မူနေတာ ကို၊ စစ်တပ်က။ ဆိုတော့ သူတို့က ဒီစပါးတွေကိုဖျက်ဆီးလိုက်ခြင်းအားဖြင့်လည်း လူထုတွေကို ပိုပြီးတော့ အခြေအနေမဲ့စေတယ်၊ ဒုက္ခရောက်စေတာပေါ့နော်။ ရွာထဲကိုအလုံးအရင်းနဲ့ အဲဒီလို ဝင်လာပြီဆိုရင်တော့ အမှန်ဆိုရင် နှင်ထုတ်စရာတောင်မလိုဘူး၊ ကျမတို့ မနေရဲတော့ဘူး၊ ကြောက်တယ်၊ အဲဒီလိုမျိုး။ ဒါပေမယ့် သူတို့က ဝင်လာပြီးတော့ သောင်းကျန်းတယ်၊ ဟိုတောင်း၊ ဒီတောင်း၊ ဆူလား ဆဲလား၊ ဟောက်လားနဲ့ နှိပ်စက် ပြီးတော့ ဖမ်းချင်တဲ့လူကို ဖမ်းသွားတယ်ဆိုတဲ့အခါကျတော့ သူတို့လာရင် ကျမတို့ရွာသူ ရွာသားတွေက ပြောစရာမလိုဘူး၊ ပြေးပြီးသားပဲ။ စစ်တပ်ကလာပြီဆိုလို့ရှိရင် လမ်းမှာ သူတို့အရိပ် အရောင်တွေ့တာနဲ့ သတင်း ကြားရင် ရွာသားတွေက ပြေးပြီးသားပဲ။ အဲဒီတော့ ရွာထဲမှာဆိုရင် တပ်ကလာပြီဆိုရင် ရွာထဲမှာ ဘယ်သူမှ မရှိတော့ဘူး။ ရွာထဲမှာမရှိတော့ဘူးဆိုတဲ့အခါကျတော့ သူက အဲဒီလို ပြဿနာရှာတာပေါ့နော်၊ ရွာကအိမ်တွေ ကလည်း ဝါးတွေနဲ့ဆောက်ထားတာဆိုတော့ မီးရှိူ့ရတာလွယ်တယ်။ အထူးသဖြင့် ချောက်သွေ့ရာသီမှာ ရှိူ့ရတာ လွယ်တယ်။ သူက ရွာထဲက အိမ်တွေ၊ ပစ္စည်းတွေကို ဖျက်ဆီးပြီးလို့ရှိရင် အခု ပြဿနာအသစ်တမျိုး ကျမတို့ ရင်ဆိုင်ရတယ်။ ဟိုးအရင်တုန်းက ကျမတို့ ဒါမျိုးမရင်ဆိုင်ရဘူး။ စပါးကလည်းမှည့်နေတဲ့အချိန်ဆို လက်နက်ကြီး တွေကို စပါးခင်းထဲကို ပစ်ချတယ်။ ဟိုးအရင်တုန်းက ဒီလို တခါမှ မကြားဘူးဖူး။ ဒါက လတ်တလော ဒုက္ခအပြင် ကို လာမယ့်နှစ်အတွက်ပါ ဒုက္ခကို အဆင်သင့်ပေးထားပြီးသားဖြစ်သွားတာ။”

ဒီ အရှေ့ဖက်အခြမ်းဒေသတွေမှာ ပြည်တွင်းအိုးအိမ်မဲ့တွေပေါ်ပေါက်လာတာ စစ်အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေ လို့လည်း အခုလို ပြောပါတယ်။

“ရွှေ့ပြောင်းပုံ၊ ရွှေ့ပြောင်းနည်းက အမျိုးမျိုးရှိတာပေါ့နော်။ ဒါပေမယ့် ကျမတို့ ပဲခူးတိုင်းနဲ့ ပဲခူးတိုင်း မုန်းမြို့နယ်၊ ကျောက်ကြီးမြို့နယ်၊ ရွှေကျင်မြို့နယ်၊ ဒီမြို့နယ်တလျောက်က ရွာတွေဆိုလို့ရှိရင် သူက အဓမ္မ ရွှေ့ပြောင်းတာ။ တပ်ရဲ့အုပ်ချုပ်မှူနဲ့ပိုပြီး အနီးစပ်ဆုံးနေရာကို အဓမ္မရွှေ့ခိုင်းတယ်၊ ရွှေ့ခိုင်းလို့အဆင်မပြေဘူး ဆိုလို့ရှိရင် ဒီအတိုင်းပဲ ဒီရွာကနေထွက်ဆို အဲဒီလိုမျိုး နှင်ထုတ်တာ။ နှင်ထုတ်တော့ များသောအားဖြင့်က ဒီရွာတွေက အထူးသဖြင့် ကရင်ရွာတွေဆိုလို့ရှိရင် သူတို့တွေက ဒီ နအဖအုပ်ချုပ်မှူအောက်မှာ သွားမနေရဲဘူး၊ သွားနေဘို့ လည်း ဘယ်လိုမှအဆင်မပြေဘူးဆိုလို့ရှိရင် သူတို့က တောထဲကို ထွက်ပြေးတယ်။ တောထဲမှာ ရွာပုန်း၊ ရွာရှောင်တွေဆောက်ပြီးတော့ နေကြတယ်။ ဒါက ပဲခူးတိုင်းဖက်က ရွာတချို့ရဲ့ အခြေအနေ။ နောက်တခါ ဒီ ကရင်ပြည်နယ်ဖက်မှာဆိုလို့ရှိရင် သူက အလယ်ခေါင်ကြီးထဲမှာ ချောင်ပိတ်မိသလိုမျိုးကြီး ဖြစ်နေတဲ့အခါကျတော့ ဒီထိုင်းဖက်ကိုလာဖို့လည်း မလွယ်၊ ဟိုး မြို့ထဲကိုပြန်ဆင်းသွားဖို့ဆိုတာလည်း မလွယ် တဲ့အခါကျတော့ ဒီလိုပဲ တောင်ပေါ်ဒေသတွေမှာပဲ လျှောက်ပြေး ပုန်းနေကြတယ်။ ဒါက ကရင်ပြည်နယ် ဖာပွန် ဒေသတဝိုက်မှာ ဆိုလို့ရှိရင် အဲဒီလို ကျမတို့ တွေ့ရတယ်။ နောက်တခါ တနင်္သာရီဖက်၊ တနင်္သာချောင်းမကြီး တလျှောက်လုံးမှာ ဆိုလို့ရှိရင် ၃ ပုံ၊ ၂ ပုံလောက်က ရွာတွေမရှိတော့ဘူး။ အစိုးရနေပြီးတော့ ပြန်ပြီးလုပ်ထားတဲ့ စံပြကျေးရွာဆိုပြီး တော့ ရွာ ၄-၅-၆ ရွာကို ပုံပြီးတော့ စုပြီးတော့ နေပြီးတော့ တည်ထားတဲ့ရွာတွေပဲရှိတယ်။ အဲဒီတော့ အဲဒီနေရာကို မပြောင်းနေတဲ့လူတွေက တောထဲပြေးလာပြီးတော့ ခုနကလိုပဲ ရွာပုန်း၊ ရွာရှောင်လေး တည်ပြီးတော့ နေကြ တယ်။”

COHRE အဖွဲ့က ဆက်သွယ်ရေးအရာရှိတဦးဖြစ်သူ Radhika Satkunanathan က -

“ဒီဒေသကလူထု အိုးအိမ်စွန့်ခွာထွက်ပြေးရတာတွေဟာ တကြိမ်မကတော့ဘူးလို့ ပြောပါတယ်။”

အခုလို အိုးအိမ်စွန့်ခွာစေမှူဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ကြီးက ၂၀၀၇ ခုနှစ်အတွက်အဆိုးဝါးဆုံးအဖြစ် သတ်မှတ် ထားတဲ့ နောက်တနိုင်ငံကတော့ ဆလိုဗက်ကီးယားနိုင်ငံပဲဖြစ်ပါတယ်။ အဲဒီနိုင်ငံမှာ သူ့နိုင်ငံသားတွေကို ခွဲခြား ဆက်ဆံရာကနေ ဒေသအာဏာပိုင်တွေက ရိုးမား မျိုးစုတွေကို နေအိမ်တွေကနေ နှင်ထုတ်မှူတွေ မကြာ မကြာပြုလုပ်နေ တယ်လို့ ဆိုပါတယ်။ ဒီမျိုးစုတွေကို မီးမရှိ၊ ရေမရှိအရပ်တွေကို ပို့ပြစ်တယ် လို့ ပြောပါတယ်။

ဒီ COHRE အဖွဲ့ကြီးပဲ လူသားတွေရဲ့ အိုးအိမ်ပိုင်ဆိုင်မှူဆိုင်ရာ ရပိုင်ခွင့်တွေကို ကောင်းကောင်းကြီး အကာ အကွယ်ပေးနေတဲ့သူတွေကိုလည်း ဆုချီးမြင့်ခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံက နာဂါမြို့တော်ဝန် ဂျက်ဆီ ရိုဘရဲဒိုး (Jesse Robredo) ဟာ အိမ်ထောင်စုပေါင်း ၆,၀၀၀ ကျော်အတွက် မြေယာပိုင်ဆိုင်မှူတွေ ရစေဖို့ လုပ်ပေးခဲ့တာမို့ ၂၀၀၇ ခုနှစ်အတွက် ကာကွယ်စောင့်ရှောက်မှူဆုကို ပေးခဲ့ပါတယ်။ ဒါ့အပြင် ပါကစ္စတန်နိုင်ငံ ကရာချိ က အိုးအိမ် ပိုင်ဆိုင်မှူဆိုင်ရာအခွင့်အရေးလှူပ်ရှားသူ ဘဆီးယား နာဗိဒ် (Baseer Naveed) ကိုတော့ သူ့ရဲ့ ပါကစ္စတန် ဆင်းရဲသားတွေအတွက် ဆောင်ရွက်မှူတွေကြောင့် ၂၀၀၇ ခုနှစ်အတွက် အိုးအိမ်ပိုင်ဆိုင်မှူ ဆိုင်ရာ ခုခံကာကွယ် ပေးသူဆု ချီးမြင့်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG