သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနေ့ ကျင်းပဖို့တောင် အခက်ကြုံနေရ


ရှေ့သီတင်းပတ် တနင်္လာနေ့ဟာ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ပါ။ မြန်မာနိုင်ငံမှာတော့ လူ့အခွင့် အရေးအခြေအနေတွေ တိုးတက်မှု မရှိသေးသလို လူ့အခွင့်အရေးနေ့ရယ်လို့ ကျင်းပဖို့တောင် အခက်တွေ့နေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူ တွေကဆိုကြပါတယ်။ အကြောင်းစုံကို
ဦးအောင်လွင်ဦးက တင်ပြထားပါတယ်။

လာမယ့် ဒီဇင်ဘာလ ၁၀ ရက် တနင်္လာနေ့မှာ နိုင်ငံတကာလူ့အခွင့်အရေးနေ့ကို ကမ္ဘာ
နဲ့အဝှမ်း ကျင်းပဖို့ရှိနေချိန်မှာပဲ မြန်မာ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကလည်း
ပါဝင်ဆင်နွှဲနိုင်ဖို့ ပြင်ဆင်နေကြတာပါ။ ဒါပေမယ့် တချိန်တည်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မြန်မာနိုင်ငံထဲမှာ ဆက်ရှိနေဆဲဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကလည်း ပြောနေကြတာပါ။ ဒီအထဲက တစ်ယောက်ဖြစ်တဲ့ လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ) ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ -

̏လက်ရှိမြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို ကျနော်တို့ပြောရမယ် ဆိုလို့ရှိရင်တော့ ပြီးခဲ့တဲ့ စက်တင်ဘာလအရေးအခင်းကို ကျနော်တို့ ပြန်ပြီး တော့ ထောက်ပြလို့ရပါတယ်။ လူတိုင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိသလို လွတ်လပ်စွာ စုဝေးပိုင်ခွင့်ရှိတယ်၊ အဲဒီအခြေအနေအပေါ်မှာမူတည်ပြီး တော့ ပြည်သူလူထုက သူ့ရဲ့ဆန္ဒကိုထုတ်ဖော်ပြီး လမ်းမပေါ်မှာ ရဲဝံ့စွာ ဆန္ဒပြ တယ်။ ဒါပေမယ့် ဒီဟာကို စစ်အစိုးရက ရက်ရက်စက်စက်နဲ့ ဖမ်းဆီးနှိပ်စက် တယ်၊ နောက်တစ်ခါ သူတို့ မတရား ရိုက်နှက်သတ်ဖြတ်တာတွေ ရှိတဲ့အခါမှာ ကျနော်တို့ကမ္ဘာမှာ ထင်ရှားတဲ့အရာ ဖြစ်ပါတယ်။ အဲဒီတော့ ပြည်တွင်းရဲ့ နိုင်ငံရေးအခြေအနေနဲ့ ပြည်သူလူထုရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို ကြည့်မယ်ဆိုလို့ရှိရင် တော်တော်ကို ဆိုးရွားတယ်။ မတရား ဖမ်းဆီးမှုတွေ ဆက်လက်ဖြစ်နေတာကို တွေ့ရတယ်။”

တကယ်တော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်မှု မရှိသလို မကြာခင်ကျရောက်တော့မယ့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားမျိုးကိုတောင် လွတ်လွတ်လပ်လပ် ကျင်းပနိုင်တဲ့ အခြေအနေတွေ မရှိဘူးလို့လည်း ကြားနေရပါတယ်။ ရန်ကုန်မြို့က လူ့အခွင့်အရေး လှုပ်ရှားသူ များကွန်ယက် (HRDP) အဖွဲ့က ဦးမြင့်အေးကဆိုရင် သူတို့အဖွဲ့ စီစဉ်နေတဲ့ အခမ်းအနားမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

“ကျနော်တို့က ဒီ ၂၀၀၇ ခုနှစ်ပေါ့နော်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို မြန်မာပြည်မှာ ကျနော်တို့က ဖြစ်ချင်တယ်ဗျာ၊ နိုင်ငံတကာမှာ လည်း ဖြစ်တယ်ဗျာ။ ကျနော်တို့မြန်မာပြည်ကျမှ မဖြစ်ဘူးဆိုတာ ကျနော်တို့ သိက္ခာကျတာပေါ့ဗျ၊ တပြည်လုံး သိက္ခာကျတာပေါ့။ အဲဒါကြောင့်မိုလို့ ကျနော်တို့က ဒါလေးကိုဖြစ်အောင် HRDP ကနေပြီးတော့ ကြိုးပမ်း ဆောင်ရွက်သွားတာပါ၊ မြန်မာပြည်မှာရှိတဲ့ မြန်မာပြည်သူတွေ တစ်ရပ်လုံး ပေါ့ဗျာ၊ ပြည်တွင်းမှာရှိတဲ့ ကျနော်တို့ မြန်မာပြည်သူတွေရော၊ အုပ်ချုပ်သူရော၊ အုပ်ချုပ်ခံလူတန်းစားတွေရော ဒီနေ့ကို ကျနော်တို့အနေနဲ့ကတော့ မှတ်မှတ်ရရ သိသိမှတ်မှတ်ပေါ့ဗျာ၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ လူ့အခွင့်အရေးအတွက် အရှိန်အဟုန်ပြင်းပြင်းနဲ့ ကျနော်တို့ိုင်းပြည်မှာ ပြုပြင်ပြောင်းလဲချင်စိတ်တွေ ကျနော်တို့မှာ ရှိနေပါတယ်၊ အဲဒီအရေးအတွက် ရည်စူးပြီးတော့ ဒီ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးနေ့ပွဲလေးတွေကိုပေါ့ဗျာ၊ အဲဒါလေးတွေကို ကျနော်တို့က ကျင်းပချင်တယ်၊ ကျင်းပစေချင်တယ်ပေါ့ဗျာ။ ကျနော်တို့ကတော့ လုပ်သွားမယ်။ ကြေလည်း ကြေညာပြီးသားဖြစ်တယ်၊ ဒါပေမယ့်ဗျာ ကျနော်တို့ကတော့ ဒီကိစ္စ အတွက်ကို ကျနော်တို့ကလုပ်ဖို့အတွက် ခန်းမတို့ ဘာတို့ ကျနော်တို့ လိုက်ငှား ပါသေးတယ်၊ ကျနော်တို့ ရန်ကုန်မှာပဲ လုပ်မှာပါ၊ အစဉ်အလာကတော့ နယ်မှာ ပဲလုပ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ကတော့ အခြေအနေအရ ရန်ကုန်မှာပဲလုပ်ဖို့ ခန်းမတွေ ဘာတွေ ငှားတယ်ဗျာ၊ ဒါပေမယ့် နားလည်မှုလွဲမှားစွာနဲ့ ကျနော်တို့ကို မငှားကြဘူးပေါ့ဗျာ။ အဲဒါနဲ့ ကျနော်ကလည်း ကျနော့်အိမ်က ကြည့်မြင်တိုင်မှာ ရှိပါတယ်။ ခပ်သေးသေးပါပဲ၊ အဲဒီမှာပဲ ကျနော်လုပ်ဖို့ ကျနော် ဆုံးဖြတ်လိုက်ပါ တယ်။”

ဒီမတိုင်ခင်ကလည်း အာဏာပိုင်တွေက ဦးမြင့်အေးနဲ့ (HRDP) အဖွဲ့ဝင်တွေက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ဒီအခမ်းအနားနဲ့ ပတ်သက်ပြီး ခေါ်ယူ မေးမြန်းမှုတွေ တောင် ရှိခဲ့တယ်လို့လည်း ဦးမြင့်အေးက ဆိုပါတယ်။

“ပြီးခဲ့တဲ့ ၂၇ ရက်နေ့တုန်းကတော့ ကျနော်တို့ ကြည့်မြင်တိုင်က အာဏာပိုင် အဖွဲ့အစည်းကပေါ့ဗျာ။ မယက ကပေါ့ဗျာ။ အဲဒီကခေါ်ပြီးတော့ ကျနော့်ကို ဆွေးနွေးပါတယ်၊ ၂၇ ရက်နေ့အခမ်းအနားကို တိုင်းပြည် တည်ငြိမ် အေးချမ်း နေပါတယ်။ အဲဒီအတွက် ခင်ဗျား ဒီဟာတွေကို တိုင်းပြည်တည်ငြိမ် အေးချမ်း ဖို့အတွက်လည်း ခင်ဗျားမှာလည်း တာဝန်ရှိပါတယ်။ ဒါကြောင့်မိုလို့ ဒီ အခမ်းအနားကို မဆောင်ရွက်ပါနဲ့။ သူ့ဘက်ကလည်း နားလည်မှုလွဲတာပေါ့ဗျာ၊ လူူ့အခွင့်အရေးနေ့ အခမ်းအနားလုပ်ဖို့ကိစ္စက တိုင်းပြည်ဆူပူအောင်လုပ်တဲ့ ကိစ္စနဲ့ မသက်ဆိုင်ဘူးခင်ဗျ၊ သက်ဆိုင်ခြင်းသက်ဆိုင်ရင် တိုင်းပြည်တည်ငြိမ် အေးချမ်းအောင်လုပ်လို့ အဲဒီလူ့အခွင့်အရေးများများ ကျင်းပပေးရမယ်လို့ ကျနော်က ပြန် ဆွေးနွေးတယ်ပေါ့ဗျာ။ ကျနော်တို့ ပြေပြေလည်လည်ပါပဲ။ သူတို့ဘက်ကလည်း သူကလည်း သူလိုချင်တာကို သူ ပြောပြတယ်ပေါ့ဗျာ၊ ကျနော်ကလည်း အဲဒီဟာကို ဒါတွေကို ရှင်းပြတယ်ပေါ့ဗျာ။ ကျနော်ကတော့ ဒါတွေ အားလုံး လုပ်ရမယ်။ ဒီကိစ္စက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဆိုတာ အားလုံးနဲ့ဆိုင်တယ်။”

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေတွေနဲ့ ပတ်သက်ရင် မကြာသေးခင်က သံဃာတော်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကို အာဏာပိုင် တွေဖက်က သွေးထွက်သံယိုနှိမ်နင်းခဲ့တာတွေဟာ နိုင်ငံတကာက အထင်အရှား တွေ့မြင်ခဲ့ရတာပါ။ ဒါပေမယ့် တကယ်တမ်း လူ့အခွင့်အရေးအကြောင်း ပြောမယ်ဆိုရင် အခုလို မြို့ပေါ်ဒေသတွေမှာတင်မက နယ်စပ်ဒေသ တိုင်းရင်းသားနယ်မြေတွေမှာပါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲလို့ ဦးအောင်မျိုးမင်းကဆိုပါသေးတယ်။

“တိုင်းရင်းသားဒေသတွေမှာဖြစ်နေတဲ့အကြောင်းအရာတွေကလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျနော်တို့ အများကြီး ရှိနေပါတယ်၊ အခု မကြာမီမှာပဲ လာမယ့် ပွင့်လင်းရာသီမှာ ထိုးစစ်ဆင်ဖို့အတွက် နအဖ က ပြင်ဆင်တာတွေရှိတယ်၊ အဲဒီ ထိုးစစ်ဆင်တာနဲ့အတူ ဒီ ကရင်တွေ၊ ရှမ်းတွေ၊ တိုင်းရင်းသားဒေသတွေမှာ အပြစ်မဲ့တဲ့ရွာသားတွေရဲ့ရွာတွေကို ဖျက်ဆီးတာတွေ၊ နောက်တစ်ခါ တွေ့သမျှသူတွေကို ဖမ်းဆီးပေါ်တာဆွဲတာတွေ၊ နောက် ကလေးသူငယ်တွေကို စစ်တပ်ထဲမှာ စစ်သားအဖြစ် အတင်းအကျပ် စေခိုင်းတာတွေကို ကျနော်တို့ ဒါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီး ရှိနေတုန်းပါပဲ၊ အဲဒီတော့ လက်ရှိအခြေအနေ မကြာမီ ကျင်းပတော့မယ့် လူ့အခွင့်အရေးနေ့မှာ ကျနော် ပြောရမယ်ဆိုလို့ရှိရင်တော့ တခြားနိုင်ငံက လူ့အခွင့်အရေးနေ့ကို အနှစ်သာရ ရှိရှိနဲ့ ပျော်ပျော်ရွှင်ရွှင် ကျင်းပနေတဲ့အချိန်မှာ မြန်မာနိုင်ငံကပြည်သူတွေကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဒီ မြို့ရော ကျေးလက်ဒေသတွေမှာရော ခံနေရတုန်းပဲဖြစ်တယ်၊ အဲဒီဟာတွေကို တွန်းလှန်သွားဖို့ ဒါတွေ ရပ်တန့်ဖို့ အတွက် အားလုံးလုပ်ဆောင်ဖို့ တာဝန်ရှိတဲ့အကြောင်းတော့ ကျနော် ပြောချင်ပါ တယ်။”

ပြည်ပအခြေစိုက် လူ့အခွင့်အရေးပညာပေးရေးဌာန (မြန်မာနိုင်ငံ) အဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၀ ရက် တနင်္လာနေ့မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဆွေးနွေးပွဲတွေမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကိုလည်း ပြောဆိုဖို့ရှိနေပါတယ်။ ဒီလိုဆွေးနွေးရာမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပေါ်လို ဆာဂျီယို ပင်ညဲရိုးလည်း မကြာသေးခင်ကသူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်လို့ ရှင်းလင်းပြောဆိုဖို့ ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG