သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရကြေညာသည့် ၁၀ ဦးထက်မက သေဆုံးသူများစွာရှိကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အစီရင်ခံစာထုတ်ပြန်


နယူးယောက်ခ် အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်အစိုးရက စနစ်တကျ ဖြိုခွင်းခဲ့ပြီး စစ်အစိုးရ ကြေညာခဲ့သလို ၁၀ ဦးပဲ သေဆုံးတာမဟုတ်ဘဲ ရန်ကုန်တမြို့တည်းမှာတင် လူ ၂၀ လောက် သေဆုံးခဲ့တယ်လို့ အစီရင်ခံစာတစ်စောင် ဒီဇင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

နယူးယောက်ခ် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က Crackdown Repression of the 2007 Popular Protest in Burma လို့ နံမည်ပေးထားတဲ့ စာမျက်နှာ ၁၄၀ ပါ အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာပါ။ မြန်မာနိုင်ငံထဲမှာ ဖြစ်ပွားခဲ့တဲ့ သံဃာတော်တွေ ဦးဆောင်တဲ့ လူထု ဆန္ဒပြပွဲတွေအတွင်း ကိုယ်တိုင် ကြုံတွေ့ရသူတွေနဲ့ မျက်မြင်သက်သေ ၁၀၀ ကျော်ကို လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ကြီးက တွေ့ဆုံ မေးမြန်းပြီး ခိုင်လုံတဲ့အချက်တွေကို ရွေးပြီး မှတ်တမ်းတင်ခဲ့ပါတယ်လို့ Human Rights Watch အဖွဲ့ရဲ့ ဝါရှင်တန်ရုံး အကြီးအကဲ မစ္စတာ ဇရီဖီ (Mr. Zarifi) က ပြောပါတယ်။

“ရန်ကုန်တစ်နေရာတည်းမှာတင် သေဆုံးခဲ့ရသူပေါင်းဟာ ၂၀ ကျော်နေတာမို့လို့ ကျနော်တို့ မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။ ဒါဟာ မေးခွန်းထပ်ထုတ်စရာ မလိုပါဘူး။ ဒါ့အပြင် တကယ့် ကျည်ဆံအစစ်တွေနဲ့ ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တယ် ဆိုတဲ့ မှတ်တမ်းတွေကြောင့် နောက်ဆက်ပြီးတော့ သေဆုံးမှုတွေလည်း ရှိနိုင်ပါသေးတယ်။ ဒါကြောင့်မိုလို့ စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ၁၀ ဦးပဲ သေဆုံးတယ်ဆိုပြီးတော့ ဝန်ခံထားတဲ့ စီရင်ခံချက်ထက် အများကြီး ပိုပြီးတော့ သေဆုံးနိုင်တယ်လို့ ကျနော်တို့ ခိုင်ခိုင်မာမာကို ယုံကြည်ပါတယ်။”

ရန်ကုန်မှာ စစ်တပ်က တပ်ရင်း လေးရင်းချထားပြီး ရန်ကုန်တိုင်း တပ်မမှူး ကိုယ်တိုင်နဲ့ ခြေမြန်တပ်ရင်း (၁၁)၊ (၆၆) နဲ့ (၇၇) တို့က လူထုကို အဓိကထား ဖြိုခွင်းခဲ့တယ်လို့ မှတ်တမ်းတင်ထားကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် ရဲချုပ် ဗိုလ်ချုပ် ခင်ရီ ကိုယ်တိုင် စက်တင်ဘာ ၂၆ ရက်က ရွှေတိဂုံဘုရားမှာ သံဃာတွေနဲ့ ဆန္ဒပြသူတွေကို ရိုက်နှက်ဖမ်းဆီး သတ်ဖြတ်တာတွေအတွက် ညွှန်ကြားခဲ့တယ်ဆိုတဲ့သတင်းတွေ ရထားတယ်လို့လည်း ဆိုပါတယ်။

“ ကျနော်တို့ဆီမှာ ရထားတဲ့ အထောက်အထားတွေအရ စစ်တပ်နဲ့ ရဲတွေ သုံးပြီးတော့ စနစ်တကျ ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဖြိုခွင်းရာမှာ ကြံခိုင်ဖွံ့ဖြိုးရေးနဲ့ စွမ်းအားရှင်လိုမျိုး အစိုးရရဲ့ အရပ်ဖက်အဖွဲ့တွေကိုပါ သုံးပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ခဲ့တာမိုလို့ တကယ်တမ်း ဖြစ်ခဲ့တာတွေအတွက် သီးခြားလွတ်လပ်တဲ့ စုံးစမ်းစစ်ဆေးမှုတွေ လုပ်ပေးဖို့ တောင်းဆိုပါတယ်။”

ဒါ့အပြင် အခုထက်ထိ ဆက်လက်ဖမ်းဆီးနှိပ်စက်မှုတွေ၊ ဖိနှိပ်မှုတွေ တွေ့နေရတယ်လို့လည်း ပြောပါတယ်။ သီးခြားလွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေလုပ်ပေးဖို့နဲ့ ကုလသမဂ္ဂကနေ စီးပွါးရေးအရ အရေးယူတာတွေ လက်နက်တင်ပို့ ရောင်းဝယ်ခွင့် ပိတ်ပင်တာတွေ ချမှတ်ပေးဖို့လည်း အစီရင်ခံစာထဲမှာ တောင်းဆိုထားပါတယ်။ ဒါ့အပြင် နိုင်ငံတကာကလည်း အခုထက်ပိုပြီး ဖိဖိစီးစီး အရေးယူပေးဖို့ လိုအပ်ကြောင်းတိုက်တွန်းလိုက်ပါတယ်။

“မြန်မာစစ်အစိုးရကို နိုင်ငံတကာက ဝိုင်းပြီး ဖိအားတွေပေးကြဖို့ လိုနေပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတာတွေဟာ အရှေ့တောင်အာရှတခွင်လုံးကို မတည်မငြိမ် ဖြစ်စေတယ်ဆိုတာငြင်းလို့မရပါဘူး။ မြန်မာနိုင်ငံထဲက ဒုက္ခသည်တွေ ထွက်ပြေးလာနေတာ၊ မူးယစ်ဆေးဝါးတွေ စိမ့်ဝင်နေတာ ထင်ရှားပါတယ်။ ဒါ့ကြောင့် လူ့အခွင့်အရေးမြှင့်တင်ဖို့ ကြိုးစားနေတဲ့ အရှေ့တောင်အာရှ အာဆီယံအဖွဲ့ကြီးရဲ့ ကြိုးပမ်းချက်တွေ ပဋိဉာဉ်စာတမ်း ချုပ်ဆိုမှုတွေဟာ မြန်မာနိုင်ငံလို နိုင်ငံတစ်နိုင်ငံ ပါနေတာကြောင့် ဒီစာတမ်းမှာပါ အဓိပ္ပါယ်မဲ့သွားပါတယ်။”

အိမ်နီးချင်း တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးထွန်းကားဖို့ အထူး ကြိုးပမ်းပေးစေလိုကြောင်းလည်း မစ္စတာ ဇရီဖီ က ပြောပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ တခြား အာဆီယံနိုင်ငံတွေကလည်း သူတို့နိုင်ငံတွေထဲ မြန်မာနိုင်ငံက ဒုက္ခသည်တွေ ဝင်ရောက်နေတဲ့ဒါဏ်ကို လက်တွေ့ ခံံစား နေရတာမို့ မြန်မာနိုင်ငံအရေး ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်ပေးကြဖို့လည်း အစီရင်ခံစာထဲမှာ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG