သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံပဋိညာဉ်လက်မှတ်ထိုးရာတွင် ဒေါ်စုလွတ်မြောက်ရေးကို အဓိကထားစဉ်းစားမည်ဟု ဖိလစ်ပိုင်သမတ ပြော


အာဆီယံပဋိညာဉ်စာတမ်းကို လက်မှတ်ရေးထိုးဖို့ ဖိလစ်ပိုင်က ဆုံးဖြတ်ရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ရေးကို အဓိကထား စဉ်းစားမယ်လို့ ဖိလစ်ပိုင် သမတ ဂလိုရီယာ အာရိုယိုက ပြောထားပါတယ်။ ဖိလစ်ပိုင်သမတရဲ့ အပြောအပေါ် တုံ့ပြန် သုံးသပ်ချက်တွေကို ဦးကျော်ဇော်ညွှန့်က အစီရင်ခံ ထားပါတယ်။

အာဆီယံပဋိညာဉ်သစ်ကိုလက်မှတ်ရေးထိုးဖို စဉ်းစားဆုံးဖြတ်ရာမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ် ပေးဖို့ဆိုတာကို အဓိက ကိစ္စရပ်အနေနဲ့ထားပြီး ဦးစားပေး ဆုံးဖြတ်မယ်ဆိုတဲ့ ဖိလစ်ပိုင်သမတ ဂလိုရီယာ အာရိုယိုရဲ့ ပြောကြားချက်အပေါ်မှာ အာဆီယံနိုင်ငံတွေရဲ့ လွှတ်တော် အမတ်များအဖွဲ့က အုပ်ချုပ်မှုဒါရိုက်တာ ရိုရှန်ဂျေဆင်ရဲ့သဘောထားအမြင်ကို မေးမြန်းကြည့်ရာမှာ -

“ဒီဆုံးဖြတ်ချက်ဟာ အင်မတန်မှထူးခြားတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဒေသတွင်းက တခြားနိုင်ငံတွေ အနေနဲ့လည်း ဒီဆုံးဖြတ်ချက်ကို ထောက်ခံပြီး နမူနာ ယူသင့်ပါတယ်။ သမတ အာရိုယို ဟာ သူ့ရဲ့ ပြည်တွင်းပြဿနာတွေ မြောက်များစွာရှိတဲ့ကြားထဲကပဲ အခုလို ဖိလစ်ပိုင်နိုင်ငံက မြန်မာနိုင်ငံအပေါ် ပိုမို ပြင်းထန်တဲ့ရပ်တည်ချက်ကို ဖေါ်ထုတ်လိုက်တဲ့အတွက် ဒါကို ကျနော်တို့ ချီးကျူးလိုက်ပါတယ်။ တခြားနိုင်ငံတွေကခေါင်းဆောင်တွေကလည်း အဲဒါကို အတုယူသင့်ပါတယ်၊”

ဒါ့အပြင် မစ္စတာရိုရှန်ဂျေဆင် က ဆက်လက်ပြီး-

“အခုလို စံနှုန်းတွေကို သတ်မှတ်လိုက်တာဟာ ကောင်းမွန်ပါတယ်။ သူတို့နိုင်ငံတွေအတွက်လည်း စံနှုန်းတွေကို ချမှတ်ထားပြီးဖြစ်ပါတယ်။ မစ္စ အာရိုယိုဟာ သူ့နိုင်ငံအတွက်လည်း စံနှုန်းကို တခါတည်း ချမှတ်ပြီးဖြစ်ပါ တယ်လို့ ကျနော်ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ဆိုတဲ့ ကိစ္စကို ရှုပြီးတခြားဒေသတွင်းနိုင်ငံတွေကလည်း သူတို့ရဲ့နိုင်ငံတွေမှာ အုပ်ချုပ်ရာမှာ ပိုမို ကောင်းမွန်စွာ အုပ်ချုပ်လာနိုင်မယ်လို့ ကျနော်မြင်ပါတယ်၊ သူတို့ရဲ့အကျဉ်းသားတွေကို ပြန်လည် လွှတ်ပေးနိုင်ပါတယ်။ ပဋိညာဉ်ရဲ့ အဓိပ္ပါယ်၊ ပဋိညာဉ်ရဲ့ လေးနက်မှုနဲ့ သက်ရောက်မှုတွေကိုလည်း မြင်တွေ့လာမှာ ဖြစ်ပါတယ်။”

ဒီဆုံးဖြတ်ချက်ရဲ့အကျိုးသက်ရောက်မှုက ဘယ်အတိုင်းအတာအထိ ရှိနိုင်မှာလဲလို့ မေးတဲ့အခါမှာ တော့ မစ္စတာ ဂျေဆင်က -

“ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံတင်မဟုတ်ဘဲ ဒေသတစ်ခုလုံးအတွက် အကျိုးရှိတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယား နိုင်ငံတွေဟာလည်း သူတို့ရဲ့ နိုင်ငံတွေမှာ ရှိနေတဲ့ပြဿနာကိုဖြေရှင်းရာမှာ မြန်မာနိုင်ငံအရေးနဲ့ယှဉ်ပြီးတော့ တွေးမြင်ဖြေရှင်းနိုင်ပါတယ်။”

ဒီပဋိညာဉ်ကိစ္စကိုပဲ မလေးရှားနိုင်ငံက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ထရီဆာ ကော့တ် ရဲ့သဘောထားကတော့ -

“ဒါဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်တယ်လို့ ကျမ မထင်မြင်မိပါဘူး။”

ဒါဖြစ်ရင် ဘာကြောင့် အခုလိုပြောနိုင်တာလဲလို့မေးမြန်းရာမှာ သူမက -

“ဒီကိစ္စဟာ သီးခြားကိစ္စနှစ်ခုဖြစ်တယ်လို့ ကျမထင်လို့ပါပဲ၊ အာဆီယံ ပဋိညာဉ်ဟာ တစ်နှစ်အတွင်းမှာ အဖွဲ့ဝင်နိုင်ငံ အားလုံးက လက်မှတ် ရေးထိုးအတည်ပြု ပေးရမယ့် ပဋိညာဉ်ဖြစ်တဲ့အတွက်ပါပဲ။ ဖိလစ်ပိုင်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မပေးရင် လက်မှတ်မထိုးဘူးဆိုတဲ့ သတ်မှတ်ချက် တစ်ရပ်ကို ပြဌါန်းထားမယ်ဆိုရင် မြန်မာနိုင်ငံဖက်ကလည်း အဲဒီပဋိညာဉ်ကို လက်မှတ် ရေးထိုးတော့မှာမဟုတ်ဘူးလို့ ကျမထင်ပါတယ်၊ အဲဒီလိုဆိုရင် ပြဿနာတွေ တက်လာနိုင်ပါတယ်။ နောက်ဆုံးကျရင် အာဆီယံ ပဋိညာဉ်ကို ဘယ်နိုင်ငံကမှတောင် လက်မှတ်ထိုးတော့မှာ မဟုတ်ဘူးလို့တောင် ကျမ ရှုမြင်သုံးသပ်မိပါတယ်။”

XS
SM
MD
LG