သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်တင်ဘာလှုပ်ရှားမှုအတွင်း ရာနဲ့ချီသေဆုံးကြောင်း ထွက်ပြေးလွတ်မြောက်လာသူ ဦးဃောသိတ မိန့်ကြား


စက်တင်ဘာအရေးအခင်းအတွင်း အာဏာပါးကွက်သားတွေရဲ့ ရိုက်နှက်မှုတွေကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ သံဃာတော် အရေအတွက်ဟာ ရာနဲ့ချီရှိပြီးတော့ အဖမ်းအဆီးခံရတာလည်း ထောင်နဲ့ချီပြီးတော့ရှိတယ်လို့ မေတ္တာပို့ကြွချီရာမှာ ကိုယ်တိုင်ပါ ဝင်ခဲ့ပြီး အရိုက်နှက်ခံခဲ့ရတဲ့ သံဃာတော်တစ်ပါးက ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ မဂ္ဂင်ကျောင်းတိုက်က ဦးပဉ္ဇင်း ဦးဃောသိတဟာ မြန်မာနိုင်ငံအတွင်းမှာ ရှောင်တိမ်းပုန်းအောင်းနေခဲ့ရာက ဒီကနေ့မှာတော့ ထိုင်းနယ်စပ်ကိုရောက်ရှိလာခဲ့တာပါ။ ထိုင်း-မြန်မာနယ်စပ် ဗွီအိုအေ သတင်းထောက် ဒေါ်အေးအေးမာက ဦးပဉ္ဇင်း ဦးဃောသိတကို လျှောက်ထားမေးမြန်းထားပါတယ်။

စက်တင်ဘာလ ရဟန်းသံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေအတွင်း ပါဝင်မှုတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ မဂ္ဂင်ကျောင်းတိုက်က ဆရာတော် ဦးဃောသိတဟာ ဒီဇင်ဘာလ ၆ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် ကို ရောက်ရှိလာခဲ့ပါတယ်။ သူဟာ ဖမ်းဆီးခံရမှာစိုးတာကြောင့် တိမ်းရှောင်နေရပြီး စက်တင်ဘာလ လှုပ်ရှားမှုအတွင်း ဖမ်းဆီးခံရတဲ့သံဃာအရေအတွက်ဟာ ထောင်ဂဏန်းလောက် ရှိပြီဖြစ်ကြောင်း အခုလို ပြောဆိုလိုက်ပါတယ်။

“ဒီ သိန်းဂဏန်းရှိတဲ့ သံဃာတော်တွေဟာ လမ်းလျှောက်သွားပြီးတော့ မေတ္တာပို့နေကြတာ၊ အဲလို မေတ္တာပို့တဲ့အခါ ၂၆ ရက်နေ့ညက ဖြိုခွဲပြီးတဲ့နောက်ကို သူတို့ လမ်းမှာလည်းဖမ်း၊ ဘာလည်းဖမ်း ဆိုတော့ နောက်နေ့ကျတော့ သံဃာတော်တွေက မထွက်နိုင်ကြတော့ဘူး၊ နောက် အကုန်လုံး သူတို့ ဘယ်လောက် ဖမ်းထည့်ထားသလဲဆိုတာ ကိုယ့်ဟာကိုယ် ရေတွက်ကြည့်၊ နောက်ပြီးကျတော့လည်း ဦးပဉ္ဇင်း စိတ်ထင် ဖမ်းထားတာကတော့ အကုန်လုံးက လေးငါးထောင်လောက်တော့ ရှိလိမ့်မယ်။ ဒါပေမယ့် ပြန်လွှတ်ပေးတဲ့ကိုယ်တော်တွေလည်း ပြန်လွှတ်ပေးတယ်။”

မြန်မာစစ်အစိုးရကတော့ သတင်းစာတွေမှာထုတ်ဖေါ်ချက်အရ သေဆုံးသူအရေအတွက်ဟာ ဆယ်ဂဏန်းလောက်သာရှိတယ်ဆိုပေမယ့် ဦးဃောသိတ ကတော့ ရာဂဏန်းလောက် ရှိတယ်လို့လည်း ပြောဆိုသွားပါတယ်။

“အကုန်လုံးဆိုရင်တော့ ရာဂဏန်းလောက်ရှိမယ် ထင်တာပဲ၊ ဒီထက်ကြီးလိမ့်မယ်ထင်တာပဲ၊ သူတို့က ပစ်တယ်ဗျာ၊ ပစ်တဲ့အခါကျတော့ ဦးပဉ္ဇင်းတို့ကို ပစ်လိုက်တဲ့အခါကျလို့ရှိရင်၊ ခွတ်ဒေါင်း အလံကိုင်ထားရင် လှမ်းပစ်လိုက်တယ်။ နောက် သာသနာအလံကိုင်ထားရင် လှမ်းပစ်တယ်။ နောက် သပိတ်ကိုင်ထားရင် လှမ်းပစ်တယ်။ နောက်ကနေပြီးတော့ သူတို့လုံထိမ်းတပ်တွေက ရိုက်နေတဲ့ဥစ္စာ၊ သူတို့ရဲ့ နံပါတ်တုတ်အနီမှာသံတွေ၊ အဲဒီသံတွေမှာ သူတို့က ဘာလုပ်ထားလဲဆိုတော့ ဘေးက ရော်ဘာတွေ ခံထားတယ်၊ ရော်ဘာတွေခံပြီးတော့ရိုက်တယ်။ ရိုက်တဲ့အချိန် မကွဲဘူး၊ အဲဒီလူက နောက်နေ့ကျရင် ခေါင်းတွေဘာတွေလည်း အထဲကြေ ကြေကုန်တယ်၊ အဲဒီလို လူတွေလည်း ထောင်ထဲမှာသေတာ နည်းတာမဟုတ်ဘူး။ အဲဒီတော့ ပစ်လို့သေတာကတော့ ဆယ့်လေးငါးယောက် လောက်ပဲ ရှိမယ်လို့ထင်တယ်။ ဒီအတိုင်း အကုန်လုံးသေတာကတော့ ရာကျော်တယ်။ ရိုက်ပြီးတော့ တချို့ သွေးသီးနေတဲ့လူတွေ ဒီလိုလူတွေလည်း အများကြီးပဲ။ ရိုက်ပြီးတော့ လူတွေကို ကြက်တွေ ငှက်တွေကို ပုံထားသလို ပုံထားတာကိုး။ အဲလိုလူတွေကျတော့ သေတဲ့လူတွေ နည်းတာမဟုတ်ဘူး။ ပြီးတဲ့အခါကျတော့ ကားပေါ်တင်တဲ့အခါကျတော့ နှစ်ယောက်ဆွဲပြီးတော့ ဒီအတိုင်းပဲ ပစ်တင် လိုက်တာပဲ၊ အဲဒီလို ရိုက်လို့ဘာလို့သေတာနဲ့ဆိုရင် ဦးပဉ္ဇင်းကတော့ ရာကျော်မယ်လို့ထင်တယ်။”

ဒါ့အပြင် လူမသိ၊ သူမသိ ကဘော်ရဲဘက်စခန်းကို အပို့ခံခဲ့ရတဲ့ ရဟန်းသံဃာတော်တွေလည်း အများအပြားရှိနေကြောင်း ဆက်ပြောသွားပါတယ်။

“ရဲဘက်စခန်းကို လူမသိ၊ သူမသိ ပို့တယ်လို့ ယူဆရတာကတော့ အဲဒါကတော့ သူတို့က ဖမ်းဖမ်းပြီးတော့ ထရပ်ကားတွေနဲ့တင် အကုန်လုံးကို၊ နောက်ပြီးတော့ သံဃာတော်တွေဆိုတာက နောက်ပြီးတော့ ဦးဇင်းတို့ စောစောက ပြောသလိုပေါ့၊ သူတို့မှာ သန်းခေါင်စာရင်းမရှိဘူး၊ ဘယ်ကဆိုတာ သာသနာဝင်မှတ်တမ်းပဲ ရှိတယ်။ ဆိုတော့ သန်းခေါင်စာရင်း မရှိတဲ့အခါကျတော့ သံဃာတော်တွေ ဘယ်လောက်ပျောက်တယ်ဆိုတာ မပြောနိုင်ဘူး၊ စာသင်တိုက်တွေ လိုက်မေး ရင်လည်း စာသင်တိုက်တွေက ဘယ်စာသင်တိုက်မှ မပြောရဲဘူး၊ ပြောရင်လည်း သူတို့က ဆွမ်းမလောင်းဘူး၊ ဒီကျောင်းကို အဝင်အထွက်မလုပ်ရဘူး ပြောထားတယ်ဆိုတော့ ဘယ်လိုမှ သံဃာတော်တွေရဲ့အရေအတွက်က မသိဘူးဖြစ်နေတယ်။”

ဖမ်းဆီးတဲ့အချိန်မှာ ရဟန်းသံဃာတွေကို လူဝတ်လဲခဲ့ပုံကိုလည်း ဆက် ပြောပြပါတယ်။

“ဖမ်းထားတဲ့သံဃာတော်တွေကို ရောက်တာနဲ့ တချို့သံဃာတော်တွေကို ဂုံနီအိတ် စွပ်ပေးတာဗျာ။ အဲလို ဖမ်းထားတဲ့သံဃာတော်တွေကို ဂုံနီအိတ် စွပ်ပေးတယ်။ သူတို့အကုန်လုံး ဖမ်းပြစ်လိုက်တယ်။ ဖမ်းပြီးတော့ ဒီလို နအဖ စစ်အစိုးရ ဦးသန်းရွှေကြီး လုပ်နေတာဟာ ဒါ ဘာနဲ့တူသလဲဆိုတော့ ဒေဝဒတ် လုပ်နေတာနဲ့တူတယ်။”

ဦးဃောသိတ ဟာ ရွှေတိဂုံဘုရားအနီးမှာ ရိုက်နှက်ခံခဲ့ရပြီး ခေါင်းကွဲခဲ့တဲ့ သံဃာတစ်ပါးလည်း ဖြစ်ပါတယ်။ သူ့ရဲ့အသက်က ၂၈ နှစ်ရှိပြီး ရဟန်းဝါ ၈ ဝါ ရှိပြီဖြစ်ပါတယ်။ သူဟာ တိမ်းရှောင်နေရစဉ် ကာလအတွင်း တောတောင်တွေထဲမှာပဲ ပုန်းအောင်းအိပ်စက်ခဲ့ရတယ်လို့လည်း ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG