နိုင်ငံတော်အဆင့်တွင် ကလေးစစ်သားအသုံးပြုမှုတားမြစ်ရေး ဆောင်းရွက်ချက်တွေရှိပေမယ့် ဒေသဆိုင်ရာ အောက်ခြေအဆင့်များမှာ ကလေးစစ်သား စုဆောင်းမှုများ ရှိနေဆဲပဲလို့ ကုလသမဂ္ဂ ကလေးသူငယ်နဲ့ လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အထူး ကိုယ်စားလှယ် Ms.Radhika Coomaraswamy ပြောလိုက်ပါတယ်၊
မြန်မာနိုင်ငံတွင်း ကလေးစစ်သားစုဆောင်း အသုံးပြုမှုတွေဟာ အလွန်အမင်း စိုးရိမ်စရာ ဖြစ်တယ်လို့ ဖော်ပြတဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းရဲ့ အစီရင်ခံစာအပေါ် ဒီကနေ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလုပ်အဖွဲ့အတွင်းမှာ ကောင်စီအဖွဲဝင်တွေအကြား ဆွေးနွေးခဲ့ကြပါတယ်၊ တိတိကျကျ ရလဒ်မပေါ်လာပေမယ့်လို့ နောက်ပိုင်း ပညာရပ်ဆိုင်ရာကျွမ်းကျင်သူအဆင့် ဆွေးနွေးပွဲတွေ ဆက်လုပ်ပြီး အကြံပြု တိုက်တွန်းချက်တွေ ထုတ်ပြန်သွားဖို့ ရှိတယ်လို့ မစ် ကုံမာရွာ ဆွာမိက ပြောပါတယ်။
ဒီတော့ ဒီကနေ လုံခြုံရေးကောင်စီအလုပ်အဖွဲ့အတွင်း မြန်မာနိုင်ငံက ကလေးစစ်သား အသုံးပြုမှု အခြေအနေတွေကို ဆွေးနွေးကြတဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ ကလေးသူငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Coomaraswamy ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။
အခု ဒီကနေ လုပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအလုပ်အဖွဲ့ အစည်းအဝေးအတွင်းမှာ မြန်မာနိုင်ငံတွင်း ကလေးစစ်သား စုဆောင်းအသုံးပြုမှု အခြေအနေတွေကို ဆွေးနွေးကြတယ် ဆိုတော့ ကနဦး သည်အစည်းအဝေးရဲ့ သဘောသဘာဝကို အရင်ရှင်းပြပေးခင်ဗျာ။
"မြန်မာနိုင်ငံတွင်း ကလေးစစ်သားအသုံးပြုမှုနဲ့ပတ်သက်လို့ အတွင်းရေးမှုးချုပ် အစီရင်ခံစာအပေါ် တည်ပြီး အခု လုံခြုံရေးကောင်စီ အလုပ်အဖွဲ့အတွင်းမှာ ဆွေးနွေးခဲ့ကြတာပါ။ အတွင်းရေးမှုးချုပ်ရဲ့ အစီရင်ခံစာ တင်ပြပါတယ်၊ ဒီနောက် မြန်မာနိုင်ငံ ကိုယ်စားလှယ်အပါအ၀င် တတ်ရောက်လာတဲ့ နိုင်ငံကိုယ်စားလှယ်တွေက သည်အပေါ်မှာ သူတို့ သဘောထားတွေ ထုတ်ပြန်ကြပါတယ်။ ဒီနောက် ဒီကိစ္စနဲ့ပတ်သက်လို့ နားလည်ကျွမ်းကျင်သူအဆင့် တွေအကြား ဆွေးနွေးကြဖို့ပါ။ ဒီကနေ မကြာခင် ခြုံငုံသုံးသပ်ပြီး အကြံပေးတိုက်တွန်းချက်တွေ ထွက်လာပါလိမ့်မယ်။ ဒီတော့ နောက်ပိုင်းမှာ ဆက်ပြီး ဆွေးနွေးပွဲအတော်များများရှိနေဦးမှာပါ။"
အတွင်းရေးမှုးချုပ်ရဲ့ အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံတွင်းမှာ ကလေးစစ်သား စုဆောင်း အသုံးပြုမှုတွေဟာ စိုးရိမ်စရာအခြေအနေအထိ ရှိနေတယ်လို့ ဖော်ပြ ထားတော့ ဒီအပေါ်မှာ မြန်မာကိုယ်စားလှယ်ဖက်က ဘယ်လို သဘောထားရှိလဲခင်ဗျ၊
"အတွင်းရေးမှုးချုပ်အစီရင်ခံစာနဲ့ပတ်သက်လို့ သူတို့ဖက်ကတော့ သိပ် သဘောတွေ့ တာ မဟုတ်ပါဘူး။ ဒီအစီရင်ခံစာဟာ မျှတမှုမရှိဘူးလို့ သူတို့က ယူဆပါတယ်။ အစီရင်ခံစာထဲမှာက အစိုးရအနေနဲ့ ကလေးစစ်သားအသုံးပြုမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေလုပ်ပေမယ့် တဖက်မှာ ကလေးစစ်သား စုဆောင်းမှုတွေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ကျမတို့အနေနဲ့ အစိုးရရဲ့ ကလေးစစ်သားအသုံးပြုမှု ပပျောက်ရေးဆောင်ရွက်ချက်တွေကို ကြိုဆိုပါတယ်။ ဒါပေမဲ့လည်း အောက်ခြေအဆင့်တွေမှာ ကလေးစစ်သား စုဆောင်းမှုတွေက ရှိနေဆဲပဲလို့ ကျမတို့ယူဆထားပါတယ်။ ဒါ့ကြောင့် အစိုးရအနေနဲ့ ဒီထက် ပိုမိုထိရောက်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဖို့ လိုတယ်လို့ ထင်ပါတယ်။"
ဒီတော့ အတွင်းရေးမှုးချုပ်ရဲ့အစီရင်ခံစာအတိုင်း မြန်မာနိုင်ငံတွင်းမှာ ကလေးစစ်သား အသုံးပြုမှုတွေ ရှိနေတုန်းပဲလို့ ယူဆလို့ရပါသလား၊
"နိုင်ငံတော်အဆင့်မှာတော့ အစိုးရဖက်က ကလေးစစ်သားအသုံးပြုမှုတွေ တားမြစ်ဖို့ ပိုင်းဖြတ်လုပ်နေပေမယ့်လို့ ဒေသအလိုက်အခြားအောက်ခြေအဆင့်မှာတော့ ကလေးစစ်သား စုဆောင်းမှုတွေ ရှိနေတုန်းလို့ ယူဆရပါတယ်။ သူပုန်အုပ်စုတွေနဲ့ ပတ်သက်လို့ ပြောရရင်တော့ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးနဲ့ ကေအန်ပီပီ ကရင်အမျိုးသားတိုးတက်ရေး ပါတီတို့ မှာတော့ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကလေးစစ်သားစုဆောင်းတယ်ဆိုတဲ့အထောက်အထားတွေ မတွေ့ရ ပါဘူး။ သူတို့ဖက်ကလည်း ကတိပေးတာရှိသလို ကျမတို့ဖက်ကလည်း ဆက်ပြီး သူတို့နဲ့ အတူ ဆောင်ရွက်ရဦးမှာပါ။ ဒါပေမယ့် လုံခြုံရေးကောင်စီကနေ အခုလို ကိုင်တွယ်လာတယ်ဆိုတော့ အစိုးရရော ကေအန်ယူ ကေအန်ပီပီသူပုန်အဖွဲ့တွေဖက်ကပါ ကလေးစစ်သားစုဆောင်းမှုတားမြစ်တဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်လာပါတယ်။ ဒါကြောင့် အခု ကိစ္စကို လုံခြုံရေးကောင်စီအဆင့်ကနေ ကိုင်တွယ်ဆောင်ရွက်တာဟာ အရေးပါတယ်လို့ ကျမ ယူဆပါတယ်။"
မစ်ကုမာရွာဆွာမိအနေနဲ့ အခု ဇူလှိုင်လတုန်းကလည်း မြန်မာနိုင်ငံကို သွားရောက် ခဲ့တယ်။ မြန်မာ အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတော့ အခု အချိန်အထိ မြန်မာအစိုးရအနေနဲ့ ကလေးစစ်သားအသုံးပြုမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေသေးလားခင်ဗျ။
"အခုဆိုရင် သူတို့ဖက် ကျမတို့ ရုံးနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေရှိပါတယ်။ ကျမတို့နဲ့ သူတို့ အဆက်အဆံ ရှိပါတယ်။ ဒါပေမယ့် ကျမ အခုန ပြောသလိုပါ ။ အတွင်းရေးမှုးချုပ် အစီရင်ခံစာ ကိုတော့ သူတို့ဖက်က သဘောမတွေ့ပါဘူး။ ဒါပေမယ့်လို သူတို့ကတော့ ကလေးစစ်သား အသုံးပြုမှု ကိစ္စ ပပျောက်အောင်နဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်အောင် ကျမတို့ ရုံးနဲ့ ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားပါမယ်လို့တော့ ပြောပါတယ်။"
ကလေးစစ်သားစုဆောင်းအသုံးပြုမှုကို အနီးကပ်စောင့်ကြည့်နိုင်ဖို့ မြန်မာနိုင်ငံထဲမှာကုလသမဂ္ဂက ရုံးဖြစ်စေ တာဝန်ရှိသူဖြစ်စေ ထားမယ်ဆိုတာ၊ အခု ဘယ်လောက်အထိ ခရီးရောက်နေပြီလဲခင်ဗျ။
"အခုအချိန်အထိတော့ ကျမတို့ ရုံးမထားနိုင်သေးပါဘူး။ ဒီလို မြန်မာနိုင်ငံမှာ ရုံးထားပြီး အနီးကပ်စောင့်ကြည့်နိုင်ဖို့ဆိုတာလည်း ကျမတို့ အကြံပေးတိုက်တွန်းချက်မှာ ပါပြီးသားပါ။ အခြေအနေတွေကို ကျမတို့ အနီးကပ်စောင့်ကြပ်အကဲခတ်နိုင်အောင် စစ်ပွဲတွေ ပဋိပက္ခဖြစ်တဲ့နေရာတွေကို ကျမတို့ သွားလာခွင့်ရှိဖို့ လိုပါတယ်။ ခုအချိန်အထိတော့ ဒီကိစ္စ ဆွေးနွေးပြောဆိုထားတာ ဘာမှ မထူးသေးပါဘူး။ ဒါပေမယ့် နောက်ပိုင်း သွားလာခွင့်ရှိမယ်လို့တော့ ကျမတို့ မျှော်လင့်ထားပါတယ်။"
တနေ့ကတော့ လူအခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ကြီးကနေ မြန်မာနိုင်ငံမှာ ကလေး စစ်သား စုဆောင်းအသုံးပြုနေတာတွေကို ဆန်ကျင်ဖို့၊ မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချတာတွေ တားမြစ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အရေးယူမှုလုပ်ဖို့ တောင်းဆိုနေပါတယ်။ ဒီအပေါ်မှာရော မစ် ကုံမာရွာ ဆွာမိ အနေနဲ့ ဘယ်လို ယူဆပါသလဲ။
"ဒါကတော့ ကျမတို့ အကြံပေးတိုက်တွန်းထားတဲ့အထဲတော့ မပါပါဘူး။ ဒါက ကောင်စီ အဖွဲ့ဝင်နိုင်ငံတွေအပေါ်မှာ တည်ပါတယ်။ ကျမတို့ အယူအဆကတော့ အစိုးရအနေနဲ့ တစုံတရာ ဆောင်ရွက်ချက်တွေလည်းရှိတော့ ဒါကို ကျမတို့ ဘယ်လောက်အထိ တွန်းအားပေးနိုင်မလဲ ဆိုတာကိုကြိုးစားသင့်ပါတယ်။ ဒါပေမယ့် ဒီကိစ္စက အဖွဲဝင်နိုင်ငံတွေ စဉ်းစားချက်အပေါ် တည်ပါတယ်။"
ဒီတော့ မြန်မာနိုင်ငံမှာ ကလေးစစ်သားအသုံးပြုမှုတိုက်ဖျက်ရေးလုပ်တဲ့နေရာမှာ ကုလသမဂ္ဂ အနေနဲ့ ခုချိန်မှာ ဘယ်လောက်အတိုင်းအတာအထိ အောင်မြင်မှုတွေ တွေ့ရပါသလဲ။
"မြန်မာအစိုးရအနေနဲ့ ကလေးစစ်သားအသုံးပြုမှုတားမြစ်ရေးဆိုင်ရာ ကော်မတီတရပ်ဖွဲ့ပြီး ဆောင်ရွက်လာတဲ့နောက်ပိုင်းကတည်းက အခြေအနေတွေက တိုးတက်လာပါတယ်။ ကေအန်ယူနဲ့ ကေအန်ပီပီတို့ကလည်း ကလေးစစ်သား စုဆောင်းမှု မလုပ်ဘူးဆိုတဲ့ ခံဝန်ကတိကို ပြီးခဲ့တဲ့နှစ် နှစ်ကတည်းက လက်မှတ်ထိုးခဲ့ပါတယ်။ ဒါပေမယ့် ကျမတို့ သိချင်တာက အောက်ခြေ အဆင့်တွေမှာရော ဘယ်လောက်အထိ တိုးတက်မှုတွေရှိသလဲဆိုတာကိုတော့ သိချင်ပါတယ်။ ဒါကို လာမယ့်လတွေအတွင်းမှာ ကျမတို့ စောင့်ကြည့်သွားမှာပါ။"